အခြေခံကျန်းမာရေး ဝန်ထမ်းများ ညီလာခံနှင့် ဗဟိုအဆင့် လူထုကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းဆန်းစစ် ဆွေးနွေးပွဲ (၂၀၁၈) ကျင်းပ

Union Minister Dr. Myint Htwe attends the opening ceremony of national basic health staff assembly and central evaluation workshop on community health care services (2018)

နေပြည်တော်၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) (MICC - 2) ၌ ကျင်းပခဲ့သည့် အခြေခံကျန်းမာရေးဝန်ထမ်းများညီလာခံနှင့် ဗဟိုအဆင့်လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆန်းစစ်ဆွေးနွေးပွဲ (၂၀၁၈) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် -

• နိုင်ငံတစ်ဝန်းကျေးလက်ဒေသအောက်ခြေအထိ ပြည်သူများအားလုံးကျန်းမာရေး စောင့်ရှောက်မှု လွှမ်းခြုံနိုင်ရေး၊ ရောဂါကြိုတင်ကာကွယ်ရေး၊ ကျန်းမာရေးအဆင့်အတန်းမြင့်မားရေး၊ ရောဂါ ရှာဖွေ ကုသရေးနှင့် ပြန်လည်ထူထောင်ရေးတို့ ပါဝင်သော ပြီးပြည့်စုံသော ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေးတို့အတွက် ဝန်ကြီးဌာနမှ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာတွင် အခြေခံကျန်းမာရေးဝန်ထမ်း ပညာရှင်များ၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊

• ဝန်ကြီးဌာန၏ ရည်မှန်းချက်ပန်းတိုင်များအောင်မြင်စေရေး၊ (၂၀၃၀) ခုနှစ်တွင် လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သည့် ကျန်းမာရေးစောင့်ရှောက်မှုရရှိရေးတို့အတွက် အားလုံးမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်မှုများတွင် လက်တွေ့မြေပြင်၌ လုပ်ငန်းဆောင်ရွက်မှုများ ပိုမို ထိရောက်ကောင်းမွန်စေရေးအတွက် အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များထံမှ အတွေ့အကြုံနှင့် အကြံဉာဏ် များရယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

 

• အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များ၏ စွမ်းဆောင်ရည်များ ပိုမိုမြင့်မားလာခြင်းဖြင့် ရောဂါ ကာကွယ်နှိမ်နင်းရေးနှင့် ပြည်သူ့ကျန်းမာရေးကဏ္ဍလုပ်ငန်းများလည်း ပိုမိုတိုးတက်ကောင်းမွန် လာကာ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုပီပြင်အောင်မြင်နိုင် မည်ဖြစ်ပါကြောင်း၊

• ထိုသို့ စွမ်းဆောင်ရည်များတိုးမြှင့်စေရေးနှင့် လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုအဆင်ပြေချောမွေ့စေ ရေးတို့အတွက် ယခုညီလာခံကြီးတွင် အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များမှ ပွင့်လင်းစွာ တင်ပြအကြံပေးဆွေးနွေးကြစေလိုပါကြောင်း၊ တာဝန်ရှိသူများမှလည်း အဆိုပါ အကြံပြု ဆွေးနွေးချက်များကို အလေးအနက်ထား စဉ်းစား၍ ချက်ချင်းဆောင်ရွက်ရမည်များနှင့် အဆင့်လိုက်၊ အပိုင်းလိုက်ဆောင်ရွက်ရမည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြရမည်ဖြစ် ပါကြောင်း၊

• ဝန်ကြီးဌာန၏ လုပ်ငန်းများအောင်မြင်စေရေးအတွက် လုပ်ငန်းများကို စူးစိုက်ဆောင်ရွက်မှု၊ ပညာရှင်ပီသမှု၊ စွမ်းဆောင်ရည်ပြည့်ဝမှု၊ ခံယူချက်သဘောထားကောင်းမွန်မှုနှင့် အသင်းအဖွဲ့ စိတ်ဓာတ်များ၊ ဗဟိုအဆင့်နှင့်တိုင်းဒေသကြီး/ ပြည်နယ်အဆင့် တို့မှ ပံ့ပိုးမှု၊ မြို့နယ်နှင့် တိုက်နယ်အဆင့် တာဝန်ရှိသူများမှ ဝိုင်းဝန်းဆောင်ရွက်မှုများဖြင့် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊

 

• ဝန်ကြီးဌာနအနေဖြင့် အခြေခံကျန်းမာရေးဝန်ထမ်းများ၏ ပညာရပ်ပိုင်းနှင့် လုပ်ငန်းစွမ်းဆောင် ရည်မြင့်မားရေးအတွက် Mobile Tablet (၁၂,၀၀၀) ခန့်ကို ဖြန့်ဝေပေးခဲ့ပြီး (၁၄,၀၀၀) ခန့်ကို ထပ်မံ၍ဖြန့်ဝေ သွားမည်ဖြစ်ရာ အဆိုပါ Mobile Tablet များကို အကျိုးရှိစွာ အသုံးချစေလိုပါကြောင်း၊ ကျန်းမာရေးစကားဝိုင်းငယ်များကိုလည်း ပိုမိုပြုလုပ်စေလိုပါကြောင်း၊

