ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ရန်ကုန်မြို့၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံ

ရန်ကုန်၊ (၂၀၁၈) ခုနှစ်၊ ဇွန်လ (၁၆) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့်အဖွဲ့သည် ဇွန်လ(၁၆)ရက်နေ့ နံနက်(၁၁)နာရီခန့်တွင် ရန်ကုန်မြို့၊ မော်ကွန်းတိုက်လမ်းရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာနသို့ သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့သည်။


 

     ထိုသို့တွေ့ဆုံရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(ဓာတ်ခွဲ) ပါမောက္ခဒေါက်တာဌေးဌေးတင်မှ ဌာနနှင့်ပတ်သက်၍ လက်ရှိအခြေအနေ၊ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ စိန်ခေါ်မှုများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ ဝန်ထမ်းရေးရာ၊ နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။

   

     ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် အမျိုးသားဓာတ်ခွဲဌာန၏ တင်ပြချက်များနှင့် ဆောင်ရွက်မှုများကိုကျေနပ်အားရမှုရှိပြီး ရှေ့ဆက်လက်ယခုထက် ပိုမိုတိုးတက်စေရေး ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ အမျိုးသားဓာတ်ခွဲဌာန၏ ဝန်ဆောင်မှု အမျိုးအစားများသည် ပြည်သူများအတွက် အလွန်အကျိုးရှိပြီး နိုင်ငံတကာအဆင့်မီ ဆောင်ရွက်မှုများလည်းရှိသဖြင့် ထိုအချက်များကို စုစည်း၍ မှတ်တမ်းစာအုပ်ပြုလုပ်ပြီး ပြည်သူများသိရှိစေရေး ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ထမ်းများ၏ လုပ်ငန်ခွင်ပျော်ရွှင်စွာ တာဝန်ထမ်းဆောင်နိုင်ရေး လိုအပ်ချက်များကို စဉ်ဆက်မပြတ် ကြည့်ရှုပံ့ပိုးပေး၍ ဝန်ထမ်းအိမ်ရာရရှိရေး၊ ဘဝတက်လမ်း စသည်တို့ကို တင်ပြဆောင်ရွက်စေလိုပါကြောင်း၊

     အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှုတိုက်ဖျက်ရေးစီမံချက်ကို အထူးအလေးထားဆောင်ရွက်ရန်၊ အထွေထွေရောဂါကုဆရာဝန်များအပါအဝင် သက်ဆိုင်သူများအားလုံးပါဝင်စေရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ရန်ကုန်မြို့ပေါ်ရှိ ဆေးရုံကြီးများအတွက် ပုံမှန်လုပ်ဆောင်ရန် ခက်ခဲသော၊ တစ်ခုချင်းဆောင်ရွက်လျှင် ကုန်ကျစရိတ်များပြားသော ဓာတ်ခွဲစစ်ဆေးခြင်းလုပ်ငန်းများကို အမျိုးသားဓာတ်ခွဲဌာနမှ Central Laboratory အဖြစ်ဆောင် ရွက်ခြင်းဖြင့် ဓာတ်ခွဲစစ်ဆေးမှုများ၏ အရည်အသွေးမြင့်မားပြီး ကုန်ကျစရိတ်သက်သာမှုကို ရရှိစေရန် ဆောင်ရွက်စေလိုပါကြောင်း၊

 


 

     နိုင်ငံတကာမှ ပုံစံအမျိုးမျိုးဖြင့်ဝင်ရောက်လာသော Test Kit များ၏ အရည်အသွေးကောင်းမွန်မှုကို စစ်ဆေးနိုင်မည့် ဌာနတစ်ခုဖြစ်လာရေး ဆောင်ရွက်စေလိုကြောင်း၊ အမျိုးသားဓာတ်ခွဲဌာနအား နိုင်ငံတကာအသိအမှတ်ပြု ISO လက်မှတ်ရရှိစေရေးနှင့် မိမိတို့နှင့် ဆက်သွယ်ဆောင်ရွက်ရသော ပြည်သူ့ဆေးရုံများအားလုံး၏ ဓာတ်ခွဲဌာနများအတွက် ထုတ်ပေးထားသော လမ်းညွန်များ၊ လက်စွဲစာအုပ်များကို ခေတ်နှင့်အညီ ပြုပြင်ရေးဆွဲစေလိုပါကြောင်း၊

     အမျိုးသားဓာတ်ခွဲဌာနမှ ဓာတ်ခွဲစစ်ဆေးခြင်းများအတွက် တိကျမှန်ကန်သောအဖြေများ အချိန်နှင့်တပြေးညီ ထုတ်ပေးခြင်းဖြင့် မိမိနိုင်ငံ၏ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းစနစ်၊ ရောဂါအမျိုးအစားကို သိရှိ၍ အချိန်နှင့်တပြေးညီ ထိန်းချုပ်နိုင်မှု၊ လူနာများကို မှန်ကန်သောကုထုံးဖြင့် ကုသပေးနိုင်မှုတို့အတွက် အထူးအရေးပါသည်ဖြစ်၍ ဤဌာနကြီး ယခုထက်ပိုမိုတိုးတက် ထိရောက်စွာ စွမ်းဆောင်နိုင်ရေး ပံ့ပိုးမှုများပေးအပ်သွားမည်ဖြစ်ပါကြောင်း၊

 


 

     ထို့နောက် တက်ရောက်လာသူများက တစ်ဦးချင်းအလိုက်၊ ဌာနအလိုက် လိုအပ်ချက်များကို တင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က တင်ပြချက် တစ်ခုချင်းအလိုက် အသေးစိတ်ပြန်လည်ဆွေးနွေးခြင်း၊ လမ်းညွှန်မှုပေးခြင်း၊ ပေါင်းစပ်ညှိနှိုင်းပေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

     တွေ့ဆုံဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်၊ အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနမှ ညွှန်ကြားရေးမှူးများ (ဓာတ်ခွဲ) ဒေါက်တာဝင်းသိန်းနှင့် တာဝန်ရှိသူများ၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနဝန်ထမ်းများ စုစုပေါင်း (၃၅) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

 
 

More Tags