အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇- ၂၀၂၁) အား ဆောင်ရွက်မည့် နှစ်အလိုက် လုပ်ငန်းစီမံကိန်း(၂၀၁၇-၂၀၁၈) ရှင်းလင်းတင်ပြခြင်းအခမ်းအနားကျင်းပ

     အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁)အားဆောင်ရွက်မည့် နှစ်အလိုက် လုပ်ငန်းစီမံကိန်း(၂၀၁၇-၂၀၁၈) အား ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို မေလ(၁၅)ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်းကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက် အမှာစကား ပြောကြားရာ၌ ယနေ့ဆွေးနွေးပွဲတွင် အမျိုးသားကျန်းမာရေး စီမံကိန်း (၂၀၁၇-၂၀၂၁)နှင့် ပတ်သက်၍ ပြည်နယ်/တိုင်းဒေသကြီးနှင့်ဗဟို လက်တွဲချိတ်ဆက်၍ လက်တွေ့မည်သို့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ကို ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်း ဆွေးနွေးကြစေလိုကြောင်း၊ စီမံချက်တို့၏ သဘာဝမှာ ရေးဆွဲစဉ်ကအတိုင်း ရာနှုန်းပြည့် အောင်မြင်ရန် လုပ်ဆောင်ဖို့ရာ အလွန်ခဲယဉ်းပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုတက်ရောက်လာသူ များမှ မိမိကိုယ်ပိုင်အရေးကိစ္စကဲ့သို့ သဘောထား၍အောင်မြင်မှုများစွာရရှိစေရန် ဆွေးနွေး ပေးစေလိုကြောင်း၊


 

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် လက်ရှိလုပ်ဆောင်နေသော စီမံချက် များနှင့် အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇- ၂၀၂၁)တွင် လုပ်ဆောင်ရမည့်လုပ်ငန်းများကို လက်တွေ့မည့်သို့ ချိတ်ဆက်ဆောင်ရွက်မည့်အပိုင်း ( Linkage ) မှာ အလွန်အရေးကြီးကြောင်း၊ အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇- ၂၀၂၁)ကို အောင်မြင်ရန် အကောင်အထည်ဖော်ရာ တွင် ပြည်နယ်/တိုင်းဒေသကြီးအစိုးရများ၊ အထူးသဖြင့် လူမှုရေးဝန်ကြီးများ၏ အခန်းကဏ္ဍ သည် အလွန်အရေးကြီးပါကြောင်း၊ ထို့အပြင် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းများ၊ အထွေထွေရောဂါကုဆရာဝန် (General Practitioner) များနှင့် ပူးပေါင်းဆောင်ရွက်ရန် အထူးလိုအပ်ပါကြောင်း၊

     အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇- ၂၀၂၁)ကို အကောင်အထည်ဖော်ရာတွင် ယခုကဲ့သို့ နှစ်အလိုက်လုပ်ငန်းစီမံကိန်း(၂၀၁၇- ၂၀၁၈) မှ စတင်၍ လာမည့်နှစ်များတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အလုံးစုံလွှမ်းခြုံပါဝင်သော စီမံကိန်းတစ်ရပ်ဖြစ်လာစေရန် နှစ်အလိုက်၊ အဆင့်အလိုက် အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာအဖွဲ့ အစည်းများအနေဖြင့်လည်း အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇- ၂၀၂၁)တွင် ပါဝင်သော လုပ်ငန်းများကို ဝင်ရောက်ဆောင်ရွက်နိုင်စေရန် လုပ်ဆောင်ပေးရမည် ဖြစ်ပါကြောင်း၊ အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇- ၂၀၂၁)လုပ်ငန်းများ အဆင့်လိုက် အောင်မြင်မှုရရှိ လာမှသာလျှင် မိမိတို့မျှော်မှန်းထားသည့် လူတိုင်းလက်လှမ်းမီနိုင်သော ကျန်းမာရေးစောင့် ရှောက်မှုစနစ် (Universal Health Coverage ) ကို ရရှိနိုင်မည်ဖြစ်ပြီး ပြည်သူလူထု၏ ကျန်းမာရေးအဆင့်အတန်း မြင့်မားတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားပါသည်။


 

     ထို့နောက် လက်ထောက်အတွင်းဝန် ဒေါက်တာသန့်ဇင်ထူးက အမျိုးသားကျန်းမာရေး စီမံကိန်း (၂၀၁၇- ၂၀၂၁)၏ နှစ်အလိုက် လုပ်ငန်းစီမံကိန်း(၂၀၁၇-၂၀၁၈) အား ရှင်းလင်းတင်ပြ ပါသည်။ ယင်းနောက် တက်ရောက်လာသူများက အမျိုးသားကျန်းမာရေးစီမံကိန်း လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် နှစ်အလိုက်လုပ်ငန်းစီမံကိန်း(၂၀၁၇-၂၀၁၈)အား စတင်ဆောင်ရွက်မည့် (၇၅)မြို့နယ်တွင် ဒေသနှင့်ဆီလျော်မည့် မြို့နယ်အဆင့် စီမံချက် (Inclusive Township Health Plan) များ ရေးဆွဲ၍ ယခုနှစ်အတွင်း စတင် အကောင်အထည်ဖော်နိုင်ရန် ဆွေးနွေးခဲ့ပြီး အခြားသိရှိလိုသည်များကိုလည်း မေးမြန်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကား ပြောကြားပါသည်။


 

     အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အမျိုးသားကျန်းမာရေးစီမံကိန်း လက်တွေ့ အကောင်အထည်ဖော်ခြင်းဆိုင်ရာ စောင့်ကြပ်ကြည့်ရှုရေးအဖွဲ့ဝင်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ယနေ့ကျင်းပသော အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁)အတွက် နှစ်အလိုက် မြို့နယ်များတိုးချဲ့ ဆောင်ရွက်ရာ၌ (၂၀၁၇-၂၀၁၈)တွင် (၇၅)မြို့နယ်၊ (၂၀၁၈-၂၀၁၉)တွင် (၈၂)မြို့နယ်၊ (၂၀၁၉-၂၀၂၀) တွင် (၈၃)မြို့နယ်၊ (၂၀၂၀-၂၀၂၁)တွင် (၈၈)မြို့နယ်ဖြစ်ရာ (၂၀၂၁)ခုနှစ်တွင် (၃၂၈)မြို့နယ်လုံးအား လွှမ်းခြုံဆောင်ရွက်သွားမည်ဖြစ်သည်။

 
 

More Tags