အထူးကုဆေးရုံကြီး (ရန်ကုန်မြို့) တိုးချဲ့ (၆) ထပ်ဆောင်နှင့် OT Complex ဖွင့်ပွဲ ကျင်းပ

ရန်ကုန်၊ အောက်တိုဘာလ(၇)ရက်။

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အထူးကုဆေးရုံကြီး(ရန်ကုန်မြို့)၏ တိုးချဲ့ (၆)ထပ်ဆောင်နှင့် OT Complex ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ(၇)ရက်နေ့၊ နံနက်ပိုင်းတွင် လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ အဆိုပါဆေးရုံကြီး တိုးချဲ့ (၆)ထပ်ဆောင်ရှေ့မျက်နှာစာ၌ ကျင်းပရာ ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာမြင့်ဟန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ကဗ္မည်းမော်ကွန်းကြေးပြားကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးသည်။


 

     ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် ကဗ္မည်းမော်ကွန်းကြေးပြားကို အမွေးနံ့သာရည်များပက်ဖြန်းပေးကြပြီး တိုးချဲ့(၆)ထပ်ဆောင်အတွင်းရှိ CT Room၊ Angiography Room၊ MRI Room နှင့် OT Complex ရှိခွဲစိတ်ခန်းများတွင် နိုင်ငံတကာအဆင့်မီ ရောဂါရှာဖွေရေးစက်ကိရိယာများ၊ ခွဲစိတ်ကုသစက်ပစ္စည်းကိရိယာများ တပ်ဆင်ထားရှိမှုများအားလည်းကောင်း၊ အသည်း၊ သည်းခြေ လမ်းကြောင်းနှင့်ပန်ကရိယခွဲစိတ်ကုပညာဌာနအားလည်းကောင်း၊ ဆီးနှင့်ကျောက်ကပ် ခွဲစိတ်ကုပညာဌာနအားလည်းကောင်း၊ အထူးကြတ်မတ်ကုသဆောင်အားလည်းကောင်း ကြည့်ရှုစစ်ဆေးရာ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းထွဋ် နှင့်ပါမောက္ခ/ဌာနမှူးများကရှင်းလင်းပြသကြသည်။

