အင်တာနက်ကွန်ရက်အသုံးပြု Video Conferencing ပုံစံဖြင့် ပြုလုပ်သော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄၄/၂၀၂၀) သို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

Union Minister Dr. Myint Htwe attends the central coordination meeting (44/2020) on containment and prevention of Coronavirus Disease (COVID-19)

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၂၉) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ် (၁) နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ အင်တာနက်ကွန်ရက်အသုံးပြု Video Conferencing ပုံစံဖြင့် ပြုလုပ်သော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄၄/၂၀၂၀) သို့ တက်ရောက်ခဲ့ပါသည်။

 

     အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အားသွန်ခွန်စိုက် ပြုလုပ်လျက် ရှိသောပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ ကဏ္ဍအသီးသီးမှ ဝန်ထမ်းများအားလုံးကို ပြည်သူများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊

• ယခုကဲ့သို့ Video Conferencing ဖြင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနများမှ တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများနှင့် တိုက်ရိုက် ဆွေးနွေးနိုင်ခြင်းအားဖြင့် လုပ်ငန်းလိုအပ်ချက်များကို တိုက်ရိုက်သိရှိကာ အချိန်နှင့်တစ်ပြေး ညီသိရှိဖြည့်ဆည်းနိုင်ခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်တစ်ခုမှ ကောင်းမွန်သည့် လုပ်ဆောင် ချက်များကို အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ အတုယူလုပ်ဆောင်နိုင်ခြင်း တို့ကိုလုပ် ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်အဆင့် တာဝန်ရှိသူများအနေဖြင့်လည်း ခရိုင်၊ မြို့နယ် အဆင့်တာဝန်ရှိသူများနှင့် အစည်းအဝေးပြုလုပ်ခြင်းနှင့် ပုံမှန် ဆက်သွယ်ခြင်းတို့ဖြင့် လိုအပ်ချက်များကို မေးမြန်းခြင်း၊ ဖြည့်ဆည်းပေးခြင်း၊ လိုအပ်ပါက ဗဟိုအဆင့်သို့တင်ပြ တောင်းခံခြင်းများ ပြုလုပ်ရမည်ဖြစ်ပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနများ၊ ဆေးရုံကြီးများမှ တာဝန်ရှိသူများအနေဖြင့်လည်း လုပ်ငန်းဆိုင်ရာ အကြံပြုချက်များ ပွင့်ပွင့်လင်းလင်းပေးအပ် စေလိုပါကြောင်း၊

 

• မိမိတို့နေဖြင့် ပြောင်းလဲနေသော အခြေအနေအရပ်ရပ်နှင့်အညီ လုပ်ငန်းနည်းဗျူဟာများ၊ လုပ်ငန်းစဉ်များကို မွမ်းမံပြောင်းလဲဆောင်ရွက်လျက်ရှိပါကြောင်း၊

• ကုသရေးဆိုင်ရာ၊ ဆေးရုံပိုင်းဆိုင်ရာများကို သက်ဆိုင်ရာ ဆေးရုံတာဝန်ရှိသူများ၊ အထူးကုဆရာဝန်ကြီးများမှ လိုအပ်သလို ဆုံးဖြတ်ချက်ချဆောင်ရွက်ရန်ဖြစ်ပြီး လိုအပ်သည် များကို ချက်ချင်းတင်ပြတောင်းခံရန်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာန ဝယ်ယူဖြန့်ဖြူးကဏ္ဍမှလည်း မှာယူထားရှိသည်နှင့် လှူဒါန်းရရှိသည် ဆေးနှင့်ဆေးပစ္စည်းများကို လိုအပ်သည့်နေရာသို့ ချက်ချင်း အမြန်ဆုံးဖြန့်ဝေပေးရန် ဖြစ်ပါကြောင်း၊

