မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင်ကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန်၊ (၂၀၁၈) ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တို့နှင့်အတူ ယနေ့၊ နံနက်ပိုင်းတွင် Novotel Hotel၊ ရန်ကုန်၌ ကျင်းပပြုလုပ်ခဲ့သည့် အာဟာရ ပြည့်ဝသော မိခင်နှင့် ကလေးများမှ တဆင့် ကာယ၊ ဉာဏစွမ်းအားနှင့် ပြည့်စုံသော ပြည်သူများ ယခုထက်ပိုမို ထွက်ပေါ်လာစေရေးအတွက် မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင်ကော်မတီ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

 

     ရှေးဦးစွာ မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင်ကော်မတီ၊ ဥက္ကဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အမှာစကားပြောကြားရာတွင် -

• (၂၀၁၇) ခုနှစ်၊ ဇန်နဝါရီလတွင် ပခုက္ကူမြို့၌ ကျင်းပခဲ့သည့် အမျိုးသား အာဟာရဆိုင်ရာ မဟာဗျူဟာနှင့် ပတ်သက်၍ ဝန်ကြီးဌာနများ အကြား ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အာဟာရ ဖွံ့ဖြိုးမှုမြှင့်တင်ရေး လုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အဓိကတာဝန်ယူ၍ နှီးနွယ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန် လမ်းညွှန်ခဲ့ပါကြောင်း၊

• ထိုသို့ဆောင်ရွက်ရာတွင် -

- ပြည်သူအသံကို နားထောင်ကာ အမှန်တကယ်လိုအပ်ပြီး လက်တွေ့ကျသော လုပ်ငန်းများကို ဆောင်ရွက်ရန်နှင့်

- ရှေ့လုပ်ငန်းစဉ်များကို ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် နှီးနွယ်ဝန်ကြီး ဌာနများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ အားလုံး ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ရန် တို့ကို လမ်းညွှန်မှု ပြုခဲ့ပါကြောင်း၊

• (၂၀၁၈)ခုနှစ်ဇွန်လ (၂၂)ရက်နေ့တွင် မြန်မာနိုင်ငံအာဟာရဖွံ့ဖြိုးမှုမြင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင်ကော်မတီ ကို နိုင်ငံတော်သမ္မတရုံးမှ အတည်ပြုဖွဲ့စည်းပေးခဲ့ပါကြောင်း၊

• အာဟာရဖွံ့ဖြိုးမှုသည် နိုင်ငံသားတိုင်း၏ ကိုယ်ကာယကျန်းမာကြံ့ခိုင်ရေးအတွက် သာမက ဉာဏစွမ်းအား ပြည့်ဝမြင့်မားရေးအတွက်ပါ အရေးအကြီး ဆုံးသော အချက်ပင်ဖြစ်ပါကြောင်း၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် အာဟာရဖွံ့ဖြိုးမှု မြှင့်တင်ရေးလုပ်ငန်းများ အနေဖြင့် -

- အာဟာရဆိုင်ရာကျန်းမာရေးအသိပညာပေးခြင်း၊

- အာဟာရဖွံ့ဖြိုးမှုဆိုင်ရာ စစ်တမ်းများ လေ့လာကောက်ယူခြင်း၊

- အားကစားလေ့ကျင့်မှုနှင့် အာဟာရ ဖွံ့ဖြိုးမှုချိတ်ဆက်ဆောင်ရွက်ခြင်း၊

- အာဟာရ စောင့်ရှောက်မှုပေးခြင်းနှင့်

- အာဟာရ ချို့တဲ့မှုဖြစ်ပွားသူများအား ကုသမှုပေးခြင်း စသည်တို့ကို

ပြုလုပ်လျက်ရှိပါကြောင်း၊

 

• အာဟာရဖွံ့ဖြိုးမှု မြှင့်တင်ရေးလုပ်ငန်းများသည် ကဏ္ဍပေါင်းစုံပါဝင်သည့် ကွင်းဆက် လုပ်ငန်းကြီးဖြစ်ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တစ်ခုတည်းမှ လုပ်ဆောင်၍ မရဘဲ လုပ်ငန်းတာဝန်များအလိုက် အားလုံးဝိုင်းဝန်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊

- စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက်ကာ အာဟာရပြည့်ဝ၍ ဘေးအန္တရာယ်ကင်းသော ဒေသထွက် ဟင်းသီး ဟင်းရွက်၊ သား၊ ငါး စသည့် အစားအစာများ ပိုမို လက်လှမ်းမီရရှိနိုင်စေရေး၊

- ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းနေအရွယ်ကလေးငယ်များတွင် အာဟာရနှင့် ပတ်သက် သည့် အသိပညာဗဟုသုတများတိုးမြှင့်ရေး၊

- လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ရက် (၁၀ဝ၀) စီမံကိန်းဖြင့် မိခင်များနှင့် မွေးကင်းစကလေးငယ်များ အာဟာရပြည့်ဝသော အစားအစာများဝယ်ယူစားသောက်နိုင်ရေးအတွက် ငွေကြေးပံ့ပိုးပေးခြင်းနှင့် ဘေးအန္တရာယ်သင့် ပြည်သူများကို အာဟာရပြည့်ဝသည့် အစားအသောက်များ ပံ့ပိုးပေးခြင်း စသည့် လုပ်ငန်းများကို လုပ်ငန်း တာဝန်များအလိုက် ဆောင်ရွက်လျက်ရှိပြီး ထိုသို့ ဆောင်ရွက်ရာတွင် မိတ်ဖက်အဖွဲ့အစည်းများ ကလည်း ပူးပေါင်းကူညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊

 

• ယနေ့ အစည်းအဝေးတွင် -

- သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းတာဝန်များ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းတာဝန်များ ခွဲဝေသတ်မှတ်ရန်နှင

- လုပ်ငန်းဆောင်ရွက်မှု၊ အကျိုးသက်ရောက်မှု နှင့် နေရာဒေသအလိုက် စဉ်ဆက်မပြတ် သုံးသပ် စောင့်ကြည့်နိုင်ရန် “စောင့်ကြပ်ကြည့်ရှုမှု နှင့် အကဲဖြတ်ဆန်းစစ်မှု (monitoring and evaluation) မူဘောင်”တစ်ခုကို ချမှတ်ဆောင်ရွက် သွားရန် ဆွေးနွေးကြမည်ဖြစ်ပါကြောင်း၊

• ကမ္ဘာ့အာဟာရ လှုပ်ရှားမှု “Scaling up nutrition (SUN) movement” အဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် “ဘဝရှေ့ဆောင် ရက် တစ်ထောင်” ဆောင်ပုဒ်နှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကိုယ်ဝန်ဆောင်နှင့် အသက် (၂)နှစ်အောက် ကလေးငယ်များ အာဟာရ စောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများအား ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ထို့အပြင် ဖွံ့ဖြိုးမှုအကူအညီများ ညှိနှိုင်းရေးအဖွဲ့ (Development assistant coordination unit) တွင် ဝန်ကြီးဌာန အနေဖြင့် ကျန်းမာရေးကဏ္ဍ ညှိနှိုင်းရေးအဖွဲ့နှင့် အာဟာရ ညှိနှိုင်းရေးအဖွဲ့ တို့ကို တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊

• အမျိုးသား အာဟာရဖွံ့ဖြိုးမှုနှင့် သုတေသနဌာနခွဲ အနေဖြင့် နှီးနွယ်ဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ “ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသား အဆင့် အာဟာရ ဖွံ့ဖြိုးမှုဆိုင်ရာ (၅)နှစ် စီမံကိန်း (Costed multi-sectoral national plan of action on nutrition) (၂၀၁၈-၂၀၂၃)” ကိုရေးဆွဲခဲ့ပြီး လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊

• ထို့အပြင် “မြန်မာနိုင်ငံအဏုအာဟာရနှင့် အစာစားသုံးမှု အခြေအနေလေ့လာရေး စစ်တမ်း (Myanmar micronutrient and food consumption survey)”ကိုလည်း ကောက်ယူခဲ့ပြီးဖြစ်၍ စစ်တမ်းအဖြေများအပေါ် မူတည်၍ ပိုမိုလက်တွေကျသည့် စီမံကိန်းများ၊ မဟာဗျူဟာများနှင့် နည်းဗျူဟာများချမှတ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

• လုပ်ငန်းများဆောင်ရွက်ရာတွင် ဦးစားပေးလုပ်ငန်းများသတ်မှတ်၍ အဆင့်လိုက်၊ အပိုင်းလိုက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

• အာဟာရဖွံ့ဖြိုးမှု မြှင့်တင်ရေးလုပ်ငန်းများကို ဦးဆောင်ကော်မတီဝင် ဝန်ကြီးဌာနများအနေဖြင့် လုပ်ငန်းကဏ္ဍအလိုက် ထိရောက်ပီပြင်စွာဆောင်ရွက်မည်ဖြစ်ပါကြောင်းနှင့် နှီးနွယ်နှင့် မိတ်ဖက် အဖွဲ့ အစည်းများအနေဖြင့် ပူးပေါင်းကူညီ ဆောင်ရွက်ကြပါရန်မှာ အရေးကြီးကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင်ကော်မတီ၊ အဖွဲ့ဝင်ဖြစ်သူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက အမှာစကားပြောကြားရာတွင် -

