အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှုတိုက်ဖျက်ရေးဆိုင်ရာ ကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကျင်းပ

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ ဧပြီလ (၁၈) ရက်နေ့

     အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှုတိုက်ဖျက်ရေးဆိုင်ရာကော်မတီ National Multi-sectoral Steering Committee for combating Antimicrobial Resistance (AMR) ၏ ပထမအကြိမ် အစည်းအ‌ဝေးကို ဧပြီလ (၁၈)ရက်နေ့ နံနက်(၉)နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှုတိုက်ဖျက်ရေးဆိုင်ရာ ကော်မတီ ဥက္ကဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး တက်ရောက်အမှာစကားပြောကြားပါသည်။


 

     ပြည်ထောင်စုဝန်ကြီးက ယနေ့ကျင်းပပြုလုပ်သော ပဋိဇီဝဆေးယဉ်ပါးမှုတိုက်ဖျက်ရေးဆိုင်ရာကော်မတီ အစည်းအဝေးသည် နိုင်ငံနှင့် ပြည်သူလူထုအတွက် အလွန်အရေးကြီးကြောင်း၊ ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးကို ယခုအချိန်တွင် စနစ်တကျထိရောက်စွာမဆောင်ရွက်ပါက နောင်တစ်ချိန်တွင် ထိန်းချုပ်ကိုင်တွယ် ဆောင်ရွက်နိုင်တော့မည်မဟုတ်ပဲ ပဋိဇီဝဆေးဝါးများ မပေါ်ပေါက်ခင်ကာလကဲ့သို့ ပြန်ဖြစ်သွားနိုင်ပြီး သာမာန်ရောဂါများသည် မကုသနိုင်သောရောဂါများအဖြစ် ပြောင်းလဲသွားနိုင်ကြောင်း၊ ပဋိဇီဝဆေးယဉ်ပါးမှု (AMR-Antimicrobial resistance) ပြဿနာသည် ကမ္ဘာ့အတွက်သာမက မြန်မာနိုင်ငံအတွက်လည်း အကြီးမားဆုံးသော ကျန်းမာရေးဆိုင်ရာ အန္တရာယ်တစ်ခုဖြစ်ကြောင်း၊ ပဋိဇီဝဆေးယဉ်ပါးမှုပြဿနာသည် အသက်အရွယ်၊ ကျား/မ မရွေး မည်သည့်ဒေသတွင် နေထိုင်သည်ဖြစ်စေ လူတိုင်းကြုံတွေ့ရနိုင်ပြီး ယခုကော်မတီတွင်ပါဝင်သော ဝန်ကြီးဌာန၊ အဖွဲ့အစည်းအသီးသီးမှ ကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်း၍ဆောင်ရွက်ပေးစေလိုကြောင်း၊


 

     ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တစ်ကမ္ဘာလုံးဆိုင်ရာ ပဋိဇီဝဆေးတိုက်ဖျက်ရေးဆိုင်ရာစီမံကိန်း (Global Action Plan-AMR) ကိုရေးဆွဲထားပြီး မြန်မာနိုင်ငံအနေဖြင့်လည်း အမျိုးသားအဆင့် ပဋိဇီဝ ဆေးတိုက်ဖျက်ရေးဆိုင်ရာစီမံကိန်း (National Action Plan-AMR) ကို ရေးဆွဲထားပြီးဖြစ်ကြောင်း၊ ထို့အပြင် အရှေ့တောင်အာရှဒေသဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၁၆ ခုနှစ်ကထုတ်ဝေခဲ့သော ပဋိဇီဝ ဆေးယဉ်ပါးမှုနှင့်စပ်လျဉ်းသော အခြေအနေအရပ်ရပ် ဆန်းစစ်မှု (Situation Analysis on AMR in SEAR-2016) အစီရင်ခံစာနှင့် ကမ္ဘာ့ကျန်းမာရေးညီလာခံ၏ ဆုံးဖြတ်ချက်များ (WHA Resolution) ကို လည်း သေချာစွာလေ့လာ၍ မိမိနိုင်ငံအခြေအနေနှင့် သင့်လျော်ကိုက်ညီသော အချက်များအားလိုက်နာကျင့်သုံးသင့်ကြောင်း၊


 

     ယခုကော်မတီသည် အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှုတိုက်ဖျက်ရေးဆိုင်ရာစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဦးဆောင်လမ်းညွှန်မှုပေး၍ ဦးစားပေးအစီအစဉ်များ ချမှတ်ပေးရမည် ဖြစ်ကြောင်း၊ မိမိနိုင်ငံအခြေအနေနှင့်ကိုက်ညီသော မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များကိုရွေးချယ် ဆောင်ရွက်ရန်လိုအပ်၍ အရေးကြီးကြောင်း၊

     ယခုကော်မတီအနေဖြင့် အမျိုးသားအဆင့်ပဋိဇီဝဆေးယဉ်ပါးမှုတိုက်ဖျက်ရေးဆိုင်ရာ ညှိနှိုင်းရေးဌာန၊ (National Coordination Centre) နှင့် နည်းပညာရပ်ဆိုင်ရာလုပ်ငန်းအဖွဲ့ (Technical working group) (၅) ဖွဲ့တို့ကို ဦးဆောင်၍အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊


 

     ပဋိဇီဝဆေးယဉ်ပါးမှုတိုက်ဖျက်ရေးအတွက် ကုသရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန စသည့် ဝန်ကြီးဌာနအသီးသီးနှင့် ဦးစီးဌာနများ၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့၊ ပုဂ္ဂလိကဆေးရုံများအသင်းအစရှိသည့် အသင်း အဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဆေးတက္ကသိုလ်များနှင့် သူနာပြုသင်တန်းကျောင်းများတွင်လည်း ပဋိဇီဝဆေးယဉ်ပါးမှု (Antimicrobial resistance) ဆိုင်ရာ သင်ခန်းစာများကို သင်ကြားပေးရန်လိုအပ်ကြောင်း၊ ပဋိဇီဝဆေးယဉ်ပါးမှုတိုက်ဖျက်ရေးအတွက် ကော်မတီဝင်များအနေဖြင့် တက်ကြွစွာ ဝိုင်းဝန်း ပူးပေါင်းကူညီ အကောင်အထည်ဖော်ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားပါသည်။


 

     ဆက်လက်၍ အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှုတိုက်ဖျက်ရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) ပါမောက္ခ ဒေါက်တာဌေးဌေးတင်က အမျိုးသားအဆင့် ပဋိဇီဝ ဆေးယဉ်ပါးမှုတိုက်ဖျက်ရေးဆိုင်ရာစီမံကိန်း (National Action Plan for AMR ) နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများမှ ဝိုင်းဝန်းအကြံပြုတင်ပြဆွေးနွေးကြပါသည်။

     အဆိုပါအစည်းအဝေးသို့ ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌ ဒေါက်တာ စံရွှေဝင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနေကိုယ်စားလှယ် Dr. Stephan Paul Jost ၊ မြန်မာနိုင်ငံဆရာဝန်အသင်းဥက္ကဋ္ဌဒေါက်တာရဲမြ၊ မြန်မာနိုင်ငံဆေးပညာရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာနေဝင်း၊ ဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာအေးမောင်ဟန်နှင့် အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှုတိုက်ဖျက်ရေးဆိုင်ရာကော်မတီဝင်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ (၇၀)ဦး ခန့် တက်ရောက်ခဲ့ပါသည်။

 
 

More Tags