     ထို့နောက်မြေညီထပ်ရှိ အစည်းအဝေးခန်းမတွင် ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ အဆောက်အဦသစ်ကို ဖွင့်လှစ်နိုင်ခြင်းအတွက် စတင်စဉ်းစားစီစဉ်ပေးခဲ့သည့် ယခင်ကျန်းမာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများကို ကျေးဇူးတင်ပါကြောင်း၊ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြသည့်ဆေးရုံအုပ်ကြီး၊ ပါမောက္ခ/ဌာနမှူးများ၊ ဝန်ထမ်းများနှင့် ဆောက်လုပ်ပေးခဲ့သည့် ကုမ္ပဏီတို့ကိုလည်းကျေးဇူးတင်ပါကြောင်း၊ အဆောက်အဦးတစ်ခုတည်ဆောက်ရာတွင် အရည်အသွေးကောင်းမွန်ခြင်း၊ ရေရှည်တည်တံ့ခြင်း စသည့်အချက်များနှင့် ပြည့်စုံရမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်ခဲ့သည့်ပုဂ္ဂိုလ်များအနေဖြင့် ပြည်သူများကိုဝန်ဆောင်မှုပေးအပ်မည့် အထူးကုဆေးရုံအဆောက်အဦးကို တည်ဆောက်ရာတွင်ပါဝင်ခဲ့သည့်အတွက် အလွန်မွန်မြတ်ပါကြောင်း၊ အဆောက်အဦးသစ်တွင် ပါဝင်သည့်စက်ပစ္စည်းများကို ရောင်းချပေးခဲ့သည့် ကုမ္ပဏီများအနေဖြင့် ရောင်းချပြီးနောက် ဆက်လက် ထိန်းသိမ်းစောင့်ရှောက်မှုများကိုဆောင်ရွက်ပေးခြင်း (After Sales Service) ကိုလည်းကောင်းမွန်စွာ ပေးအပ်ကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း ယခုကဲ့သို့ အဆင့်မြင့် အထူးကုတိုးချဲ့ဆေးကုသဆောင် ဆောက်လုပ်ဖွင့်လှစ်နိုင်ခြင်းအတွက်လည်း ဂုဏ်ယူပါ ကြောင်း၊ မြန်မာနိုင်ငံတွင် အဖြစ်များသော ရောဂါကြီးများ (ဥပမာ- နှလုံး၊ ကျောက်ကပ်၊ အသည်းရောဂါ)အတွက် အထူးကုဌာနကြီးများကို မိမိတို့ အစိုးရလက်ထက်တွင် သီးခြားစီ အဆောက်အဦးများ အဖြစ်ထားရှိ ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ တိုးချဲ့ဆောင်ဖွင့်လှစ်ပြီးဖြစ်သည့်အတွက် ကုတင်(၅၀ဝ) မှ ကုတင်(၇၀ဝ) အဆင့် ဆေးရုံကြီး ဖြစ်လာပြီဖြစ်ပါကြောင်း၊ လုပ်ငန်းခွင်တွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန်၊ သူနာပြုအပါအဝင် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ယခင်ကထက် ပိုမိုကျယ်ဝန်းသော လုပ်ငန်းခွင် ပတ်ဝန်းကျင်ဖြစ်လာသည့်အတွက် ပိုမိုထိရောက်သောဝန်ဆောင်မှု များပေးနိုင်မည်ဖြစ်ပြီး လူနာများအတွက်လည်း အကျိုးများစွာရှိလာမည်ဖြစ်ပါကြောင်း၊ ယခုဆေးရုံကြီးတွင် အသည်းအစားထိုးခွဲစိတ်မှု (၉)ကြိမ်၊ ကျောက်ကပ် အစားထိုးခွဲစိတ်မှု (၃၃)ကြိမ်တို့ကို နိုင်ငံတကာ အဆင့်မီဆောင်ရွက်နိုင်ခဲ့သည့်အတွက် ဆရာဝန်၊ သူနာပြု အပါအဝင် ဝန်ထမ်းများကိုဂုဏ်ပြုပါကြောင်း၊ ထို့အတူ ကျန်းမာရေးကောင်းမွန်သွားသောလူနာများအတွက်လည်း ဝမ်းမြောက်ဝမ်းသာဖြစ်မိပါကြောင်း၊ ဆေးရုံကြီး၏ ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်စေရန်အတွက် ဆေးရုံအုပ်ကြီး၊ ပါမောက္ခ/ ဌာနမှူးများ အပါအဝင် ဝန်ထမ်းများအားလုံး စုစုစည်းစည်းမိသားစုစိတ်ဓါတ်ဖြင့် ဆောင်ရွက်ပါက အောင်မြင်မှုရရှိမည်မှာ အသေအချာဖြစ်ပါကြောင်း၊ ဆေးရုံများတွင် ဈေးနှုန်းသင့်တင့်သော စားသောက်ဆိုင်၊ ဆေးဆိုင်၊ စတိုးဆိုင်တို့ကို ဆေးရုံကြီးကြပ်မှု ကော်မတီများနှင့် ညှိနှိုင်းကာ ဖွင့်လှစ်နိုင်ရေးအတွက်စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊


 