• လယ်ယာ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ကာ ထွက်ကုန်များ တိုးမြင့်ရေး၊

• စားနပ်ရိက္ခာ ဖူလှုံပိုလျှံကာ စီးပွားရေး တိုးတက်မြင့်မားရေး၊

• ထိုမှ တဆင့် ပြည်သူများ အာဟာရ ပြည့်ဝစွာ စားသုံးနိုင်ရေး တို့အတွက် ဦးတည်၍ လုပ်ငန်း များကို ဝန်ကြီးဌာန အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊

• အာဟာရပြည့်ဝသည် စားသောက်ကုန်များကို ကျေးလက်ဒေသများတွင်ပါ ထုတ်လုပ်နိုင်ရန် အတွက် မြေဆီလွှာကောင်းမွန်စေရန်ရန်၊ သီးထပ်သီးညှပ်စိုက်ပျိုးနိုင်ရန်၊ စားကျက်မြေများ၊ ငါးကန်များနှင့် မြေယာများ လုပ်ကိုင်နိုင်ရန်တို့အတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

• နှီးနွယ်ဝန်ကြီးဌာနနှင့် မိတ်ဖက်အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ (၂၀၁၂-၂၀၁၃) ခုနှစ်၊ ပညာ သင်နှစ်မှ စတင်၍ ကျောင်းများတွင် နို့အာဟာရ တိုက်ကျွေးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက် လျက်ရှိပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ကဏ္ဍအလိုက်တာဝန်များနှင့် နှီးနွယ်ဝန်ကြီးဌာန၊ ဦးစီးဌာန၊ အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆောင်ရွက်သွားရန် အသင့်ဖြစ်ပါ ကြောင်း ပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင်ကော်မတီ၊ အဖွဲ့ဝင်ဖြစ်သူ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာ စကားပြောကြားရာတွင် -

- ပညာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများ အရည်အသွေးပြည့်ဝသည့် ပညာရေးကို ရရှိနိုင်ရေး ဦးတည်ဆောင်ရွက်လျက်ရှိရာတွင် အာဟာရ ဖွံ့ဖြိုးမှုသည် ကျောင်းနေအရွယ် ကလေးငယ်များ ၏ ကာယပိုင်းဆိုင်ရာဖွံ့ဖြိုးမှုသာမက ဦးနှောက်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် လွန်စွာအရေးကြီးသဖြင့် ကလေးငယ်များ ပညာသင်ကြားနိုင်မှု အခြေအနေနှင့် ပညာရေးကဏ္ဍတို့နှင့် တိုက်ရိုက် သက်ဆိုင်လျက်ရှိပါကြောင်း၊

- ကျောင်းသား/သူများ အာဟာရ ဆိုင်ရာ အသိပညာဗဟုသုတများ ကြွယ်ဝစေရန်အတွက် “ဘဝတစ်သက်တာ သိမှတ် ဖွယ်ရာ”တွင်ထည့်သွင်းသင်ကြားခြင်း၊

- ကျောင်းကျန်းမာရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခြင်း၊

- ကျောင်းမုန့်ဈေးတန်းများ သန့်ရှင်း၍ အာဟာရပြည့်ဝကာ ဘေးအန္တရာယ်ကင်းသော စားသောက်ကုန်များ ရောင်းချစေခြင်း၊

- ကာယလေ့ကျင့်မှု သင်ခန်းစာများကို ကျောင်းသင်ရိုးတွင် ထည့်သွင်းခြင်း စသည်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊

- တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် (၉.၇)သန်း ဦးခန့်ရှိသောကျောင်းသား/သူများမှ တဆင့် ၎င်းတို့၏ မိဘများ၊ ဘိုးဘွားများ၊ ဆွေမျိုးများကို အာဟာရဆိုင်ရာ အသိပညာဗဟုသုတများ ပြန်လည် ဝေမျှခြင်းဖြင့် အာဟာရ ဖွံ့ဖြိုးမှုများ မြင့်မားလာနိုင်မည်ဖြစ်ပေါကြောင်း ပြောကြားခဲ့ပါသည်။

     ယင်းနောက် မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင်ကော်မတီ၊ အဖွဲ့ဝင်ဖြစ်သူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အမှာစကားပြောကြားရာတွင် -

