19 Dec 16CMSAdmin

အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံသို့ သွားရောက်၍ ၀န်ထမ်းများနှင့် တွေ့ဆုံ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဇူလိုင်လ (၁၇)ရက်နေ့    နံနက်(၉းဝဝ)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံသို့ သွားရောက်၍ ၀န်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။

ထို့နောက် အစည်းအဝေးခန်းမတွင် အမျိုးသားပြန်လည်သန်စွမ်းရေး ဆေးရုံအုပ်ကြီး ဒေါက်တာနွယ်နွယ်သိန်းမှ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော ၀န်ထမ်းများတာဝန်ထမ်းဆောင်ခြင်း အခြေအနေကို တင်ပြ၍ ပြည်သူ့အတွက် ရက်(၁၀၀) စီမံချက်ကာလအတွင်း ဆေးရုံ၌ဆောင်ရွက်ခဲ့သော စက်ရေတွင်းနှစ်တွင်းတူးဖော်ပေးနိုင်ခဲ့ပြီး ရေကန်များ ဆောက်လုပ်၍ ဆေးရုံတက်နေသူများ အသုံးပြုရန်ဆောင်ရွက်ခြင်း၊ ကိုယ်အင်္ဂါချို့ယွင်းနေသော လူနာများအတွက် လိုအပ်နေသော ခြေဖဝါးအတုများကို ဆေးရုံတွင်ထုတ်လုပ်ပြီး မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ လားရှိုးဆေးရုံ၊ မြစ်ကြီးနားဆေးရုံတို့ကို ပေးပို့နိုင်ခဲ့မှုနှင့် တိုးချဲ့လူနာဆောင် တည်ဆောက်ပြီးစီးမှုတို့ကို ရှင်းလင်းတင်ပြသည်။

ပြည်ထောင်စုဝန်ကြီးမှပြောကြားရာတွင် မသန်စွမ်းသူများ၏ အခက်အခဲကိုအစဉ်ပြေစေရန် အထောက် အပံ့ပေးနေသော အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံသည် ကျန်းမာရေးကဏ္ဍအတွက် အရေးကြီးသော ဆေးရုံ ဖြစ်သောကြောင့် ဆေးရုံအုပ်ကြီးမှစ၍ သန့်ရှင်းရေးဝန်ထမ်းအထိ သူ့နေရာနှင့်သူအဓိကကျပြီး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြခြင်းဖြင့် ဆေးရုံ၏ဂုဏ်ကို မြှင်တင်ပေးရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် ရောက်ရှိလာသူများအား စမ်းသပ်စစ်ဆေးမှုနှင့်ဆေးကုသမှုလုပ်ငန်းများကို အချိန်တိုအတွင်းရရှိနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများသို့ လမ်းညွှန်ပေးရန်၊ ဆေးရုံတွင် နံရံကပ်ဘုတ်များထားရှိကာ ဆေးရုံတက်လူနာများအတွက် အသိပေးစာများကပ်ရန်နှင့် ၀န်ထမ်းများသိရှိရန် နှိုးဆော်ချက် များကပ်ရန်၊ နံရံကပ်ဘုတ်များထားရှိရန် ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော အထူးကုဆရာဝန်များ၊ အခြေခံကျန်းမာရေးဝန်ထမ်းများမှ သိလိုသည်များကို တင်ပြရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ဒေါက်တာသက်ခိုင်ဝင်းမှဆေးရုံတွင် လစ်လပ်လျှက် ရှိသော ၀န်ထမ်းများခန့်ထားပေးနိုင်မှု အခြေအနေကို ပြောကြားပြီးနောက် ကုသရေးဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်ဟန်မှ လူနာများအား ပြုစုစောင့်ရှောက်ရန်လုပ်ငန်းများအတွက် လိုအပ်သည့် ဆေးပစ္စည်းကိရိယာများ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မှုကို ပြောကြားခဲ့သည်။

