အမျိုးသားအဆင့် ခုခံကျ/ကာလသားရောဂါတားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးစီမံချက် နှစ်ပတ်လည် လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲကျင်းပ

                   ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အမျိုးသားအဆင့် ခုခံကျ/ကာလသားရောဂါ တားဆီးကာကွယ်ရေးနှင့်တိုက်ဖျက်ရေးစီမံချက် နှစ်ပတ်လည် လုပ်ငန်းဆန်းစစ် ဆွေးနွေးပွဲ (Annual Review Meeting of National AIDS Programme -2016 ) ကို ဇွန်လ (၂၁)ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်အမှာစကား ပြောကြားသည်။


 

         ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် HIV/AIDS ကဲ့သို့သော ကူးစက်ရောဂါများနှင့် မကူးစက်တတ်သောရောဂါများကို ကာကွယ်နှိမ်နင်းရာတွင် အခြေခံကျန်းမာရေးဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ အခြေခံကျန်းမာရေးဝန်ထမ်းများ၏ စွမ်းဆောင်မှုဖြင့် ပြည်သူလူထု၏ကျန်းမာရေးအသိပညာမြင့်မားလာပါက HIV/ AIDS ရောဂါဖြစ်ပွားမှုအပါအဝင် အခြားသောရောဂါများဖြစ်ပွားမှုများ လျော့နည်းကျဆင်းလာမည်ဖြစ်ပါကြောင်း၊ ဆေးရုံတက်ရောက်ကုသမှုခံယူသူ လူနာဦးရေလည်း ကျဆင်းလာမည်ဖြစ်ပြီး အရည်အသွေးပြည့်ဝသော ကျန်းမာရေး စောင့်ရှောက်မှုများ ပိုမိုရရှိနိုင်မည်ဖြစ်ပါကြောင်း၊ HIV/AIDS ရောဂါကာကွယ်နှိမ်နင်းရာတွင် နည်းပညာပိုင်းဆိုင်ရာမှ လမ်းညွှန်ပံ့ပိုးပေးနိုင်သည့် HIV/AIDS စီမံချက်မှ အဖွဲ့ခေါင်းဆောင်ဆရာဝန်များ၊ တိုင်းဒေသကြီး/ပြည်နယ် ဆရာဝန်ကြီးများ၏အခန်းကဏ္ဍသည်လည်း လွန်စွာအရေးပါသည်ဖြစ်ပါကြောင်း၊ ထို့အတူ ပြည်နယ်/တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့် ကုသရေးဦးစီးဌာနမှူး များ၏ လမ်းညွှန်ပံ့ပိုးပေးမှုများသည် အောင်မြင်မှုရရှိရန် မရှိမဖြစ်လိုအပ်သည့်အချက်များဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် HIV/AIDS ရောဂါအသစ်ဖြစ်ပွားသူဦးရေ လျော့နည်းကျဆင်းစေရန် ဦးတည် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ HIV/AIDS ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်စေရန်အတွက် လုပ်ငန်းအဆင့်တိုင်းကို ပြန်လည်သုံးသပ်ပြင်ဆင်ခြင်း၊ ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်းများနှင့် လက်တွေ့ကျကျ ထိရောက်စွာပူးပေါင်းဆောင်ရွက်ခြင်း၊ HIV/AIDS ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းစနစ်နှင့် သတင်းအချက်အလက်များနှင့် သတင်းပို့စနစ် ပိုမိုကောင်းမွန် ထိရောက် စေရန်ဆောင်ရွက်ခြင်း၊ ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် ဝန်ထမ်းများအနေဖြင့် စွမ်းဆောင်ရည်မြင့်မားစွာ ဆောင်ရွက်နိုင်ရေးအတွက် သင့်တော်သောလုပ်ငန်းခွင်ပတ်ဝန်းကျင် ဖန်တီးပေးခြင်း၊ စီမံချက် အတွက်ရရှိသောငွေကြေးများကို အလေအလွင့်မရှိစေရန် စနစ်တကျစီမံခန့်ခွဲခြင်း စသည်တို့ကို အလေးပေးဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များကို ပံ့ပိုပေးသွားမည်ဖြစ်ပြီး HIV/AIDS စီမံချက်အနေဖြင့် အောင်မြင်မှုများဆက်လက်ရရှိစေလိုပါကြောင်း၊ HIV/AIDS ရောဂါကာကွယ်ခြင်း၊ ကုသစောင့်ရှောက်ခြင်းလုပ်ငန်းများကို လူတိုင်းလက်လှမ်းမီ စောနိုင်သမျှစောစီးစွာ ရရှိစေရန် အားလုံးအတူတကွ ဝိုင်းဝန်းကြိုးပမ်းကြပါစို့ဟု ပြောကြားခဲ့ပါသည်။


 

         ယင်းနောက်ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ခုခံအားကျဆင်းမှုကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဆောင်ရွက်ချက်ပြခန်းငယ်ကို ကြည့်ရှုအားပေးသည်။ ထို့နောက် စီမံချက်မန်နေဂျာ/ဒုတိယညွှန်ကြားရေးမှူး (ခုခံကျ/ကာလသား) ဒေါက်တာထွန်းညွန့်ဦးက Overview of National AIDS Programme (2016) ကို ရှင်းလင်းတင်ပြပြီး ညွှန်ကြားရေးမှူး(ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်က ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဖွဲ့စည်းပုံအသစ်ပြင်ဆင်ရေးဆွဲရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။


 

           အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးများ၊ ကုသရေးဦးစီးဌာနမှူးများ၊ ပါမောက္ခချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ ပါမောက္ခ/ဌာနမှူးများ၊ နှီးနွယ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ UN လက်အောက်ခံအဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပ အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ လက်ထောက်ညွှန်ကြားရေးမှူး (ခုခံကျ/ကာလသား)များနှင့် အဖွဲ့ခေါင်းဆောင် (ခုခံကျ/ကာလသား)များ တက်ရောက်ကြပြီး အစည်းအဝေးကို ဇွန်(၂၁)ရက်မှ (၂၂)ရက်အထိ နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်သည်။

More Tags