• ဦးဆောင်ကော်မတီ၏ လုပ်ငန်းတာဝန်ကြီး (၄)ရပ်ကို ပီပြင်ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် လူအင်အား၊ ဘဏ္ဍာငွေ စသည့် အရင်းအမြစ်များစွာ လိုအပ်မည် ဖြစ်သဖြင့် သီးခြားဆောင်ရွက်ရန် မဟုတ်ဘဲ စုပေါင်းအင်အားဖြင့် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ မိတ်ဖက် အဖွဲ့အစည်းများ၏ ပံ့ပိုးမှုများလည်း လိုအပ်ပါကြောင်း၊

• အာဟာရ ချို့တဲ့မှု ပြဿနာများ၏ အခြေခံမှာ -

- အာဟာရပြည့်ဝသည့် စားသောက်ကုန်များကို လက်လှမ်းမမီခြင်း၊

- အာဟာရဆိုင်ရာ ကိစ္စရပ်များကို မသိနားမည်ခြင်းနှင့်

- ကာလတို၊ ကာလရှည် ရောဂါများဖြစ်ပွားခြင်းတို့ကြောင့် ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ Maternal and Child Cash Transfer Program (MCCT) ဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် မိခင်နှင့် ကလေးငယ်များ အာဟာရပြည့်ဝသော အစားအသောက်များ ဝယ်ယူနိုင်ရန် ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊

• မိခင်နှင့် ကလေးငယ်များ ငယ်စဉ်ကာလကတည်းက အာဟာရပြည့်ဝ၍ ကိုယ်စွမ်း၊ ဉာဏ်စွမ်း မြင့်မားသည့် အနာဂတ် နိုင်ငံ့သားကောင်းများ ပေါ်ပေါက်လာစေရေးအတွက် -

- နေ့ကလေးထိန်းကျောင်းများ၊ မူကြိုကျောင်းများတွင် အာဟာရပြည့်ဝစေရန် ကျွေးမွေးခြင်း၊

- ကိုယ်ဝန်ဆောင်များ၊ ကလေးမွေးဖွားပြီးသူများ၊ နို့တိုက်ကျွေးသည့် မိခင်များ အာဟာရ ပြည့်ဝ စေရေးအတွက် ကိုလည်း လုပ်ငန်းစီမံချက်များ ချမှတ်ဆောင်ရွက်ခြင်းနှင့်

- ဘေးအန္တရာယ်အခြေအနေများတွင် အာဟာရတုံ့ပြန်ဆောင်ရွက်ခြင်း အစရှိသည့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊

• Maternal and Child Cash Transfer Program လွှမ်းခြုံမှု ပိုမိုအားကောင်းစေရန် အတွက် ကနဦးတွင် မိတ်ဖက် အဖွဲ့အစည်းများနှင့် Co-financing ပုံစံဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် နိုင်ငံတော်မှသာ တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြား ခဲ့ပါသည်။

 

     ဆက်လက်၍ မြန်မာနိုင်ငံအာဟာရဖွံဖြိုးမှုမြင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင် ကော်မတီနှင့် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်မည့် အစီအစဉ်များ၊ ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသားအာဟာရ ဖွံ့ဖြိုးမှုဆိုင်ရာ ငါးနှစ်စီမံကိန်းအကြောင်းနှင့် မြန်မာနိုင်ငံ အမျိုးသား အာဟာရ နှင့်အစာ စားသုံးမှု အခြေအနေ လေ့လာရေးစစ်တမ်း ကနဦးရလဒ်များအား ဒုတိယ ညွန်ကြားရေးမှူး (အာဟာရ) ဒေါက်တာလွင်မာလှိုင် နှင့် တာဝန်ရှိပုဂ္ဂိုလ်များမှ ရှင်းလင်း တင်ပြ ခဲ့ပါသည်။

     ထို့နောက် တက်ရောက်လာသူများမှ အသီးသီး ဝိုင်းဝန်းဆွေးနွေးပြီးနောက် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ ချမှတ်ခဲ့ ပါသည်။မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင်ကော်မတီ၊ ဥက္ကဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် -

• အာဟာရချို့တဲ့မှု ပြဿနာများကို ဖြေရှင်းဆောင်ရွက်ရန်အတွက် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ အနေဖြင့် ပံ့ပိုးမှုများ ဆက်လက်လုပ်ဆောင်သွားကြ ပါရန် နှင့် အားလုံးဝိုင်းဝန်းဆောင်ရွက်ခြင်းဖြင့်သာ အောင်မြင်မှုရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

     အဆိုပါ အစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ကျန်းမာရေးနှင့်အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဌ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ လူမှုရေးဝန်ကြီးများ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်များ၊ နှီးနွယ်ဝန်ကြီးဌာနများရှိ ဆက်စပ် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အကြံပေး ပညာရှင်များ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၁၅၀)ဦး ခန့် တက်ရောက်ဆွေးနွေးခဲ့ပါသည်။

 
 

More Tags