အင်ဒိုနီးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တို့အကြား နှစ်နိုင်ငံ ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

Union Minister Dr. Myint Htwe attends the Indonesia Pharmaceutical and Medical Device Health Expo (2019) and Health Business Forum

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် အင်ဒိုနီးရှားနိုင်ငံ၏ (၅၅) ကြိမ်မြောက် အမျိုးသားကျန်းမာရေးနေ့ (55th Indonesia National Health Day) အထိမ်းအမှတ် အဖြစ် အင်ဒိုနီးရှားနိုင်ငံ၊ တန်ဂရမ်းမြို့၌ နိုဝင်ဘာလ (၇) ရက်နေ့မှ (၉) ရက်နေ့အထိ ကျင်းပခဲ့သည့် အင်ဒိုနီးရှားနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း ကျန်းမာရေးကုန်စည်ပြပွဲ (Indonesia Pharmaceutical and Medical Device Health Expo (2019)) အခမ်းအနားနှင့် အင်ဒိုနီးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနတို့အကြားနှစ်နိုင်ငံ ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး နိုဝင်ဘာလ (၉) ရက်နေ့၊ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။

     ပြည်ထောင်စုဝန်ကြီးသည် နိုဝင်ဘာလ (၇) ရက်နေ့၊ နံနက်ပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း ကျန်းမာရေးကုန်စည်ပြပွဲ (Indonesia Pharmaceutical and Medical Device Health Expo (2019))နှင့် Health Business Forum ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အဆိုပါ အခမ်းအနားကို အင်ဒိုနီးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ အထွေထွေအတွင်းရေးမှူးချုပ် Dr. Oscar Primadi နှင့် ဆေးနှင့်ဆေးပစ္စည်းဌာနမှ ညွှန်ကြားရေးမှူးချုပ် Dr. Eugko တို့က ဖွင့်လှစ်ခဲ့ပါသည်။ ယင်းကုန်စည်ပြပွဲသို့အင်ဒိုနီးရှား၊ အီရန်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ ရုရှား၊ ကမ္ဘောဒီးယား၊ တရုတ်၊ ထိုင်း၊ စင်ကာပူ၊ ဒိန်းမတ်၊ အမေရိကန်၊ နယ်သာလန် နှင့် ပေါ်တူဂီနိုင်ငံများ၏ ကျန်းမာရေးဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ သံရုံးများမှ တာဝန်ရှိသူများ၊ ဆေးနှင့်ဆေးပစ္စည်းကုမ္ပဏီများမှ တာဝန်ရှိသူများ၊ စုစုပေါင်း ကိုယ်စားလှယ် (၅၀၀) ဉီးကျော် တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှ ပြည်ထောင်စုဝန်ကြီးနှင့် အတူ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဒေါ်အိအိခင်နှင့် သံရုံးတာဝန်ရှိသူများ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဉီးစီးဌာန (FDA) ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်နှင့် လက်ထောက်အတွင်းဝန် ဒေါက်တာကျော်ခိုင် တို့တက်ရောက်ခဲ့ကြပါသည်။

 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Health Business Forum ၏ ကျွမ်းကျင်မှုပိုင်းဆိုင်ရာစကားဝိုင်းဖွဲ့ဆွေးနွေးပွဲ (panel discussion) သို့ တက်ရောက်ဆွေးနွေးပြောကြားခဲ့ရာတွင် -

