အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းဆိုင်ရာ နိုင်ငံတကာအစည်းအဝေးနှင့် အသည်းရောဂါဆိုင်ရာ အာဆီယံနိုင်ငံများဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်၊ (၂၀၁၈) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇) ရက်နေ့

     အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းဆိုင်ရာ နိုင်ငံတကာအစည်းအဝေးနှင့် အသည်းရောဂါဆိုင်ရာ အာဆီယံနိုင်ငံများဆွေးနွေးပွဲ (5th Myanmar GI & Liver International Scientific Meeting and ASEAN Perspective in Liver Diseases - APLD) ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ​ ဖေဖော်ဝါရီလ (၁၇)ရက်နေ့ နံနက်(၈:၃၀) နာရီတွင် ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel ၌ ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက် အဖွင့်အမှာစကား ပြောကြားပါသည်။


 

          ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် မြန်မာနိုင်ငံတွင်ယခုပြုလုပ်သော 5th Myanmar GI & Liver International Scientific Meeting and ASEAN Perspective in Liver Diseases (APLD) ဆွေးနွေးပွဲကြီးသည် မြန်မာနိုင်ငံရှိ ဆရာဝန်များအတွက် အသိပညာ အသစ်များ၊ နည်းပညာအသစ်များနှင့် အတွေးအမြင်အသစ်များရရှိအောင် ဆောင်ကြဉ်းပေးမည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ခုနှစ်အတွင်း၌ ဆေးရုံများတွင် တက်ရောက်ကုသခဲ့သော လူနာများ၏ (၁၀) ရာခိုင်နှုန်းခန့်သည် အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါလူနာများဖြစ်ပြီး နှစ်စဉ် တိုးတက်များပြားလာသည်ကို တွေ့ရှိရကြောင်း၊

     အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါဖြစ်ပွားမှုကို စောစီးစွာ ထောက်လှမ်း သိရှိပြီး ထိရောက်မှန်ကန်စွာ ကုသပေးရန်လို အပ်သည်သာမက ရောဂါ၏ကနဦးလက္ခဏာ များစွာကို ပြည်သူများသိရှိရန်နှင့် ရောဂါဖြစ်ပွားစေသည့် အကြောင်းအချက်များကိုသိရှိပြီး ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်လာစေရန် ကျန်းမာရေးပညာပေးရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါအပါအဝင် ရောဂါရှာဖွေစမ်းသပ်ရေးနှင့် ကုသရေးဆိုင်ရာ စက်ပစ္စည်းကိရိယာများကို နှစ်စဉ်ဝယ်ယူထောက်ပံ့ပေးလျက်ရှိကြောင်း၊


 

          ဤကဲ့သို့ နိုင်ငံတကာပညာရှင်များကို ဖိတ်ခေါ်ပြီး ပြည်တွင်း၌ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများပြုလုပ်ခြင်း၊ နိုင်ငံခြားသို့ပညာတော်သင်စေလွှတ်ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများသို့ တက်ရောက်ခြင်းနှင့် လေ့လာရေးခရီးများသွားရောက်ခြင်း စသည့် အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ဆေးပညာလောက ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ဤဆွေးနွေးပွဲကြီး၌ ကမ္ဘာတစ်ဝန်းရှိ ထင်ရှားကျော်ကြားသော ပညာရှင်များနှင့် ပြည်တွင်းမှ အတွေ့အကြုံရင့်ကျက်သော ပညာရှင်များပါဝင်သည့်အပြင် ဆွေးနွေးသည့် အစီအစဉ် အကြောင်းအရာစုံလင်သည်ကို တွေ့ရှိရသည့်အတွက် အစာအိမ်၊ အူလမ်းကြောင်း အသည်းရောဂါနှင့်ပတ်သက်ပြီး မိမိတို့နိုင်ငံအတွက် အဘက်ဘက်မှ အကျိုးရှိ သောဆွေးနွေးပွဲကြီးဖြစ်ပါကြောင်း၊

     ထို့နောက် မြန်မာနိုင်ငံဆရာဝန်အသင်း၊ အစာအိမ် အူလမ်းကြောင်းနှင့် အသည်းရောဂါအဖွဲ့၊ နာယက ပါမောက္ခ ဒေါက်တာခင်မောင်ဝင်းနှင့် မြန်မာနိုင်ငံဆရာဝန်အသင်း၊ အစာအိမ်အူလမ်းကြောင်းနှင့် အသည်းရောဂါအဖွဲ့၊ ဥက္ကဌ ပါမောက္ခ ဒေါက်တာကျော်စိုးထွန်းတို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပါသည်။

     ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ပါမောက္ခ ဒေါက်တာခင်မောင်ဝင်း၊ ပါမောက္ခ ဒေါက်တာကျော်စိုးထွန်း၊ Baylor College of Medicine, Houston,Texas,USA မှ Professor F.Blaine Hollinger နှင့် University of Paris-East, France မှ Professor Daniel Dhumeaux တို့က အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပါသည်။


 

     အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ မြန်မာနိုင်ငံဆရာဝန်အသင်းမှ ပါမောက္ခများ၊ အထူးကုဆရာဝန် ကြီးများ၊ ဆရာဝန်များ၊ အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ သြစတြေးလျှ၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ ဟောင်ကောင်၊ တိုင်ဝမ်၊ မွန်ဂိုလီးယား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံတို့မှ ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများ (၃၀၀)ဦးခန့် တက်ရောက်ကြပြီး ဖေဖော်ဝါရီ (၁၆) ရက်မှ (၁၇)ရက်ထိ ကျင်းပခဲ့ပါသည်။

More Tags