အမျိုးသားကျန်းမာရေးမူဝါဒ ပြန်လည်ရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးမှ လမ်းညွှန်မှာကြား

Union Minister Dr. Myint Htwe attends the meeting on reformulation of National Health Policy

နေပြည်တော်၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် ယနေ့နေ့လယ်ပိုင်းအချိန်တွင် နေပြည်တော်၊ M Gallery Hotel၊ နေပြည်တော်၌ ကျင်းပပြုလုပ်သော အမျိုးသားကျန်းမာရေးမူဝါဒ ပြန်လည်ရေးဆွဲရေးညှိနှိုင်းအစည်းအဝေးပွဲ၌ လမ်းညွှန်အမှာ စကားပြောကြားခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• လက်ရှိ အမျိုးသားကျန်းမာရေးမူဝါဒသည် ၁၉၉၃-ခုနှစ်က ရေးဆွဲခဲ့သောကြောင့် လက်ရှိ ပြောင်းလဲလာသော နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေးနှ့် အခြားအခြေအနေအရပ်ရပ်တို့နှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် အမျိုးသားကျန်းမာရေးမူဝါဒအသစ်ကို ရေး ဆွဲရန် လိုအပ်နေပြီဖြစ်ကြောင်း၊

• ထိုသို့ရေးဆွဲနိုင်ရန်အတွက် အမျိုးသားကျန်းမာရေးမူဝါဒ ပြန်လည်ရေးဆွဲရေး ဦးဆောင် ကော်မတီကို ဖွဲ့စည်းထားရှိပြီးဖြစ်ကာ လုပ်ငန်းကော်မတီနှင့် အကြံပေးအဖွဲ့များ ထပ်မံ ဖွဲ့စည်းကာ ၂၀၂၀- ခုနှစ် နှစ်ဆန်းပိုင်းတွင် အပြီးသတ်ရေးဆွဲနိုင်ရန် ရည်မှန်းထားပါကြောင်း၊

• ထိုသို့ရေးဆွဲရာ၌ လက်ရှိ မြန်မာနိုင်ငံ၏ ကျန်းမာရေးအခြေအနေအရပ်ရပ်ကို လေ့လာဆန်းစစ်သုံးသပ်ပြီး ဖြစ်သဖြင့်လည်းကောင်း၊ ရောဂါအမျိုးမျိုးကို ကာကွယ်ထိန်းချုပ်ရန် မဟာဗျူဟာများနှင့်နည်းဗျူဟာများကိုလည်းကောင်း၊ ရည်မှန်းချက်များကိုလည်းကောင်း ရေးဆွဲပြီး ဖြစ်ပါ၍ အမျိုးသားကျန်းမာရေးမူဝါဒကို အချိန်တိုအတွင်းရေးဆွဲနိုင်မည်ဖြစ်ပါကြောင်း၊

 

• ထိုသို့ရေးဆွဲရာ၌ မြန်မာနိုင်ငံ၏ ကျန်းမာရေးအဆ့်အတန်း ရေရှည်တည်တံ့ခိုင်မြဲတိုးတက်မှုရှိစေရန်အတွက် မြန်မာနိုင်ငံရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းMyanmar Sustainable Development Plan) ၊ ထောင်စုနှစ် ရည်မှန်းချက်များ၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များ (SDGs)၊ ၂၀၃၀- ခုနှစ် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ မျှော်မှန်းချက် (Myanmar Health Vision 2030) များနှင့် ဒေသဆိုင်ရာ နှင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးရည်မှန်းချက်များနှင့်လည်း လိုက်လျောညီထွေဖြစ်ရန်လိုအပ်ပါကြောင်း၊

• အိမ်နီးချင်းနိုင်ငံများအပါအဝင် အခြားနိုင်ငံများ၏ အမျိုးသားကျန်းမာရေးမူဝါဒများကိုလည်း လေ့လာရန်လိုအပ်ကြောင်း၊