    ယခုအဆောင်သစ် စတင်ဖွင့်လှစ်ပြီး (၃)လခန့်အကြာတွင် ဆေးနှင့်ဆေးပစ္စည်း ကိရိယာများ စီမံခန့်ခွဲမှု၊ လူနာများ၏ စိတ်ကျေနပ်မှုရရှိမှုအခြေအနေတို့ကို ပြန်လည်သုံးသပ်ခြင်းများ ဆောင်ရွက်စေလို ပါကြောင်း၊ တိုးချဲ့ဆောင်တွင်တပ်ဆင်ထားသည့် စက်ကိရိယာပစ္စည်းများသည် တန်ဖိုးအလွန်ကြီးမားသည့်အတွက် စနစ်တကျ Guideline များထားရှိပြီး ကိုင်တွယ်ထိန်းသိမ်းစောင့်ရှောက်ကြရန်ဖြစ်ပါကြောင်း၊ ခွဲစိတ်မှုများကို Video ဖြင့် မှတ်တမ်းတင်ရိုက်ကူးထားပြီး တိုင်းဒေသကြီးပြည်နယ်များရှိ ဆရာဝန်များကို အတွေ့အကြုံများ မျှဝေပြသနိုင်ခြင်းဖြင့် ခွဲစိတ်မှုဆိုင်ရာ အတတ်ပညာများ ပိုမိုတိုးပွား လာမည်ဖြစ်ပါ ကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် တစ်နိုင်ငံလုံးရှိ ဆေးရုံများတွင် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်တာကာလပတ်လုံး ပြင်ပလူနာပေါင်း (၉)သန်းကျော်၊ အတွင်းလူနာ ပေါင်း(၂.၅)သန်းကျော်တို့ကို ထိရောက်သော ပြုစုကုသစောင့်ရှောက်မှုများ ပေးခဲ့ပါကြောင်း၊ ယခုကဲ့သို့ လူနာများစွာကို ကုသပေးနေရသည့်အတွက် အနည်းငယ် အဆင်မပြေရှိသည်များကို ခွင့်လွှတ်နားလည် ပေးပါရန် ပြည်သူများသို့အသိပေးလိုပါကြောင်း၊ ယနေ့ဖွင့်လှစ်သော တိုးချဲ့ဆောင်သစ်ကိုလည်း နိုင်ငံတော်မှ ကျပ်သန်းပေါင်း သုံးထောင်နှစ်ရာကျော် အကုန်အကျခံကာ တည်ဆောက်ပေးခဲ့ခြင်း ဖြစ်ပါကြောင်းနှင့် တိုးချဲ့ဆောင်သစ်အပါအဝင် စက်ပစ္စည်းကိရိယာများ တည်တံ့ခိုင်မြဲရေးအတွက် အားလုံးဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရန် ဖြစ်ပါကြောင်းပြောကြားသည်။


 

    ယင်းနောက် ကုသရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာမြင့်ဟန်က ကျေးဇူးတင်စကားပြောကြားပြီး ဆေးရုံအုပ်ကြီး ဒေါက်တာသန်းထွဋ်က တိုးချဲ့(၆)ထပ်ဆောင် ဆောက်လုပ်ခဲ့ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် အဆောက်အဦနှင့် ပတ်သက်သော စာရွက်စာတမ်းများကို Original Group Co.,Ltd မှ တာဝန်ခံ ဦးဝင်းတိုးက ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ မြင့်ဟန်ထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဆေးကုသဆောင်များအလိုက် ဆောင်ရွက်နိုင်ခဲ့မှုများ၊ ရှေ့လုပ်ငန်းများကို ပါမောက္ခ/ဌာနမှူးများက ရှင်းလင်းတင်ပြကြရာ လိုအပ်ချက်များကို ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါဆေးရုံကြီး မြေညီထပ်တွင် အသည်းနှင့် ကျောက်ကပ်အစားထိုးလူနာများ၊ ပေးလှူသူများကို ဂုဏ်ပြုသည့်အနေဖြင့် ကျင်းပသော Thanksgiving Ceremony သို့ တက်ရောက်ပြီး ဂုဏ်ပြုအမှာစကားပြောကြားခဲ့ကြောင်းသတင်းရရှိသည်။

 
 

More Tags