ထိုနောက် ပြည်ထောင်စုဝန်ကြီးသည်အမျိုးသားလူနာဆောင်၊ အမျိုးသမီးလူနာဆောင် တွင်တက်ရောက် ဆေးကုသမှု ခံယူနေသူများကို အားပေးစကားပြောကြားခဲ့ပြီး Occupational Therapy Unit (လူကြီး)၊ သွားနှင့်ခံတွင်းအထူးကုခန်း၊ အကြော အဆစ်လေ့ကျင့်ကုသဆောင်၊ Occupational Therapy Unit (ကလေး)၊ ဓါတ်အားဖြင့် ကုသဆောင်နှင့် ခြေတုလက်တုနှင့်အားပြုကရိယာ အလုပ်ရုံတို့ကို လှည့်လည်ကြည့်ရှုခဲ့သည်။ 
  
ဆက်လက်ထွက်ခွာလာရာ နေလည်ပိုင်းတွင် မြို့မကျောင်းလမ်းရှိ ပြည်သူ့ကျန်းမာရေးတက္ကသိုလ််သို့ရောက်ရှိပြီး ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု အကြံပေးအဖွဲ့နှင့်တွေ့ဆုံကာ အမျိုးသားကျန်းမာရေးစီမံကိန်းများ ရေးဆွဲအကောင် အထည်ဖော်ရေး ပြည်သူ့ကျန်းမာရေး သင်ရိုးညွှန်းတမ်းများပြန်လည်ဆန်းစစ်ရေး၊ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဌာနအသီးသီးမှပြုလုပ်ထားသည့် အစည်းအဝေး/အလုပ်ရုံဆွေးနွေးပွဲ အကြံပြုချက်များပြန်လည်သုံးသပ်ပြီး ဆောင်ရွက် ရမည့်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရေးဆိုင်ရာကိစ္စများကို တက်ရောက်လာသူများနှင့်အတူ ညှိနှိုုင်း ဆွေးနွေးခဲ့သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး သည် လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ၊ ကုတင် (၅၀၀)ဆ့ံ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်၍ အစည်းအဝေးခန်းမတွင် ဆေးရုံကြီးရှိ အထူးကုဆရာဝန်များ၊ ပါမောက္ခ ဌာနမှူးများ၊ သူနာပြုများနှင့် တွေ့ဆုံအမှာစကား ပြောကြားရာတွင် မိမိတို့နိုင်ငံမှ ဆရာဝန်များသည် ကမ္ဘာ့ဆေးလောကမှ ဆရာဝန်များနှင့်တန်းတူ အရည်အချင်းမှီလာအောင် ကြိုးစားကြပြီး၊ ပြည်သူများ၏ကျန်းမာရေးကို စောင့်ရှောက်ကြစေ လိုကြောင်း၊ ပြည်ပမှပညာရှင်များနှင့် လက်တွဲ၍ အသည်းရောဂါကုသမှုအစီအစဉ်များကို ကြားသိရ၍ ကျေနပ်မှုရှိပါကြောင်း၊ ဆေးကုသမှုဘာသာရပ်အလိုက် ဌာနများတွင် လိုအပ်သည့် ပစ္စည်းကိရိယာများကို ဖြည့်ဆည်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အထူးကုဆရာဝန်ကြီးများ တင်ပြချက်များကို တက်ရောက်လာသော တာဝန်ရှိ ပုဂ္ဂိုလ်များမှအကြံပြုဆွေးနွေးခဲ့သည်။       ယင်းနောက် သင်္ကန်းကျွန်း စံပြဆေးရုံကြီးသို့ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် ဆေးရုံအုပ်ကြီး ဒေါက်တာညွန့်ညွန့်ဝေမှ  ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည်များနှင့် ဆေးရုံဝန်းအတွင် (၆)ထပ်ဆောင် တည်ဆောက်ပြီးစီးမှုကို တင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ ပြောကြားရာတွင်  