• အင်ဒိုနီးရှားနိုင်ငံတွင် ဆေးနှင့် ဆေးပစ္စည်းများနှင့် ပတ်သက်၍ သိပ္ပံနည်းကျစွာ စနစ်တကျ ဆေးမှတ်ပုံတင်ခြင်း၊ စစ်ဆေးခြင်း၊ သုတေသနပြုလုပ်ခြင်းနှင့် ဆေးဝါးအသစ်များ ရှာဖွေဖော်ထုတ်ခြင်းတို့ကို ဆောင်ရွက်နေခြင်းသည် အတုယူဖွယ်ရာ ဖြစ်ပါကြောင်း၊
• ဆေးဝါးများ၏ စွမ်းရည်ပြည့်ဝထိရောက်မှုနှင့် ဘေးအန္တရာယ်ရှင်းမှုတို့ကို အလေးပေးဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရသဖြင့် ချီးကြူးပါကြောင်း၊
• ဤအချက်များကို သုံးသပ်ခြင်းဖြင့် အင်ဒိုနီးရှားနိုင်ငံထုတ် ဆေးနှင့်ဆေးပစ္စည်းများ၏ အရည်အသွေးကို မှတ်ကျောက်တင်နိုင်သည့်အတွက် အင်ဒိုနီးရှားနိုင်ငံ၏ ဆေးနှင့်ဆေးပစ္စည်းထုတ်ကုန်များကို ယုံကြည်စိတ်ချပါကြောင်း၊
• အင်ဒိုနီးရှားနိုင်ငံတွင် ဆေးနှင့်ဆေးပစ္စည်းများနှင့် ပတ်သက်၍ ဆောင်ရွက်နေမှုများအား မိမိတို့ ဝန်ကြီးဌာနရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဉီးစီးဌာန (FDA) မှ တာဝန်ရှိသူများက ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အစီအစဉ်ဖြင့် လာရောက်ကြည့်ရှုလေ့လာသွားမည်ကို လက်ခံသည်ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊
• မိမိတို့နိုင်ငံသည် ဆေးဝါးမှတ်ပုံတင်ခြင်း၊ စစ်ဆေးခြင်းနှင့် လိုင်စင်ထုတ်ပေးခြင်းတို့ကို ဆေးဝါးများ၏အရည်အသွေးအား လစ်လျူမရှုဘဲ လျင်မြန်စွာ ပြီးမြောက်နိုင်ရေးအတွက် ဆက်သွယ်ရေးအင်တာနက်ကွန်ရက်အသုံးပြု မှတ်ပုံတင်ခြင်း (online registration) စနစ်ကို အသုံးပြု၍ အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊
• အင်ဒိုနီးရှားနိုင်ငံတွင် ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် စက်ရုံများ ပူးပေါင်းတည်ထောင်၍ ဆေးဝါးများကို ထုတ်လုပ်နေခြင်းအား မိမိတို့ အတုယူလုပ်ဆောင်မည်ဖြစ်ပါကြောင်း၊
• မြန်မာနိုင်ငံသို့ ကမ္ဘာအရပ်ရပ်မှ တင်သွင်းမည့် ဆေးဝါးပစ္စည်းများနှင့် ပတ်သက်၍ အမြန်ဆုံးမှတ်ပုံတင်လိုင်စင်ချပေးနိုင်ရေးအတွက် သက်ဆိုင်ရာပုဂ္ဂိုလ်များ၊ ဝန်ထမ်းများနှင့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ် ခေါ်ယူသွားပြီးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နိုဝင်ဘာလ (၈) ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံကျန်းမာရေးဝန်ကြီး Dr. Terawan Agus Putranto အားတွေ့ဆုံနှုတ်ဆက်၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့် အကျိုးတူကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအကြား ကျန်းမာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာကို နှစ်ဖက်လက်မှတ်ရေးထိုးခဲ့ပါသည်။ ထိုသို့ လက်မှတ်ရေးထိုးခြင်း အခမ်းအနားသို့ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး နှင့် မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး တို့တက်ရောက်ခဲ့ပါသည်။

     အဆိုပါ နားလည်မှုစာချွန်လွှာလက်မှတ် ရေးထိုးပွဲ၌ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးမှုသည် နှစ်နိုင်ငံအကြား ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် ကဏ္ဍအသစ်ဖွင့်လှစ်လိုက် ခြင်းဖြစ်ပါကြောင်း၊
• စာချွန်လွှာတွင် ဖော်ပြထားသော လုပ်ငန်းများကို လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် နှစ်ဖက်တာဝန်ရှိသူများ၏ အသေးစိတ်ညှိနှိုင်းမှုများဖြင့် အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊
• စာချွန်လွှာတွင်ပါရှိသည့် ကုသမှုပိုင်းဆိုင်ရာကိစ္စရပ်များ၊ ပြည်သူ့ကျန်းမာရေးနှင့် ရောဂါနှိမ်နင်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ကျန်းမာရေးလူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်မှုလုပ်ငန်းများ၊ ဆေးနှင့်ဆေးပစ္စည်းကိရိယာများ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများနှင့် သုတေသနလုပ်ငန်းများကို စနစ်တကျပူးပေါင်းဆောင် ရွက်မည်ဖြစ်သဖြင့် နှစ်နိုင်ငံအတွက်များစွာ အကျိုးရှိမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     အင်ဒိုနီးရှား နိုင်ငံကျန်းမာရေးဝန်ကြီးကလည်း -

