အီလက်ထရောနစ် ကျန်းမာရေးစနစ် တည်ဆောက်မှု ကျောရိုးနောက်ခံပုံစံ ပေါ်ပေါက်လာရေး စုပေါင်းအလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် Horizon Lake View Hotel နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သော အီလက်ထရောနစ် ကျန်းမာရေးစနစ် တည်ဆောက်မှု ကျောရိုးနောက်ခံပုံစံ ပေါ်ပေါက်လာရေး စုပေါင်းအလုပ်ရုံဆွေးနွေးပွဲ (Convergence Workshop for Developing Electronic Health Architecture - Blueprint) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။


 

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• ယနေ့ကျင်းပပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲသည် ဘက်ပေါင်းစုံပေါင်းစပ်ပါဝင်ပြီး ရေရှည်ကာလအတွက်လည်း လက်တွေ့အသုံးဝင်သည့် အီလက်ထရောနစ် ကျန်းမာရေးစနစ်တည်ဆောက်မှု ကျောရိုး နောက်ခံပုံစံ ပေါ်ပေါက်လာရေးအတွက် အရေးကြီးပါကြောင်း၊

• မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စားရင်းဇယားများနှင့် သတင်းအချက်အလက် များ မပြည့်စုံခြင်း၊ မတိကျခြင်းစသည့် အားနည်းချက်များနှင့် လိုအပ်ချက်များရှိကြောင်း၊

• ကျန်းမာရေးကဏ္ဍတွင် စာရင်းဇယားများနှင့် သတင်းအချက်အလက်များကို ခေတ်မီ အီလက်ထရောနစ်စနစ်ကို အသုံးပြု၍ ဖြည့်သွင်းပေးပို့ခြင်းအားဖြင် ပိုမိုတိကျမှန်ကန်မှု၊ ပြည်စုံမှု၊ အချိန်ကုန်သက်သာမှု စသည့် အကျိုးများရရှိနိုင်ပြီး မူဝါဒချမှတ်ခြင်းနှင့် စီမံကိန်းများချမှတ်ရေးဆွဲ ရာတွင် များစွာ အသုံးဝင် အထောက်အကူပြုနိင်ပါကြောင်း၊

• စီမံကိန်းများ မှန်ကန်စွာချမှတ်နိုင်ခြင်းအားဖြင့် ဘဏ္ဍာငွေများ၊ လူ့စွမ်းအားများ အပါအဝင် အရင်းအမြစ်များ စီမံခန့်ခွဲခြင်းနှင့် ခွဲဝေချထားခြင်းတို့ကို မှန်ကန်စွာ လုပ်ဆောင်နိုင်မည်ဖြစ်ပြီး အလေအလွင့်များ လျော့နည်းပပျောက်သွားနိုင်မည်ဖြစ် ကြောင်း၊

• တိကျမှန်ကန်သည့် စာရင်းဇယားများနှင့် သတင်းအချက်အလက်များကို အခြေခံကာ ဆန်းစစ်သုံးသပ်မှုများပြုလုပ်၍ မလိုအပ်သည့်နေရာ ကဏ္ဍများတွင် အရင်းအမြစ်များ လျော့ချခွဲဝေသုံးစွဲခြင်းနှင့် လိုအပ်သည့်နေရာ ကဏ္ဍများသို့ အရင်းအမြစ်များ ပိုမိုခွဲဝေ သုံးစွဲနိုင်မည်ဖြစ်ကြောင်း၊


 

• စီမံချက်အသီးသီးမှ မန်နေဂျာများနှင့် တာဝန်ရှိသူများအနေဖြင့် ယခင်ကျင်းပပြု လုပ်ခဲ့သော အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများမှ ထွက်ပေါ်လာခဲ့သော အကြံပြု ဆွေးနွေးချက်များနှင့် လုပ်ဆောင်ရန်အချက်များကို မည်သည့်အတိုင်းအတာအထိ ဆောင်ရွက်ပြီးစီးသည် ဆိုသည်ကိုလည်း ပြန်လည်ဆန်းစစ်၍ ယနေ့ အလုပ်ရုံဆွေးနွေးပွဲမှ ရရှိလာသော အကြံပြုဆွေးနွေးချက်များနှင့် နှိုင်းယှဉ် သုံးသပ်ကာ ဦးစားပေးလုပ်ငန်းများ သတ်မှတ်လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊

• ထိုကဲ့သို့ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမရှိပါက အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ခြင်းသည် မည်သို့မှ အကျိုးရှိထိရောက်မှု မရှိဘဲ ဘဏ္ဍာငွေအရင်းအမြစ်နှင့် အချိန်များ ဖြုန်းတီးရာကျကြောင်း၊