• ယခုအချိန်တွင် ရောဂါပြန့်ပွားကူးစက်မှုကို ထိန်းချုပ်ရန်မှာ သတ်မှတ်နေရာအဆောက်အဦ တွင်ထားရှိ အသွားအလာကန့်သတ်ခြင်း၊ အိမ်တွင်ထားရှိ အသွားအလာကန့်သတ်ခြင်း၊ ဟိုတယ်တွင် အသွားအလာကန့်သတ်ခြင်း၊ ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်းကူညီစောင့်ရှောက်ပေးမှုဖြင့်သတ်မှတ်နေရာ အဆောက်အဦများတွင် ထားရှိပြီး အသွားအလာကန့်သတ်ခြင်း နှင့် ဆေးရုံတွင် အသွား အလာကန့်သတ်ခြင်းတို့ကို စနစ်တကျ တင်းကျပ်စွာလုပ်ဆောင်ခြင်းဖြစ်ပါကြောင်း၊

• အသွားအလာကန့်သတ်ခြင်းခံယူသူဦးရေ၊ ၎င်းတို့၏ ကျန်းမာရေးအခြေအနေနှင့် လုပ်ငန်း ဆောင်ရွက်ရန် လိုအပ်ချက်များကို နေ့စဉ်သတင်းပေးပို့ရန် ဖြစ်ပါကြောင်း၊

• ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်နေသည့်အပြင် အသွားအလာ ကန့်သတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နေရာများရရှိရန် ကွင်းဆင်းကြိုးပမ်း ဆောင်ရွက်သည့် ဝန်ထမ်းများအားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊

• COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ (၈) ဦးနှင့် ထိတွေ့ခဲ့သူများကို ရှာဖွေ ထောက်လှမ်းခဲ့ရာ (၄၇၀) ဦးကျော်ကို တွေ့ရှိခဲ့ပြီး ၎င်းတို့တွင် ရောဂါကူးစက် ခံထားရခြင်း ရှိ၊ မရှိနှင့် ရှိခဲ့ပါက ၎င်းတို့မှတစ်ဆင့်ထပ်မံကူးစက်ပြန့်ပွားခြင်းမရှိစေရေးအတွက် အသွား အလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ယခုအချိန်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရှိ ဝန်ထမ်းများအားလုံးသည် ကြီးမားသည့် လုပ်ငန်းတာဝန်နှင့် ဖိအားများအကြားဆောင်ရွက်နေရခြင်းဖြစ်သဖြင့် သဘောထားမတိုက်ဆိုင်မှုများ၊ နားလည်မှုလွဲခြင်းများရှိပါကလည်း အားလုံးသည် ပြည်သူများတွင် ရောဂါဖြစ်ပွား ပျံ့နှံ့မှုမရှိစေရေး၊ အသက်သေဆုံးမှုမရှိစေရေးနှင့် ပြည်သူများ အကျိုးအတွက် ဦးတည်ဆောင်ရွက်နေခြင်းဖြစ်သဖြင့် တိုင်ပင်ညှိနှိုင်း ဆွေးနွေးကာ ဆောင်ရွက်သွားစေလိုပါကြောင်း၊

• ထိုင်းနိုင်ငံမှ ပြည်တွင်းသို့ပြန်လည်ရောက်ရှိလာကြသူများကို အသွားအလာကန့်သတ်ထားရှိ သည့် မြို့နယ်အလိုက်စာရင်းနှင့် မြေပုံများ ရေးဆွဲဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊

• ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်းကူညီစောင့်ရှောက်ပေးမှုဖြင့်သတ်မှတ်နေရာ အဆောက်အဦများတွင် ထားရှိပြီး အသွားအလာကန့်သတ်ခြင်း (Community based facility quarantine) တွင် ကျန်းမာရေး၊ အထွေထွေအုပ်ချုပ်ရေးဌာနများအပြင် ရပ်ရွာနေပြည်သူများက ပါဝင်ပူးပေါင်း ကြီးကြပ်မှုဖြင့်ဆောင်ရွက်လျက်ရှိသဖြင့် ပြည်သူများအနေဖြင့် မိမိကိုယ်ပိုင်အရေးကဲ့သို့ သဘောထားလာမည်ဖြစ်ပြီး လုပ်ငန်းပိုမိုထိရောက်မည်ဖြစ်ပါကြောင်း၊

