အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁)၊ ဒုတိယနှစ် အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ နေပြည်တော်၊ ရုံးအမှတ်(၄)ရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့သော အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁)၊ ဒုတိယနှစ် အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းများ ရှင်းလင်း တင်ပြခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။


 

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• အမျိုးသားကျန်းမာရေးစီမံကိန်း (National Health Plan - NHP)သည် လူတိုင်း လက်လှမ်းမှီသော ကျန်းမာရေးစောင့်ရှောက်မှု (Universal Health Coverage) ရရှိရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီရရှိရေးတို့အတွက် ဆောင်ရွက်နေခြင်းဖြစ်သကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကြီး (Health System)တစ်ခုလုံး အားကောင်းခိုင်မာလာစေရန် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊

• အမျိုးသားကျန်းမာရေးစီမံကိန်းဆောင်ရွက်ရခြင်းသည် အခြေခံ မရှိမဖြစ်လိုအပ်သော ကျန်းမာရေးဝန်ဆောင်မှုများကို ငွေကြေးကုန်ကျမှုနည်းပါးစွာဖြင့် နေရာမရွေး၊ ဒေသမရွေး ရရှိနိုင်ရေးအတွက် ဦးတည် ဆောင်ရွက်လျက်ရှိကြောင်း၊

• စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာတွင် လူ့စွမ်းအားအရင်းအမြစ်၊ အခြေခံအဆောက်အဦ၊ ကျန်းမာရေးဝန်ဆောင်မှုနှင့် ကျန်းမာရေးဆိုင်ရာ ဘဏ္ဍာရေးစီမံခန့်ခွဲ ထောက်ပံ့မှု စသည့် ကဏ္ဍကြီး (၄)ခုကို ဝိုင်းဝန်း အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း၊


 

• အမျိုးသားကျန်းမာရေးစီမံကိန်း(NHP) ဒုတိယနှစ် အကောင်အထည်ဖော်ဆောင် ရွက်မည့်လုပ်ငန်းများသည် ပထမနှစ်အတွင်းက ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများမှ အခက်အခဲများ၊ အတွေ့အကြုံများနှင့် သင်ခန်းစာများကို အခြေခံ၍ လုပ်ငန်းပါဝင် ဆောင်ရွက်သူများက ဝိုင်းဝန်းရေးဆွဲထားရှိသည်ကို တွေ့ရှိရ၍ ကောင်းမွန်ပါကြောင်း၊

• ရေးဆွဲထားသော စီမံကိန်းကိုလည်း လိုအပ်လျှင် ပြုပြင်မွမ်းမံရေးဆွဲပြီး အကောင် အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊

• စီမံကိန်းပထမနှစ်ကာလအတွင်း ရေးဆွဲပြုစုခဲ့သည့် အခြေခံကျန်းမာရေးဝန်ထမ်းများ ၏ တာဝန်နှင့် ဝတ္တရားများကို သက်ဆိုင်ရာဝန်ထမ်းများက သိရှိလိုက်နာဆောင်ရွက် ရန် လိုအပ်ကြောင်း၊

• ယနေ့ရှင်းလင်းတင်ပြသော စီမံကိန်းပါလုပ်ငန်းများနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ စီမံချက်လုပ်ငန်းများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပါအဝင် ကုလ သမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ၊ INGO များ၊ NGO များမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအကြား ချိတ်ဆက်မှုများကို ရှင်းလင်းတိကျစွာ ဖော်ထုတ်၍ ကဏ္ဍတူ လုပ်ငန်းများ၊ ဆက်စပ်လျက်ရှိသော လုပ်ငန်းနယ်ပယ်များကို ပူးတွဲဆောင်ရွက်ကြ စေလိုကြောင်း၊


 

• စီမံကိန်းပါလုပ်ငန်းများကို အခြေခံကျန်းမာရေးဝန်ထမ်းများအထိသာမက INGO များ၊ NGO များ၊ လူမှုရေးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များကပါ ကျယ်ကျယ်ပြန်ပြန့် ပိုမိုသိရှိနိုင်စေရန်အတွက် ဗဟိုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ် အဆင့် အသိပေးရှင်းလင်းပွဲများပြုလုပ်ရန် လိုအပ်ကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် (၂၀၁၈-၂၀၁၉)ခု၊ ဘဏ္ဍာနှစ်တွင် မကူးစက်တတ်သော ရောဂါများ ကာကွယ်ကုသရေး၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေး၊ ကျောင်းကျန်းမာရေးလုပ်ငန်းများကို ဦးစားပေးလုပ်ငန်းများ အဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊

• အမျိုးသားကျန်းမာရေးစီမံကိန်းတွင် ပါဝင်သော လုပ်ငန်းများဆောင်ရွက်ရာတွင် ဘဏ္ဍာငွေနှင့် စွမ်းအားစုများကို ကျိုးကြောင်းဆီလျော်၍ အလေအလွင့်နည်းပါးစွာ စနစ်တကျ ခွဲဝေချထား အသုံးပြုနိုင်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊

• ထိုကဲ့သို့ ဘဏ္ဍာအရင်းအမြစ်များကို ကျိုးကြောင်းလျော်ညီစွာ ခွဲဝေချထားနိုင်ရန်နှင့် ဆေးနှင့်ဆေးပစ္စည်းများ ချိန်ညှိဝယ်ယူနိုင်ရန်တို့အတွက် ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များ (health information) ခိုင်မာတိကျစွာရှိရန် ဆောင်ရွက်လျက်ရှိကြောင်း၊


 

• အချက်အလက်၊ အထောက်အထားများကိုအခြေခံ၍ (evidence based) ပိုမိုကောင်းမွန်သော မွမ်းမံ ပြင်ဆင်မှုများပြုလုပ်သွားနိုင်ရန်အတွက် လက်တွေ့အသုံးချ သုတေသန (implementation research) များ ကိုပါ တွဲဖက်လုပ်ဆောင်လျက်ရှိကြောင်း၊

• စီမံကိန်းလုပ်ငန်းများ အောင်မြင်မှုရရှိစေရန်အတွက် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ အခြေခံကျန်းမာရေးဝန်ထမ်းများ၊ စီမံချက်မန်နေဂျာများအားလုံး ပူးပေါင်းပါဝင်အားထည့်ဆောင်ရွက်ရန်နှင့် မိမိတို့၏ ကိုယ်ပိုင်လုပ်ငန်းများကဲ့သို့ (sense of ownership) အပြည့်ဖြင့် သဘောထား၍ ဆောင်ရွက်သွားရန် အရေးကြီး ကြောင်း၊

• အမျိုးသားကျန်းမာရေးစီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာတွင် တိုင်းဒေသကြီး/ ပြည်နယ်များမှ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများ၏အသံနှင့် အကြံပြုတင်ပြချက်များအပြင် ပြည်သူများ၏ အသံများကိုလည်း ဂရုပြုနားထောင်ပြီး ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့ပါသည်။


 

     ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေး စီမံကိန်း အကောင်အထည်ဆောင်ရွက်မှုဆိုင်ရာ စောင့်ကြပ်ကြည့်ရှုရေးအဖွဲ့မှ လက်ထောက် အတွင်းဝန် ဒေါက်တာသန့်စင်ထူးက အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇ -၂၀၂၁) ဒုတိယနှစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းနှင့် National Health Plan Monitoring and Evaluation Framework များနှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်း တင်ပြခဲ့ပါသည်။


 

     ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက အထွေထွေမေးမြန်းမှုများ၊ စီမံကိန်းတွင် ထပ်မံမွမ်းမံပြင်ဆင်ဖြည့်စွက်ရန် အကြံပြုချက်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက အကြံပြုဆွေးနွေးချက်များအပေါ် လမ်းညွှန်မှုများပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

     အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုး တိုးတက်ရေးကော်မတီ ဥက္ကဌ ဒေါက်တာစံရွှေဝင်း၊ အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီဥက္ကဌ ဒေါက်တာဇော်လင်းထွဋ်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ညွှန်ကြားရေးမှူးများ၊ စီမံချက်မန်နေဂျာများ၊ အငြိမ်းစားပညာရှင်များ၊ ကျွမ်းကျင်မှုဆိုင်ရာအကြံပေးပညာရှင်များနှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြပါသည်။

More Tags