အခြေခံကျန်းမာရေးဝန်ထမ်းများညီလာခံနှင့် ဗဟိုအဆင့်လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲ ကျင်းပမှုအထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

Union Minister Dr. Myint Htwe attends the commemorative dinner of national basic health staff assembly and central evaluation workshop on community health care services (2018)

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် စက်တင်ဘာလ (၁၈) ရက်နေ့၊ ညနေပိုင်းတွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) (MICC - 2) ၌ ကျင်းပခဲ့သည့် အခြေခံကျန်းမာရေးဝန်ထမ်းများညီလာခံနှင့် ဗဟိုအဆင့် လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲ ကျင်းပမှုအထိမ်းအမှတ် ဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက်ခဲ့ပါသည်။


 

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် -

• ညီလာခံတွင် အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များ၏ အကြံပြုဆွေးနွေးမှုများသည် ကဏ္ဍစုံခြုံငုံမိပြီး ကောင်းမွန်ပါကြောင်း၊

• အဆိုပါ အကြံပြုချက်များကို ဝန်ကြီးဌာနမှ အလေးအနက်ထား စဉ်းစားကာ ဗဟိုအဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဌာနများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• ယခု ညီလာခံကြီးသည် ပြည်သူ့ကျန်းမာရေးလောကအတွက် ကြီးမားသိသာသည့် ကောင်းမွန်သော ပြောင်းလဲမှုများအတွက် များစွာ အထောက်အပံ့ဖြစ်စေမည်ဖြစ်ပါကြောင်း၊

• ညီလာခံတွင် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရေး ဝိုင်းဝန်းဆွေးနွေးကြသူများနှင့် ညီလာခံဖြစ်မြောက်ရေးဝိုင်းဝန်း ဆောင်ရွက်ကြသူ များအားလုံးကို ကျေးဇူးတင်ရှိဂုဏ်ပြုပါကြောင်း ပြောကြားခဲ့ပါသည်။


 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးက လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ပထမဆုရ မန္တလေးတိုင်းဒေသကြီး၊ ဒုတိယဆုရ ပဲခူးတိုင်းဒေသကြီး၊ တတိယဆုရ ရှမ်း (တောင်ကြီး) ပြည်နယ်၊ နှစ်သိမ့်ဆုရ ရန်ကုန်တိုင်းဒေသကြီးနှင့် နှစ်သိမ့်ဆုရ ဧရာဝတီတိုင်းဒေသကြီးတို့မှ ကိုယ်စားလှယ်များကို ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ပါသည်။


 

     ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးက အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များ၏ လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေဆန်းစစ်မှုတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသော တိုင်းဒေသကြီး/ ပြည်နယ်နှင့် မြို့နယ်များကို အသိအမှတ်ပြု မှတ်တမ်းတင်ကတ်ပြားများ ပေးအပ်ခဲ့ပါသည်။


 

     ယင်းနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဆု (၂၀၁၉) ရရှိခဲ့သည့် လူထုအခြေပြု ကျန်းမာရေးစောင့်ရှောက်မှု ဆေးခန်းဖွင့်လှစ်မှု မှတ်တမ်းရုပ်သံကိုပြခဲ့ပါသည်။


 

     ဆက်လက်၍ Dr. Lee Jong-wook memorial prize for public health ဆု ရရှိခဲ့သည့် ဒုတိယညွှန်ကြားရေးမှူးချုပ် (တိုင်းရင်းဆေး) ဒေါက်တာသံလွင်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး (အခြေခံကျန်းမာ) ဒေါက်တာနန်းနိုင်နိုင်ရှိန် နှင့် ဒုတိယညွှန်ကြားရေးမှူး (အခြေခံကျန်းမာ) ဒေါက်တာငြိမ်းအေးထွန်း တို့က ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနသို့ scholarship fund အတွက် ကျပ်သိန်း (၃၀၀)၊ ငဖဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပင်ဦးကျေးလက်ကျန်းမာရေးဌာနသို့ community center for health promotion အတွက် ကျပ်သိန်း (၂၀၀) နှင့် ဆေးပဒေသာပင်အတွက် ကျပ်သိန်း (၅၀)၊ အခြေခံကျန်းမာရေးဌာနခွဲမှ ဝန်ထမ်းများ၏ social welfare အတွက် ကျပ်သိန်း (၂၀၀)၊ စုစုပေါင်း အမေရိကန်ဒေါ်လာ (၅၀,၀၀၀) နှင့် ညီမျှသည့် ကျပ်သိန်း (၇၅) ကို လှူဒါန်းခဲ့ပါသည်။


 

ထို့နောက် အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များ၏ကိုယ်စား ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်မှ ကျန်းမာရေးမှူး (၁) ဦးလကြုံဘရန်က ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။


 

     ဆက်လက်၍ အခြေခံကျန်းမာရေးပညာရှင်ဝန်ထမ်းများက တိုင်းရင်းသား အဆိုအကများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ပါသည်။

     အဆိုပါ ညစာစားပွဲသို့ ပြည်သူ့လွှတ်တော်ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့်တာဝန်ရှိသူများ၊ အငြိမ်းစား ပြည်သူ့ကျန်းမာရေးပညာရှင်များ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှအခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များ၊ စေတနာ့ဝန်ထမ်းကျန်းမာရေးလုပ်သားများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။


 

 


 

 


 

More Tags