အခြေခံကျန်းမာရေးဝန်ထမ်းများညီလာခံနှင့် ဗဟိုအဆင့်လူထု ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

Union Minister Dr. Myint Htwe attends the closing ceremony of national basic health staff assembly and central evaluation workshop on community health care services (2018)

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် စက်တင်ဘာလ (၁၈) ရက်နေ့၊ ညနေပိုင်းတွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) (MICC - 2) ၌ ကျင်းပခဲ့ သည့် အခြေခံကျန်းမာရေးဝန်ထမ်းများညီလာခံနှင့် ဗဟိုအဆင့်လူထု ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။

 

     အဆိုပါ အခမ်းအနား၌ ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးကျော်အောင်က “ဗဟိုအဆင့် လူထုကျန်းမာရေးဆန်းစစ်ဆွေးနွေးပွဲနှင့် စီမံကိန်း ရေးဆွဲရေးအလုပ်ရုံဆွေးနွေးပွဲ” မှ ထွက်ပေါ်လာသော အကြံပြုချက်များကိုလည်းကောင်း၊

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ဆည်ကြီးကျေးလက်ကျန်းမာရေးဌာနခွဲမှ သားဖွားဆရာမ ဒေါ်သူသူထွန်းက “အခြေခံကျန်းမာရေးဝန်ထမ်းများညီလာခံ” မှ ထွက်ပေါ်လာ သော အကြံပြုချက်များကိုလည်းကောင်း ဆွေးနွေးတင်ပြခဲ့ပါသည်။

 

     ဆက်လက်၍ ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့နယ်၊ ကြာစီရှူးကျေးလက်ကျန်းမာရေးဌာနခွဲမှ ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) ဦးမျိုးမင်းအောင်က “Call for action (တိုက်တွန်းနှိုးဆော်ချက်)” ကို ဖတ်ကြားခဲ့ပါသည်။

 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် -

• ဝန်ကြီးဌာန၏ လုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ထမ်းတစ်ဦးတစ်ယောက်ချင်းသည် တန်းတူ ညီမျှ အရေးကြီးပါကြောင်း၊

• ယခု ညီလာခံတွင် အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များအနေဖြင့် လက်တွေ့မြေပြင်တွင် လုပ်ငန်းဆောင်ရွက်မှု အတွေ့အကြုံများအပေါ် အခြေခံ၍ လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင် စေရေး၊ လုပ်ငန်းဆောင်ရွက်မှု အဆင်ပြေချောမွေ့စေရေး၊ စွမ်းဆောင်ရည်မြင့်မားရေးနှင့် ဝန်ထမ်းသက်သာ ချောင်ချိရေး ကိစ္စရပ်များကို ဆွေးနွေးအကြံပြုမှုများသည် ကောင်းမွန် ပါကြောင်း၊

 

• ဆွေးနွေးအကြံပြုချက်များသည် ကျိုးကြောင်းဆီလျော်မှုရှိပြီး အဆင့်အတန်းမြင့်မားပါကြောင်း၊ အကြောင်းအရာနယ်ပယ်စုံလင်ပြီး အမျိုးသားကျန်းမာရေးစီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းများ တာဝန်ထမ်းဆောင်ရာနေရာဒေသတွင် နေထိုင်ရေးအဆင် ပြေစေရန်အတွက် ဝန်ထမ်းအိမ်ရာများကို “ဝန်ထမ်းအိမ်ရာ” နှစ်များ အဖြစ် သတ်မှတ်ကာ ဆောက်လုပ်ခြင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အသင့်ဆောက်လုပ်ပြီးအိမ်ရာများကို ဝယ်ယူခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ အခန်းပေါင်း (၆၀၀၀) ကျော်ရရှိပြီးစီးခဲ့ပြီး အခန်းပေါင်း (၁၀၀၀၀) ကျော်မှာ ဆောက်လုပ်ဆဲရှိပါကြောင်း၊ (၂၀၁၉-၂၀၂၀) ခု ဘဏ္ဍာနှစ်တွင်လည်း အခန်း ပေါင်း (၅၂၂၀) ကို ထပ်မံဆောက်လုပ်သွားမည်ဖြစ်ပါကြောင်း၊

 

• ဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ယခုထက် ပိုမိုလျင်မြန်စွာဖြင့် အောင်မြင်ထိရောက်မှုရှိစေရန်အတွက်လာမည့် (၂၀၁၉) ခုနှစ်၊ အောက်တိုဘာလမှ စတင်၍ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးဌာနမှူးများနှင့် ဆေးရုံအုပ်ကြီးများအား တာဝန်နှင့် လုပ်ပိုင်ခွင့်များ delegation of authority) ပိုမိုပေးအပ်သွားမည် ဖြစ်ပါကြောင်း၊

• နိုင်ငံတော်အစိုးရမှ E-government လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာတွင် ဝန်ကြီးဌာန အနေဖြင့်လည်း ခေတ်မီသတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာကို အသုံးချ၍ လုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊

 

• ဝန်ကြီးဌာနအနေဖြင့် မြို့နယ်နှင့် တိုက်နယ်ဆရာဝန်များနှင့် အခြေခံကျန်းမာရေးဝန်ထမ်း ပညာရှင်များထံသို့ Mobile Tablet (၁၂,၀၀၀) ခန့်ကို ဖြန့်ဝေပေးထားခဲ့ပြီး GAVI ၏ ပံ့ပိုးမှုဖြင့် ထပ်မံဖြန့်ဝေမည့် Mobile Tablet (၁၄,၀၀၀) ကိုလည်း အမြန်ဆုံးရရှိရေး သက်ဆိုင်ရာ အဖွဲ့အစည်းသို့ ညှိနှိုင်းထားရှိပါကြောင်း၊

• အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များအနေဖြင့် အဆိုပါ Mobile Tablet များတွင် ပါဝင်သော လုပ်ငန်းလမ်းညွှန်များ၊ စာအုပ်စာတန်းများကို လေ့လာခြင်း၊ ကျန်းမာရေးစကားဝိုင်းများ ပိုမိုပြုလုပ်ခြင်းနှင့် စာရင်းဇယားများကို ပုံမှန်ပေးပို့ခြင်းတို့ကို လုပ်ဆောင်စေလိုပါကြောင်း၊

 

• ယခုညီလာခံမှ ထွက်ပေါ်လာသော ဆွေးနွေးအကြံပြုချက်များကို ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပညာရှင်များနှင့် အငြိမ်းစားပညာရှင်များပါဝင်သော အဖွဲ့များဖွဲ့စည်း၍ လက်တွေ့မြေပြင်အခြေအနေများနှင့် ကိုက်ညီစွာဖြင့် ကဏ္ဍအလိုက် အလေးအနက်ထားစဉ်းစားကာ ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း၊

• ထိုသို့ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနမှ ဆောင်ရွက်နိုင်သည်များကို အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ပြီး၊ အစိုးရ အဖွဲ့သို့ တင်ပြဆောင်ရွက်ရမည်များကိုလည်း တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

 

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှ ပံ့ပိုးဆောင်ရွက်နိုင်မည့် ကိစ္စရပ်များအတွက်လည်း ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• ညီလာခံတွင် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုတိုးတက် ကောင်းမွန်စေရေး ဝိုင်းဝန်းဆွေးနွေးကြသူများနှင့် ညီလာခံဖြစ်မြောက်ရေးဝိုင်းဝန်းဆောင်ရွက်ကြသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ပြောကြားခဲ့ပါသည်။

 

     ထို့နောက် အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး၊ အငြိမ်းစားပြည်သူ့ကျန်းမာရေးပညာရှင် ဒေါက်တာသန်းဝင်းနှင့် ဒေါက်တာဌေးလွင် တို့က အမှာစကားပြောကြားခြင်းနှင့် ဆွေးနွေးအကြံပြုခြင်းတို့ကို အသီးသီးဆောင်ရွက်ခဲ့ကြပါသည်။

 

     ဆက်လက်၍ အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များက တင်ပြဆွေးနွေးမှုများပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ပါသည်။

 

     အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့်တာဝန်ရှိသူများ၊ အငြိမ်းစားပြည်သူ့ ကျန်းမာရေးပညာရှင်များ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှအခြေခံကျန်းမာရေးဝန်ထမ်း ပညာရှင်များ၊ စေတနာ့ဝန်ထမ်းကျန်းမာရေးလုပ်သားများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

 
 

More Tags