အမျိုးသားခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက် နှစ်ပတ်လည်လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အမျိုးသားခုခံ ကျ/ကာလသား ရောဂါ တိုက်ဖျက်ရေးစီမံချက် ၏ နှစ်ပတ်လည်လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲ (၂၀၁၇ ခုနှစ်) ဖွင့်ပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၇)ရက်နေ့တွင် တော်ဝင်နေပြည်တော် ဟိုတယ်၊ နေပြည်တော်၌ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင်

- ဤနှစ်ပတ်လည်ဆန်းစစ်ဆွေးနွေးပွဲတွင် အိပ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ် ရောဂါကာကွယ် ကုသ ရေးနှင့်စပ်လျဉ်း၍ ယခင်နှစ်နှစ်ပတ်လည်ဆန်းစစ်ဆွေးနွေးပွဲမှချမှတ်ခဲ့သည့် အကြံပြုချက်၊ ဆုံးဖြတိချက်များကိုမည်သည့်အတိုင်းအတာထိအကောင်အထည်ဖော်နိုင်ခဲ့သည်၊မည်သည့်စိန်ခေါ်မှုများနှင့်အခက်အခဲများရှိခဲ့သည်ကိုသေချာစွာပြန်လည်သုံးသပ်ရန်အလွန်အရေးကြီးကြောင်း၊

- ထိုသို့ ဆန်းစစ်သုံးသပ်ရာ၌ အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲမှု၊ လူ့စွမ်းအားအရင်းအမြစ်၊ နည်းပညာပိုင်းဆိုင်ရာ၊ ဘဏ္ဍာငွေလက်ခံရရှိမှုနှင့် ဘဏ္ဍာငွေစီမံ ခန့်ခွဲမှု၊ ဆေးနှင့်ဆေးပစ္စည်းအခြေအနေ၊ ဝန်ထမ်းများ၏သဘောထားခံယူချက် စသည့်ဖြင့် ဘက်ပေါင်းစုံ ထည့်သွင်းစဉ်းစားရန်လိုအပ်ကြောင်း၊

- တိုင်းဒေသကြီး/ ပြည်နယ်အလိုက်သာမက မြို့နယ်အလိုက် လုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေနှင့် အခက်အခဲများကို လေ့လာဆန်းစစ်ပြီးလိုအပ်ချက်နှင့်ပြဿနာအပေါ်မူတည်၍ နည်းဗျူဟာနှင့်လုပ်ငန်းစဉ်းများချတ်မှတ်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊

- အစည်းအဝေးတွင် အပြန်အလှန်တက်တက်ကြွကြွ ဆွေးနွေးလာကြစေရန် အစည်းအဝေး သဘာပတိ၏ဦးဆောင်မှုနှင့်ဆက်သွယ်စည်းရုံးရှင်းလင်းပြောကြားပေးသူများ(moderator)၏ ကျွမ်းကျင်မှုအခန်းကဏ္ဍတို့သည်အလွန်အရေးကြီးကြောင်း၊

 

- အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ (INGO) များ၊ လူထုအခြေပြုလူမှုအဖွဲ့အစည်းများ (CBO) ၏အခန်းကဏ္ဍသည်အလွန်အရေးကြီးပြီး ဝန်ကြီးဌာနနှင့် မည်ကဲ့သို့ အပြန်အလှန် ပံ့ပိုး၍ပူးပေါင်ဆောင်ရွက်ကြမည်ကို ဆွေးနွေးရမှာဖြစ်ကြောင်း၊

- တစ်နိုင်ငံလုံး၏အိပ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ်ရောဂါ ဖြစ်ပွားမှုနှင့် ကာကွယ်ကုသရေးအခြေအနေ၊စာရင်းဇယားအချက်အလက်များကို သိရှိလေ့လာဆန်းစစ်နိုင်ရန်အတွက် INGO များအနေဖြင့် မိမိတို့၏လုပ်ငန်းဆောင်ရွက်မှုများနှင့် စာရင်းဇယားအချက်အလက်များကို ဝန်ကြီးဌာနသို့ မျှဝေပေးပို့ကြစေ လိုကြောင်းနှင့် သတင်းအချက်အလက် မှန်ကန် ပြည့်စုံမှသာ သင့်လျော်မှန်ကန်သော မဟာဗျူဟာနှင့်လုပ်ငန်းစဉ်များချမှတ်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊

- မြန်မာနိုင်ငံ၌ အိပ်ချ်အိုင်ဗွီ ရောဂါအသစ် ကူးစက်ခံရမှု (HIV new infections)ဟာ ၂၀၀၀ ခုနှစ်မှာ (၂၈,၀၀၀) ခန့်ရှိခဲ့ရာမှ (၂၀၁၇)ခုနှစ်မှာ (၁၁,၀၀၀) ကျော်အထိ ကျဆင်း လာခဲ့တာ တွေ့ရသော်လည်း

- AIDS Epidemic Model- AEM ဖြင့် ခန့်မှန်းတွက်ချက်မှု အရ ၂၀၁၇ခုနှစ် မှာ မြန်မာနိုင်ငံ ၌ အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံနေရသူ ဦးရေ (၂၂၇,၀၀၀) ခန့်ရှိပြီး ရောဂါဖြစ်ပွားမှုနှုန်း (HIV prevalence) မှာ (၀.၅၇%)ခန့် ရှိကြောင်း

- အထူးသဖြင့် မူးယစ်ဆေး အကြောထဲ ထိုးသွင်းသူများ (PWID)၊ အမျိုးသမီးလိင်လုပ်သားများ (FSW)နှင့် အမျိုးသားချင်း ချစ်ခင်စုံမက်သူများ (MSM)၊ အကျဉ်းကျနေသူများ (Prisoners)၊ ရွှေ့ပြောင်းလုပ်သားများ (Migrant workers) အပါအဝင် ဦးစားပေးအုပ်စုများ (Priority Populations) အတွင်း အိပ်ချ်အိုင်ဗွီပိုး ကူးစက်ရန်အန္တရာယ်ရှိသော အပြုအမူများ ပြုလုပ်ခြင်းတို့ကြောင့် အဆိုပါလူအုပ်စုများအတွင်း အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံရမှု မြင့်မားနေဆဲပဲ ဖြစ်ပါကြောင်း

 

- အိပ်ချ်အိုင်ဗွီပိုး ရောဂါပိုးအသစ်ကူးစက်ခံရမှုသည် ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) နဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့၌ အခြားဒေသများထက် ရောဂါအသစ်ကူးစက်ခံရမှု ပိုမိုမြင့်မားလျက်ရှိသည်ကို သိရှိရပါကြောင်း၊

- အိပ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ် လူနာများအတွက် ကာကွယ်ရေးနဲ့ကုသရေးလုပ်ငန်းများ ကို လွန်ခဲ့တဲ့ (၇)နှစ်တာကာလအတွင်း နိုင်ငံတော်အစိုးရမှ ဘဏ္ဍာငွေတိုးမြှင့်ထောက်ပံ့ပေးမှုနှင့် ကမ္ဘာ့ရန်ပုံငွေအဖွဲ့ (Global Fund)၊ အပြည်ပြည်ဆိုင်ရာလူမှုရေးအဖွဲ့အစည်းများရဲ့ ကူညီမှုများကြောင့် ၂၀၁၁ ခုနှစ်မှာ အိပ်ချ်အိုင်ဗွီပိုးကူးစက်ခံရသူ (၂)သိန်းကျော်အနက် လူနာ (၄)သောင်းခန့်ကိုသာ ဘဝတစ်သက်တာသောက်ရမည့် အေအာရ်တီဆေး (lifelong ART) ဖြင့် ကုသမှုပေးနိုင်ခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် လူနာပေါင်း (၁)သိန်း (၄)သောင်း (၆)ထောင် ကျော်အထိ ကုသမှုပေးနိုင်ခဲ့ပါကြောင်း၊