• ဤနားလည်မှုစာချွန်လွှာသည် နှစ်နိုင်ငံ အကျိုးတူပူးပေါင်းဆောင်ရွက်မှုအတွက် အစပျိုးလမ်းခင်းပေးသည်ဖြစ်သဖြင့် ၎င်းအနေဖြင့် အထူးကြိုဆိုပါကြောင်း၊
• နှစ်နိုင်ငံ ကျန်းမာရေးဝန်ထမ်းများအကြား ဆက်သွယ်မှု လမ်းကြောင်းများ ပိုမိုကောင်းမွန်လာမည်ဖြစ်သည့်အတွက် ကြိုဆိုပါကြောင်း၊
• ထိရောက်အကျိုးရှိမည့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်၍လုပ်ကိုင်လိုပါကြောင်း အစရှိသဖြင့် ပြောကြားခဲ့ပါသည်။

     ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ၌ ဆေးဝါးစက်ရုံတည်ဆောက် လျက်ရှိသော Kalbe Company ၏ ဆေးဝါးထုတ်လုပ်မှု ဗဟိုစက်ရုံသို့သွားရောက် လေ့လာခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် Presidential Indonesian Army ဆေးရုံသို့ သွားရောက်၍ Cellcure Centre တွင် နောက်ဆုံးပေါ်ဆေးသိပ္ပံနည်းစနစ်များဖြင့် သီးခြားရွေးထုတ်ထားသည့် သွေးဖြူဥအမျိုးအစားတစ်မျိုး (Monocyte Extract) ဖြင့် ခန္ဓာကိုယ်ခုခံအားစနစ် ဖောက်လွှဲဖောက်ပြန်ဖြစ်ခြင်း (Autoimmune) ရောဂါ၊ အယ်ဇိုင်းမား (Alzheimer) ရောဂါများနှင့် ကင်ဆာရောဂါကုသမှုများကို လေ့လာခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိ သူများနှင့်ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ပါသည်။

 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် RSUPN Dr. Cipto အထွေထွေရောဂါကု ဆေးရုံကြီး၊ အမျိုးသားအဆင့် ကင်ဆာရောဂါကုစင်တာ နှင့် ကင်ဆာရောဂါကုဆေးရုံ တို့သို့သွားရောက်၍ ဆေးရုံ၏ အုပ်ချုပ်စီမံခန့်ခွဲမှုစနစ်နှင့် ဆေးရုံဝန်ဆောင်မှုဆိုင်ရာ ကိစ္စရပ်များကို အတွေ့အကြုံညှိနှိုင်းဖလှယ်ခဲ့ပါသည်။ အဆိုပါ ဆေးရုံများတွင် ပြည်ထောင်စုဝန်ကြီးက -