• ယခုညီလာခံတွင် နိုင်ငံတစ်ဝန်းမှ အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များ၏ ဝိုင်းဝန်းဆွေးနွေး တင်ပြခြင်းဖြင့် တိုင်းဒေသကြီး/ ပြည်နယ် အချင်းချင်း အတွေ့အကြုံနှင့် သတင်းအချက် အလက်များ ဖလှယ်ရယူနိုင်မည်ဖြစ်ပါကြောင်း၊

 

• လုပ်ငန်းများ ပီပြင်အောင်မြင်စေရေးအတွက် ကျန်းမာရေးသတင်းအချက်အလက်စနစ် ကောင်းမွန်မှုသည် အဓိကကျပါကြောင်း၊

• မြို့နယ်အသီးသီးမှ သတင်းအချက်အလက်များ အဆင့်ဆင့်ပေးပို့လာမှုကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများက ကျွမ်းကျင်မှုပိုင်းဆိုင်ရာရှုထောင့်မှ သုံးသပ် (analysis) ပြီး သက်ဆိုင်ရာမြို့နယ်များသို့ အခြေအနေကို ပြန်လည် အကြောင်းကြား ခြင်း (feedback)၊ သတင်းပေးပို့မှုအပေါ် တုံ့ပြန်ဆောင်ရွက်ခြင်း (response) တို့ကို ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊

• လုပ်ငန်းဆောင်ရွက်မှုများကို စောင့်ကြည့်ဆန်းစစ်မှု (monitoring) လုပ်ငန်းများကို checklist များအသုံးပြုဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

 

• မိမိဝန်ကြီးဌာနကို စတင်တာဝန်ယူခဲ့သည့် အချိန်တွင် အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များ ဖြည့်စွက်ရသည် စာရင်းဇယားများကို ပြန်လည်သုံးသပ်၍ အရေအတွက်သိသာစွာ လျော့နည်း စေရေး ဆောင်ရွက်ခဲ့ကြောင်း၊ ကျန်းမာရေးစီမံချက်လုပ်ငန်းများအနေဖြင့် အခြေခံကျန်းမာရေး ဝန်ထမ်း ပညာရှင်များ ဖြည့်စွက်ရသည့် စာရင်းဇယားများလျော့နည်းစေရေး အတွက် ထပ်မံ စိစစ်၍ လိုအပ်သလိုမွမ်းမံကာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ထို့အပြင် အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များ၏ တာဝန်ဝတ္တရားများကိုလည်း မဖြစ်မနေ အဓိကလုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများနှင့် သာမာန်လုပ်ငန်းတာဝန်ဝတ္တရားများ အဖြစ် သတ်မှတ်၍ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ယခုထက် ပိုမိုလျင်မြန်ထိရောက်မှုရှိစေရန်အတွက် လာမည့် (၂၀၁၉) ခုနှစ်၊ အောက်တိုဘာလမှ စတင်၍ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီး ဌာနမှူးများနှင့် ဆေးရုံအုပ်ကြီးများအား လုပ်ပိုင်ခွင့်များ ပိုမိုပေးအပ်သွားမည် (delegation of authority) ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ဗဟိုမှ လုပ်ငန်းလမ်းညွှန်နှင့် လုပ်ထုံးလုပ်နည်းများ ပြုစုထုတ်ဝေပေးရမည်ဖြစ်ပါကြောင်း၊

 

• ဝန်ကြီးဌာန၏ ဘဏ္ဍာငွေ၊ နိုင်ငံတကာထောက်ပံ့ငွေနှင့် ချေးငွေများကို ယခုထက် ပိုမိုအကျိုးရှိ ထိရောက်စွာ အသုံးချနိုင်ရေးအတွက် ဝန်ကြီးဌာနတွင် အဖွဲ့များဖွဲ့စည်း၍ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် (၂၀၁၆) ခုနှစ်၊ ဧပြီလမှ ယနေ့အထိ လက်ထောက်ဆရာဝန် (၄,၇၁၁)ဦး၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် - ၂ (၃,၀၀၀) ဦး၊ လက်ထောက်ကျန်းမာရေးမှူး (၃၈၁) ဦး၊ သူနာပြု (၅,၆၈၁) ဦးနှင့် သားဖွားဆရာမ (၃,၈၄၄) ဦး အပါအဝင် ဝန်ထမ်း (၂၇၁၃၇) ဦး အသစ်ခန့်အပ်ထားခဲ့ပြီး အဆိုပါဝန်ထမ်းများ လုပ်ငန်းဆောင်ရွက်မှု အဆင်ပြေချောမွေ့စေရေးနှင့် စွမ်းဆောင်ရည်မြင့်မားရေးလုပ်ငန်းများကိုလည်း စီမံချက်များချမှတ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊

• ဒေသန္တရကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲများ၏လုပ်ငန်းစွမ်းဆောင်မှုများ၊ လိုအပ်ချက်နှင့် အားနည်းချက်များကို ဆန်းစစ်သုံးသပ်မှုများ ပြုလုပ်၍ ဖြည့်ဆည်း ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊

 

• တိုင်းဒေသကြီး/ ပြည်နယ်များတွင် လူထုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း ဆန်းစစ်ဆွေးနွေးပွဲများ ကျင်းပရာတွင် အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များကို ပိုမိုပါဝင်တက်ရောက် ဆွေးနွေးစေလို ပါကြောင်း၊

• လူထုကျန်းမာရေးလုပ်သားများနှင့် စေတနာ့ဝန်ထမ်းငှက်ဖျားလုပ်သားများကို အကျိုးရှိ ထိရောက်စွာ အသုံးချနိုင်ရေးကိုလည်း ညီလာခံတွင် ဝိုင်းဝန်းအကြံပြုကြစေလိုပါကြောင်း၊

• ယခုညီလာခံနှင့် ဆွေးနွေးပွဲအထိမ်းအမှတ် ညစာစားပွဲပြုလုပ်ရာတွင်လည်း စားပွဲဝိုင်း တစ်ခုတိုင်းတွင် အကြီးအကဲတစ်ဦးစီမှ အခြေခံဝန်ထမ်းပညာရှင်များနှင့် အတူထိုင်၍ အလွတ် သဘော ဆွေးနွေးမှု များလည်း ပြုလုပ်စေလိုပါကြောင်း၊

• ဝန်ကြီးဌာန၏ လုပ်ငန်းများ ပိုမိုပီပြင်အောင်မြင်စေရေး၊ ဝန်ထမ်းများ လုပ်ငန်းခွင် အဆင်ပြေ ချောမွေ့စေရေးနှင့် စွမ်းဆောင်ရည်မြင့်မားရေးတို့အတွက် အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုး တိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှု ဥက္ကဋ္ဌ ဒေါက်တာဇော်လင်းထွဋ်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ နှင့် တာဝန်ရှိသူများက ပြခန်းများကို လှည့်လည် ကြည့်ရှုခဲ့ပါသည်။ ဆက်လက်၍ ပထမနေ့ ညီလာခံနှင့် ဆွေးနွေးပွဲကို အစီအစဉ်များအတိုင်း တင်ပြဆွေးနွေးအကြံပြုမှု၊ အစုအဖွဲ့ဖြင့်ဆွေးနွေးမှုနှင့် အကြံပြုချက်များကို ဆွေးနွေးအတည်ပြုမှုများ ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါ ညီလာခံနှင့် ဆွေးနွေးပွဲကို အခြေခံကျန်းမာရေးဝန်ထမ်းများ၏ တာဝန်ဝတ္တရားများနှင့် လုပ်ငန်းစွမ်းဆောင်ရည်ကို ဆန်းစစ်ဆွေးနွေးရန်၊ အခြေခံကျန်းမာရေး ဝန်ထမ်းများ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် လိုအပ်နေသည့် အထောက်အပံ့များ၊ ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ဆန်းစစ်ဆွေးနွေးရန်၊ ပဏာမကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် ကျန်းမာရေး စေတနာ့ ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် စွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးကို ဆွေးနွေးဖော်ထုတ်ရန်၊ အခြေခံကျန်းမာရေးဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင် ရည် မြင့်မားတိုးတက် လာစေရန်အတွက် အထက်အဆင့်အသီးသီးမှ တာဝန်ယူပံ့ပိုးပေးရမည့် ကိစ္စ များကို ဆွေးနွေးဖော်ထုတ်၍ ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရန်၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ အကောင်အထည်ဖော်နိုင်မှု အခြေအနေ၊ အခက်အခဲ၊ လိုအပ်ချက်နှင့် အကြံပြုချက်များကို ဆန်းစစ်ဆွေးနွေးရန် ရည်ရွယ်ချက်များဖြင့် စက်တင်ဘာလ (၁၆) ရက်နေ့မှ (၁၈) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပါသည်။

 

 

     အဆိုပါ အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့်တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်နှင့် အခြေခံ ကျန်းမာရေးတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အငြိမ်းစားပြည်သူ့ ကျန်းမာရေးပညာရှင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှအခြေခံကျန်းမာရေးဝန်ထမ်း ပညာရှင် (၃၆၂) ဦး၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကမ္ဘာ့ဘဏ်၊ UNFPA၊ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီ၊ မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားအသင်း တို့မှ တာဝန်ရှိသူများ စုစုပေါင်း (၅၅၀) ဦးခန့်တက်ရောက်ခဲ့ပါသည်။

More Tags