- ထိုသို့ အိပ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ် လူနာများ၏မျှော်မှန်း သက်တမ်းတိုးမြင့်လာကြတဲ့အတွက် နောက် ဆက်တွဲပြဿနာအနေနဲ့ မကူးစက်တက်သော နာတာရှည်ရောဂါများ ဖြစ်ပွားနိုင်မှုများလာမှာဖြစ်တဲ့အချက်ကိုလည်း ထည့်သွင်းစဉ်းစားရမှာဖြစ်ကြောင်း၊

- ထို့အပြင် အိပ်ချ်အိုင်ဗွီ/တီဘီဒွန်တွဲရောဂါနဲ့ အိပ်ချ်အိုင်ဗွီ/အသည်းအရောင်အသားဝါ ဒွန်တွဲ ရောဂါ ဖြစ်ပွားမှုများဟာလည်း အထူးသတိပြုရမယ့် ကျန်းမာရေးပြဿနာများ ဖြစ်ပါကြောင်း

- မိခင်မှကလေးသို့ အိပ်ချ်အိုင်ဗွီပိုး ကူးစက်မှုမှ ကာကွယ်ခြင်းလုပ်ငန်း (PMTCT) ကို ၂၀၁၀ ခုနှစ်မှာစတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၇ ခုနှစ်အကုန်မှာ (၃၁၉) မြို့နယ်အထိ တိုးချဲ့ ဆောင်ရွက်နိုင်ခဲ့ပြီးကိုယ်ဝန်ဆောင်မိခင်များတွင် အိပ်ချ်အိုင်ဗွီ ဖြစ်ပွားမှုနှုန်း သည် ၂၀၁၇ခုနှစ်တွင် (၀.၆၀%) အထိ ကျဆင်းလာတာကို တွေ့ရှိရကြောင်း၊

 

- မူးယစ်ဆေး အကြောထဲထိုးသွင်းသူများကြား အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံရမှု အန္တရာယ် လျှော့ချရေးအတွက် တစ်ခါသုံးဆေးထိုးအပ်/ဆေးထိုးပြွန်များဖြန့်ဝေခြင်းနှင့် မူးယစ်ဆေး အစားထိုးမက်သာဒုန်း ဆေးတိုက် ကျွေးခြင်း (Methadone Maintenance Therapy) လုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ ၂၀၁၇ ခုနှစ်အကုန်မှာ (၅၁) ခုထိတိုးချဲ့ ဖွင့်လှစ် နိုင်ခဲ့ကြောင်း၊

- အိပ်ချ်အိုင်ဗွီပိုးကူးစက်ဖြစ်ပွားမှု စဉ်ဆက်မပြတ်စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်း (HIV Sentinel Surveillance) ကို ပြန်လည်သုံးသပ်၍ အားဖြည်ဆောင်ရွက်စေ လိုပါကြောင်း၊

- ခုခံအားကျဆင်းမှု ကူးစက်ရောဂါကာကွယ်ကုသရေး စီမံကိန်းလုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်မှုများ ကို စဉ်ဆက်မပြတ်စောင့်ကြပ်ကြည့်ရှု ခြင်းနှင့် ဆန်းစစ်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်သွားရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် မိတ်ဘက် အဖွဲ့အစည်းများ၊ ပြည်သူများအားလုံး လက်တွဲပူးပေါင်းဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားရမှာဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

 

 

    အဆိုဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချူပ်များ၊မှုခင်းရဲတပ်ဖွဲ့၊ လူမှုဝန်ထမ် းဦးစီးဌာနနှင့် နှီးနွယ်ဝန်ကြီးဌာနများမှကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးဌာနမှူများ၊ ရောဂါနှိမ်းရေးဆရာဝန်ကြီးများ၊ အဖွဲ့ခေါင်းဆောင်ဆရာဝန်များ၊ သမားတော်များ၊ WHO၊ UNICEF၊ UNOPS ၊UNODC ၊UNAIDS၊ USAID၊ US-CDC၊ UNFPA၊ Save the Children နှင့် အခြား အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများ(CBO)၊ ပြည်တွင်းလူမှုရေးအဖွဲ့အစည်းများ၊ အိပ်ချ်အိုင်ဗွီပိုးဖြင့် အသက်ရှင်နေထိုင်သူများ၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများ စုစုပေါင်း (၁၉၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

More Tags