• မြန်မာနိုင်ငံ၌ အမျိုးသားအဆင့် ကင်ဆာရောဂါကုသမှုဌာနကြီး (National Cancer Institute) တစ်ခုပေါ်ပေါက်လာရေးအတွက် စတင်ဆောက်လုပ်လျက်ရှိသဖြင့် အင်ဒိုနီးရှားနိုင်ငံရှိ အမျိုးသားအဆင့် ကင်ဆာရောဂါကုစင်တာ၏ လုပ်ငန်းဆောင်ရွက်ပုံများကို လေ့လာခွင့်ရရှိသည့်အတွက် မိမိတို့နိုင်ငံအတွက် အထူးအကျိုးရှိမည်ဖြစ်ပါကြောင်း၊
• အင်ဒိုနီးရှားနိုင်ငံရှိ အစိုးရဆေးရုံများ၌ အခကြေးငွေယူကောက်ခံသော လူနာဆောင်များဖွင့်လှစ်ပြီး ယင်းလူနာဆောင်များ၌ သတ်မှတ်ချထားသော စည်းကမ်းစနစ်များနှင့် အညီ အစိုးရ ဆေးရုံများမှ ဆရာဝန်၊ သူနာပြုနှင့် ကုသမှုအထောက်အကူပြု ပညာရှင်များ သွားရောက် လုပ်ကိုင်ခြင်း စနစ်သည် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်မှု (incentive) သဘော ဖြစ်သဖြင့် မိမိတို့နိုင်ငံတွင် အတုယူရမည့် ကိစ္စရပ်ဖြစ်ပါကြောင်း၊
• အစိုးရဆေးရုံများ၌ လိုအပ်သည့် နောက်ဆုံးပေါ် ရောဂါရှာဖွေရေးနှင့်ကုသရေး ပစ္စည်းကိရိယာများနှင့် တန်ဖိုးကြီးမားသည် ဓာတ်ရောင်ခြည် ကုသစက်များကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု စနစ်ပုံစံဖြင့် ဌားရမ်း၍ ဖြည့်တင်းဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ စက်ပစ္စည်းကိရိယာများ ပြုပြင်ထိန်းသိမ်းမှုနှင့် အပိုပစ္စည်းများအတွက် ပုဂ္ဂလိက ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်နေမှုများအား အင်ဒိုနီးရှားနိုင်ငံတွင် လုပ်ဆောင်လျက်ရှိသည်ကိုလည်း မိမိတို့နိုင်ငံတွင် အတုယူဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

 

     ထို့အပြင် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါအစိုးရဆေးရုံ (၂) ရုံတွင် ကျင့်သုံးလျက်ရှိသည့် ချို့တဲ့သူများအတွက် အစိုးရ၏ ကျန်းမာရေးအာမခံစနစ်ဖြင့် ဆေးဝါးကုသပေးလျက်ရှိသည့် လူနာဆောင်များအခြမ်း (public wing) နှင့် တစ်ပြိုင်နက်တည်း အခကြေးငွေ ယူသည့် ပုဂ္ဂလိကလူနာဆောင်မျာ အခြမ်း (private wing) ထားရှိကာ ဆောင်ရွက်နေမှု၊ ဝန်ထမ်းများထားရှိစီမံခန့်ခွဲမှု၊ ရရှိသည့် အကျိုးအမြတ်များအား လုပ်ငန်းတာဝန်နေရာ နှင့် လုပ်ငန်းစွမ်းဆောင်ရည် တို့အပေါ်မူတည်၍ အမှတ်ပေးစနစ် (point system) ဖြင့် ခွဲဝေပေးမှု၊ အလှည့်ကျတာဝန်ချထားမှုများနှင့် အစိုးရနှင့် ပုဂ္ဂလိကလူနာဆောင်များအခြမ်း (၂) မျိုးလုံးတွင် အရည်အသွေးကောင်းမွန်သည့် တူညီ ဆေးဝါး၊ စက်ကိရိယာနှင့် ဓာတ်ခွဲပစ္စည်းများသာ ထားရှိသုံးစွဲနေမှုများနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့် အသေးစိတ်ဆွေးနွေးခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးသည် အဆိုပါ ကင်ဆာဆေးရုံအတွင်းဆောင်ရွက်လျက် ရှိသည့် ကင်ဆာမှတ်ပုံတင် (Cancer Registry) စနစ်၊ ကျန်းမာရေးပညာပေးမှု၊ နှစ်သိမ့်ဆွေးနွေး ပညာပေးမှုနှင့် ဝေဒနာသက်သာလျော့ပါးစေရန် ကုသမှု (Palliative Treatment) ဆောင်ရွက်နေမှုများအားလည်း အသေးစိတ်လေ့လာဆွေးနွေးခဲ့ပါသည်။

More Tags