• ဗဟိုအဆင့် တာဝန်ရှိသူများအားလည်း နိုင်ငံခြားမှ ပြန်လည်ရောက်ရှိသူများ များပြားနေသည့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်း ဒေသကြီးတို့တွင် လုပ်ငန်းအားဖြည့်ဆောင်ရွက်ရန် စေလွှတ်ထားရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ယနေ့ပြုလုပ်သော အစည်းအဝေးတွင် -

• တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် အသွားအလာကန့်သတ်ခြင်းခံယူနေသူ အရေအတွက်နှင့် အသွားအလာကန့်သတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊

• စစ်ကိုင်းတိုင်းဒေသကြီးတွင် အသွားအလာကန့်သတ်ခြင်းခံယူနေသူ အမျိုးသားတစ်ဦးသည် သတ်မှတ်စည်းကမ်းများအား လိုက်နာမှုမရှိဘဲ အခြားသူများကို အန္တရာယ်ဖြစ်စေနိုင်သည့် အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တရားစွဲဆိုထားရှိမှု၊

• COVID-19 ရောဂါနှင့် ပတ်သက်၍ ယခုလက်ရှိတွင် ပြည်သူများက (၂၄) နာရီ ဖုန်းဖြင့် ဆက်သွယ်နိုင်ရန် လုပ်ဆောင်ထားရှိရာမှ Call Center တစ်ခု ထားရှိ၍ ပြည်သူများ၏ ဆက်သွယ်မေးမြန်းမှုများကို ဖြေကြားနိုင်ရန်အတွက် သက်ဆိုင်ရာနှင့် ချိတ်ဆက် ဆောင်ရွက်နေမှု၊

• ထပ်မံတွေ့ရှိလာနိုင်သည့် COVID-19 လူနာများအတွက် designated hospital များ ထပ်တိုးဆောင်ရွက်ရန် အစီအစဉ်၊ လိုအပ်သည့် လူနာခုတင်၊ အထူးကြပ်မတ်ကုသမှု ပစ္စည်းများ ဖြည့်ဆည်းရန် ကိစ္စ၊

 

• အခြားအထွေထွေ လုပ်ငန်းလိုအပ်ချက်များ၊

• COVID-19 ရောဂါ ရှာဖွေစစ်ဆေးရေးအတွက် US FDA မှ အသိအမှတ်ပြု Rapid Diagnosis Test Kit များ အသုံးပြုနိုင်ရန်အတွက် မှာယူရေးကိစ္စ၊

• အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) တွင်သာမက ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) တွင်လည်း COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်နိုင်ရေး စီမံဆောင်ရွက်မည့်ကိစ္စ၊

 

• တစ်ကိုယ်ရည်သုံးရောဂါ ကာကွယ်ရေးဝတ်စုံများ၊ အသက်ရှူစက်များ အပါအဝင် ဆေးနှင့် ဆေးပစ္စည်းများ ဖြန့်ဝေထားရှိမှု၊ မှာယူထားရှိမှုနှင့် ထပ်မံရောက်ရှိလာမည့်အခြေအနေ နှင့် အထွေထွေကိစ္စ ရပ်များဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးသို့ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများနှင့် ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး၊ ကုသရေး၊ ဝယ်ယူဖြန့်ဖြူးရေး၊ ဝန်ထမ်းရေးရာ၊ ဓာတ်ခွဲ၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေး၊ eHealth၊ ပြည်တွင်းပြည်ပ ဆက်ဆံရေး၊ စီမံခန့်ခွဲရေး စသည့် ကဏ္ဍအသီးသီး၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူများ၊ ဆေးရုံအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

More Tags