• ယနေ့ အလုပ်ရုံဆွေးနွေးပွဲမှ အကြံပြုဆွေးနွေးချက်များမှ တဆင့် ရရှိလာမည့် ကျောရိုးနောက်ခံပုံစံ (architect/ blueprint) သည် ရိုးရှင်းလွယ်ကူပြီး ခိုင်မာပြည့်စုံသော စနစ်တစ်ရပ်ပေါ်ပေါက်လာရေး ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် လမ်းပြမြေပုံသဖွယ်ဖြစ် ပေါ်လာမည်ဖြစ်ကြောင်း၊

• ယနေ့ အလုပ်ရုံအစည်းအဝေးတွင် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ အပါအဝင် အဖွဲ့အသီးသီးမှ နိုင်ငံတကာ ပညာရှင်များမှ ဆွေးနွေးကြမည့် အကြောင်းအရာ ခေါင်းစဉ်များသည် လိုအပ်သည့် အကြောင်းအရာများကို ခြုံငုံမှုရှိသည့် အပြင် နိုင်ငံတကာတွင် ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများကိုပါ ရှင်းလင်းတင်ပြမည် ဖြစ်သဖြင့် ကောင်းမွန်ပါကြောင်း၊

 


 

• နိုင်ငံတွင် ကျန်းမာရေးသတင်းအချက်အလက်စနစ် (DHIS - 2)၊ ဓာတ်ခွဲခန်းဆိုင်ရာ သတင်းအချက်အလက်စနစ်၊ သွေးလှူဒါန်းမှုဆိုင်ရာ စီမံခန့်ခွဲမှုစနစ်၊ အရင်းအမြစ်စီမံ ခန့်ခွဲမှုစနစ်၊ ကင်ဆာမှတ်ပုံတင်စနစ် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် မှတ်ပုံတင်စနစ်၊ ကျန်းမာရေးအဆောက်အဦမှတ်ပုံတင်စနစ် စသည်တို့ကို အသုံးပြုဆောင်ရွက်လျက်ရှိပြီး အဆိုပါ စနစ်အချင်းချင်းမည်ကဲ့သို့ ချိတ်ဆက် ဆောင်ရွက်ရမည်ကို လည်း စဉ်းစားဆောင်ရွက်ရန်လိုအပ်ကြောင်း၊

• အီလက်ထရောနစ် ကျန်းမာရေးစနစ်ကို နိုင်ငံတကာတွင် အသုံးပြုဆောင်ရွက်လျက်ရှိသည့် စနစ်ကို အခြေခံ၍ နိုင်ငံ၏ အခြေအနေများနှင့်ကိုက်ညီ လိုက်လျောညီထွေရှိစေရန် မွမ်းမံပြင်ဆင်ကာ အသုံးချရမည် ဖြစ်ကြောင်း၊

• စာရင်းဇယားများနှင့် သတင်းအချက်များကို လက်တွေ့လုပ်ငန်းကဏ္ဍများတွင် အသုံးချ ရန်နှင့် အချက်အလက်ကို အခြေခံ၍ မူဝါဒချမှတ်ကျင့်သုံးသည့် အလေ့အကျင့် ဖြစ်လာစေ ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊

• အလုပ်ရုံဆွေးနွေးပွဲတက်ရောက်လာသူများအနေဖြင့် သိရှိလိုသည်များကို မေးမြန်းခြင်း နှင့် အပြန်အလှန်ဆွေးနွေးခြင်းများ လုပ်ဆောင်စေလိုကြောင်း၊

• ယနေ့ အလုပ်ရုံဆွေးနွေးပွဲမှ အကြံပြုဆွေးနွေးချက်များကို ဝန်ကြီးဌာနအနေဖြင့် အလေး ထားကာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။


 

     ဆက်လက်၍ Asia eHealth Information Network (AeHIN) အဖွဲ့မှ Dr. Alvin Marcelo က (၂၀၁၇)ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကျင်းပခဲ့သော Convergence အလုပ်ရုံဆွေးနွေးပွဲမှ ဆွေးနွေး အကြံပြုချက်များ၊ ဆောင်ရွက်ထားရှိမှုများနှင့် ဖိလစ်ပိုင်နိုင်ငံနှင့် နိုင်ငံတကာမှ အီလက်ထရောနစ် ကျန်းမာရေးစနစ်နှင့် ပတ်သက်၍ အတွေ့အကြုံများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

 

     အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ် (ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန) ဒေါက်တာတင်တင်လေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ အလုပ်ရုံဆွေးနွေးပွဲသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရုံးချုပ် (Geneva)၊ UNICEF ရုံးချုပ် (New York)၊ Asia eHealth Information Network (AeHIN)၊ UNOPS၊ UNAIDS၊ 3MDG၊ JICA၊ USAID နှင့် Bloomberg တို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

More Tags