• ကျန်းမာရေးမူဝါဒအသစ်၌ ကျန်းမာရေးအသိပညာမြှင့်တင်ရေး၊ မကူးစက်တက်သောရောဂါများ ကာကွယ်ကုသရေး၊ ကျောင်းကျန်းမာရေး၊ လူနာဘေးကင်းလုံခြုံမှု (patient safety) နှင့် လက်တွေ့အသုံးချ သုတေသနလုပ်ငန်းများ၊ အရည်သွေးပြည့်ဝ၍ ကျင့်ဝတ်နှ့် ညီသော ဆေးနှင့်ဆေးဘက်ဆိုင်ရာ ပညာရှင်များမွေးထုတ်ပေးနိုင်ရေး၊ အစိုရ- ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများ၊ ကျန်းမာရေးနှင့်ဆေးရုံသတင်းအချက်အလက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကိုယ်လက်လှုပ်ရှားဆေးတစ်ပါးလုပ်ငန်း (exercise is medicine) များကို ဦးစားပေး အဆင့်သတ်မှတ်၍ ထည့်သွင်းရေးဆွဲရမည်ဖြစ်ပါကြောင်း၊

 

• ကျန်းမာရေးမူဝါဒရေးဆွဲရာတွင် ကျန်းမာရေးဝန်ဆောင်မှုများကို လူတိုင်းလက်လှမ်းမှီရရှိရေး၊ ငွေကြေးကျခံသုံးစွဲနိုင်မှု၊ ရေရှည်တည်တံ့စွာ ဆောင်ရွက်နိုင်မှု၊ ပြည်သူလူထုဗဟိုပြုချည်းကပ်ဆောင်ရွက်မှု၊ လုပ်ငန်းကဏ္ဍပေါင်းစုံ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှု စသည့် မူဝါဒ ဆိုင်ရာ ဥပဒေသ (Policy Principles) များကို အလေးအနက်ထား စဉ်းစားရေးဆွဲရန် အရေးကြီးပါကြောင်း၊

• အမျိုးသားကျန်းမာရေးမူဝါဒအသစ်နှင့် အတူ အဆိုပါမူဝါဒကို အကောင်အထည်ဖော်နိုင်ရေးအတွက် မဟာဗျူဟာနှင့် ဉီးစားပေးလုပ်ငန်းစဉ်များကို ရေးဆွဲချမှတ်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ယင်းနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အငြိမ်းစားပညာရှင် ဒေါက်တာကံထွန်းက အမျိုးသားကျန်းမာရေးမူဝါဒရေးဆွဲရာတွင် နိုင်ငံတော်၏မူဝါဒများ၊ ဥပဒေများ၊ ရည်မှန်းချက်များ နှင့်အညီ မူဝါဒဆိုင်ရာ ပန်းတိုင်များ၊ ရည်မှန်းချက်များနှင့် မဟာဗျူဟာများကို ရေးဆွဲနိုင်ရေးအတွက် ထည့်သွင်းစဉ်းစားသင့်သောအချက်များ၊ ဘက်စုံလေ့လာသုံးသပ်ရမည့် အခြေအနေများနှင့် ဆောင်ရွက်ရန်လိုအပ်သည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

 

     ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်နှင့် တက်ရောက်လာသော ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဦးစီးဌာနအသီးသီးမှ တာဝန်ရှိသူများက အမျိုးသားရေးကျန်းမာရေးမူဝါဒ ပြန်လည်ရေးဆွဲနိုင်ရေးနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းရေးနှင့် လုပ်ငန်းအချိန်ဇယားသတ်မှတ်၍ စနစ်တကျဆောင်ရွက်နိုင်ရေး ဆွေးနွေးတင်ပြကြပါသည်။

     အဆိုပါအစည်းအဝေးပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဦးစီးဌာနအသီးသီးမှ တာဝန်ရှိသူများတို့ တက်ရောက်ခဲ့ကြပါသည်။

More Tags