ကျန်းမာရေး စောင့်ရှောက်မှုခံယူနေသူများအား အရည်အသွေးပြည့်ဝသော ကုသပေးရန်နှင့်ဆက်ဆံရေးပိုင်းတွင်လည်း အဆင် ပြေအောင် ဆောင်ရွက်နိုင်ပါက လူနာများ၏ ကျေနပ်ပီတိဖြစ်မှုတို့ကိုရရှိနိုင်ကြောင်း၊ မိမိတာဝန်ယူထားသော အလုပ်များကို အားလုံးကျရာကဏ္ဍမှ  တာဝန်ကျေအောင်ထမ်းဆောင်၍ ဆေးရုံကြီး၏ ဂုဏ်သတင်းကို မြှင့်တင်ရန် ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသူများ၏ တင်ပြမှုများကို ပြည်ထောင်စုဝန်ကြီးနှင့်အတူလိုက်ပါလာသော တာဝန်ရှိများမှ အကြံပြုဆွေးနွေးခဲ့ကြသည်။ ဆက်လက်ပြီးပြည်ထောင်စုဝန်ကြီးသည် ခွဲစိတ်လူနာဆောင်၊ ကျောက်ကပ်ရောဂါအထူးကု ဌာနတို့အား ကြည့်ရှုခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင်လ(၁၈)ရက်နေ့ နံနက်(၉:ဝဝ)နာရီတွင်  ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ  သူနာပြုတက္ကသိုလ် (ရန်ကုန်) သို့ သွားရောက်ရာ ပါမောက္ခချုပ် ဒေါက်တာ မြတ်သန္တာက သူနာပြုတက္ကသိုလ်၏ လက်ရှိသင်ကြားပေးလျက်ရှိသော သင်တန်းအမျိုးအစားများ၊ သင်တန်းသားအရေအတွက် နှင့်ဆရာအင်အားအခြေအနေ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် Curriculum Review နှင့်Accreditation ဆိုင်ရာကိစ္စများ ကို တင်ပြခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ ပြောကြားရာတွင် ဆေးရုံတက်ရောက်လာသော လူနာများအား ကုသပေးနေသော သူနာပြုများသည် လူနာများနှင့် အဓိကဆက်ဆံရသောကြောင့်  ကျွမ်းကျင်သောသူနာပြု အရည် အချင်းများ ကိုအသုံးပြု၍ အားကိုးရသူများဖြစ်အောင်ကြိုးစားကြရန်နှင့်သူနာပြုသင်တန်းကျောင်းများတွင်သင်ကြားပေးသောဆရာများသည်အတော်ဆုံးဖြစ်အောင်ကြိုးစား၍ တပည့်သူနာပြုကောင်းများကိုမွေးထုတ်ပေးရန်နှင့်သူနာပြုကျင့်ဝတ်များကိုလိုက်နာရန်အရေးကြီးကြောင်း၊သင်တန်းကျောင်းများတွင်စာကြည့်တိုက်အဆင့်မြှင့်တင်ပြီး သင်တန်းသား/သူများ စာကြည့်တိုက်ပိုမိုသုံးစွဲစေရန် လေ့ကျင့်တိုက်တွန်းပေးစေလိုကြောင်း၊ သုတေသနလုပ်ငန်းများကို စတင်အုတ်မြစ်ချပေးပြီး သုတေသနလုပ်ငန်းများဆောင်ရွက်သည့်အလေ့အကျင့်မွေးမြူစေလိုကြောင်း၊ တက္ကသိုလ်သည် သုတေသနဆောင်ရွက်သည့် နေရာဌာနတစ်ခုဖြစ်လာအောင် ဆောင်ရွက်စေလိုကြောင်း၊ သူနာပြုများ အရည်အချင်း တိုးတက်အောင် သူနာပြုနှင့်သားဖွားကောင်စီနှင့် မြန်မာနိုင်ငံသူနာပြုအသင်းတို့ကလည်း ဝိုင်းဝန်းဆောင်ရွက်ရန် ပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာသော ပါမောက္ခဌာနမှူးများ၊ သက်ဆိုင်ရာဌာနအသီးသီးမှ ဌာနမှူးများမှ သိလိုသည်များကိုတင်ပြကြပြီး တာဝန်ရှိသူများမှ ရှင်းလင်းပြောကြားခဲ့သည်။   

    ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် ဒဂုံမြို့နယ်၊ စကားဝါလမ်း၊ အမှတ်(၅၇)ရှိ ဗဟိုဆေးသိုလှောင်ရေးဌာနတွင် ဆေးများစနစ်တကျ သိုလှောင်ထားရှိမှုကိုကြည့်ရှုစစ်ဆေးရာ ဆေးများသိုလှောင်ဖြန့်ဖြူးရေးကို Data Based ဖြင့် Electronically စီမံဆောင်ရွက်နေမှုကို ဒုတိယညွှန်ကြားရေးမှူးမှ ရှင်းလင်းတင်ပြမှုအပေါ် ကြည့်ရှုခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ အားလုံးကြရာကဏ္ဍမှ တက်ညီလက်ညီ ဆောင်ရွက်နေသည်ကို တွေ့ရှိရသည့်အတွက် အားရကျေနပ်ပါကြောင်း၊ မိမိတို့တာဝန်ကျရာ ကဏ္ဍအလိုက် အားလုံးသည်အရေးကြီးပါကြောင်း ပြောကြားပြီး၊ လစ်လပ်ဝန်ထမ်းများ ဖြည့်ဆည်းခန့်ထားပေးရေး  မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဆေးတက္ကသိုလ်(၁)ရန်ကုန် အစည်းအဝေးခန်းမတွင်  ဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ ဆေးတက္ကသိုလ်များတွင် Integrated Medical Education Curriculum  ရေးဆွဲရေးနှင့် စမ်းသပ်သင်ကြားရေးဆိုင်ရာကိစ္စအတွက် ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဆေးပညာရပ်ဆိုင်ရာ အကြံပေးဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပြီး ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
 ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေ့လည်ပိုင်းတွင် စမ်းချောင်းမြို့နယ်၊ မြေနီကုန်းရပ်ကွက်ရှိ အမျိုးသားကျန်းမာရေးပြတိုက်သို့ သွားရောက်စစ်ဆေးပြီး လိုအပ်ချက်များကို အကြံပြုပြောကြားခဲ့သည်။ ယင်းနောက် တက္ကသိုလ်ရိပ်သာလမ်းရှိ တက္ကသိုလ်များဆေးရုံသို့ရောက်ရှိပြီး ဓါတ်ခွဲခန်း၊ အရေးပေါ်ကုသခန်း၊ အမျိုးသားလူနာဆောင်၊ အမျိုးသမီး လူနာဆောင် တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ တာဝန်ထမ်းဆောင်နေသော ဆရာဝန်များနှင့် တွေ့ဆုံခဲ့သည်။

    ထို့နောက် ဗဟန်းမြို့နယ်၊ အနောက်မြင်းပြိုင်ကွင်းလမ်းရှိ ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် အခြေခံကျန်းမာရေး ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးမှ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်နေသည်ကို ပြည်နယ်များနှင့် သက်ဆိုင်ရာဒေသများသို့ ဆက်သွယ်အသိပေးခြင်းဖြင့် အမြင်များဖလှယ်ကြရန်၊ လူတိုင်းလက်လှမ်းမီ သော ကျန်းမာရေးစောင့်ရှောက်မှုရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များမှ ကျန်းမာရေးစောင့်ရှောက်မှု ခံယူလိုသူများသည် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများတွင် ပထမဦးစွာ ဆေးကုသမှုခံယူကြပြီး ဆေးရုံကြီးများတွင် ကုသမှုခံယူထိုက်သူများကို ညွှန်းပို့ဆေးကုသမှုစနစ်ကို ပြည်သူများအား အသိပေးဆက်သွယ်ပြောဆိုကြစေလိုကြောင်း၊ ဝန်ထမ်းများအတွက် ရုံးခန်းများစနစ်တကျဖြစ်စေရေး Internet ရရှိရေးနှင့် မြန်ဆန်စေရေး ဖြည့်ဆည်းပေးသွားမည် ဖြစ်ကြောင်း  ပြောကြားခဲ့သည်။

    ထို့နောက် တက်ရောက်လာသူများမှ ဆောင်ရွက်လျက်ရှိသော ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကိုတင်ပြရာ တာဝန်ရှိပုဂ္ဂိုလ်များမှ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

 
 

More Tags