အာဆီယံအားကစားဝန်ကြီးများ အစည်းအဝေး(AMMS-4)နှင့် အာဆီယံအားကစားဝန်ကြီးများ + ဂျပန်အားကစားဝန်ကြီး အစည်းအဝေး (1st AMMS+Japan) ကျင်းပပြုလုပ်

နေပြည်တော်၊ အောက်တိုဘာ(၁၁)ရက်။

- မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပသော အာဆီယံ အားကစားဝန်ကြီးများအစည်းအဝေး (AMMS-4)နှင့် အာဆီယံအားကစားဝန်ကြီးများ + ဂျပန်အားကစားဝန်ကြီး(1st AMMS+Japan) အစည်းအဝေးအား ယနေ့နံနက် (၉ ဝဝ)နာရီမှ စ၍ နေပြည်တော်ဟိုတယ်ဇုံရှိ Kempinski Hotel ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ဥက္ကဌအဖြစ် တာဝန်ယူ ဆောင်ရွက်၍ နှုတ်ခွန်းဆက်စကား ပြောကြားပါသည်။


 

- ရှေးဦးစွာ မနက်ပိုင်းအစီအစဉ်အရ အာဆီယံအားကစားဝန်ကြီးများ အစည်းအဝေး (AMMS-4)အား ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ အာဆီယံ အားကစားဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်တို့ တက်ရောက်ကြပါသည်။

- အစီအစဉ်အရ အစည်းအဝေးတက်ရောက်လာကြသူများမှ အာဆီယံ အထိမ်းအမှတ် သီချင်းကို ဂုဏ်ပြုသီဆိုကြပြီး အစည်းအဝေး တက်ရောက်လာကြသော အာဆီယံ အားကစားဝန်ကြီးများမှ စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးပါသည်။


 

- ထို့နောက် အစည်းအဝေးတွင် ယခင်ဥက္ကဌဖြစ်သူ မလေးရှားနိုင်ငံ၏ လူငယ်နှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr.Datuk Saravanan Murugan က မိန့်ခွန်းပြောကြားပြီးနောက် ဥက္ကဌတာဝန်များအား အိမ်ရှင်မြန်မာနိုင်ငံမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးထံ လွှဲပြောင်းပေးအပ်ပါသည်။

- ထို့နောက် ဥက္ကဌ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးမှ အဖွင့်အမှာစကား ပြောကြားရာတွင် ယခုအစည်းအဝေးသို့ တက်ရောက်လာကြသော အာဆီယံနိုင်ငံများမှ အားကစားဝန်ကြီးများ၊ အားကစားဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများကို နွေးထွေးလှိုက်လှဲစွာ ကြိုဆို ပါကြောင်း၊ ယခုအစည်းအဝေးမှတစ်ဆင့် အားကစားနှင့်ပတ်သက်သော အာဆီယံဒေသဆိုင်ရာ ကွန်ယက်ကြီး ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ကောင်းစွာ အထောက်အကူပြုမည်ဟု ယုံကြည်ပါကြောင်း၊

- အစည်းအဝေးကို (၂)နှစ်တစ်ကြိမ်ကျင်းပခြင်းဖြစ်ကြောင်း၊ အစည်းအဝေးတစ်ခုနှင့်တစ်ခု အကြားတွင်လည်း အဆင့်မြင့်အရာရှိကြီးများအနေဖြင့် မကြာခဏတွေ့ဆုံ၍ အာဆီယံဒေသ တစ်ခုလုံး အားကစား ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ဆွေးနွေးကြစေလိုကြောင်း၊ အာဆီယံဒေသ တစ်ခုလုံး အားကစားတိုးတက်ဖွံ့ဖြိုးလာပြီး ကမ္ဘာ့အားကစားလောကသို့ ထိုးဖောက် ဝင်ရောက်နိုင်ရန် အဖွဲ့ဝင်နိုင်ငံများအကြား အတွေ့အကြုံများ ဖလှယ်ခြင်း၊ မကြာခဏ ချစ်ကြည်ရေး အားကစား ပြိုင်ပွဲများ ကျင်းပခြင်းများ ပြုလုပ်ရန်လိုအပ်ကြောင်း၊

- အားကစား ပြိုင်ပွဲများတွင် သန့်ရှင်းစွာ ယှဉ်ပြိုင်အနိုင်ရရှိခြင်းသည်အရေးကြီးသကဲ့သို့ အားကစားပြုလုပ်ခြင်းဖြင့် ပြည်သူများ၏ ကျန်းမာကြံ့ခိုင်ခြင်းသည်လည်း အလွန်အရေးကြီးကြောင်း၊

- ဆယ်စုနှစ်တစ်ခုအတွင်း အားကစား ပြိုင်ပွဲများတွင် မြန်မာနိုင်ငံအနေဖြင့် စွမ်းဆောင်နိုင်ခဲ့မှု အခြေအနေများအရ အခြား အာဆီယံ နိုင်ငံများနှင့် ရင်ဘောင်တန်းနိုင်ရန် ကြိုးစားရဦးမည်ဖြစ်ကြောင်း၊

- မြန်မာ့အားကစား တိုးတက်စေရန်အတွက် အာဆီယံနိုင်ငံများ၏ တိုးတက်မှုများကို လေ့လာနိုင်ရန် ကိုယ်စားလှယ်များ စေလွှတ်မည်ကိုလည်း အသိပေးလိုကြောင်း၊ အားကစားဖွံ့ဖြိုးပြီး ကျန်းမာကြံ့ခိုင်သော ပြည်သူများ ဖြစ်လာစေရန် မြန်မာနိုင်ငံအနေဖြင့် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများမှ စတင် ဆောင်ရွက်နိုင်မည့် စီမံချက်များရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊

- ယခုအစည်းအဝေးသို့ တက်ရောက်လာသော မိတ်ဆွေအာဆီယံအားကစားဝန်ကြီးများမှလည်း မြန်မာ့အားကစားလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံဉာဏ်များပေးအပ်ပါက ဝမ်းမြောက်စွာ လက်ခံကြိုဆိုမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း အားကစားလောက ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျန်းမာကြံ့ခိုင်သော ပြည်သူများဖြစ်လာစေရန် အစွမ်းကုန် ထောက်ပံ့ အားပေးလျက်ရှိကြောင်း၊

- ကျန်းမာရေးနှင့်အားကစားသည် ခွဲခြား၍မရနိုင်ကြောင်း၊ ပြည်သူများ ကျန်းမာရေးအတွက် အားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်သော ပြည်သူများတိုးပွား လာမည်ဖြစ်ကြောင်း၊

- စည်းလုံးညီညွတ်သော အာဆီယံစိတ်ဓါတ်ကို အခြေခံ၍ အားကစားအတွက် ပူးပေါင်းဆောင်ရွက်ရင်း တွေ့ကြုံလာနိုင်သည့် အခက်အခဲအားလုံးကို အောင်မြင်စွာ ကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊

- မြန်မာနိုင်ငံအနေဖြင့် အားကစားတွင် အောင်မြင်မှုများရရှိရန်နှင့် ပြည်သူအများ အားကစားကို စိတ်ပါဝင်စားစွာ ပြုလုပ်လာနိုင်ရေးအတွက် အာဆီယံနိုင်ငံများ အပါအဝင် မိတ်ဆွေနိုင်ငံများ၊ အဖွဲ့အစည်းများ အားလုံး နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ရှုထောင့်ပေါင်းစုံမှလေ့လာပြီး လက်တွေ့ဆောင်ရွက်နိုင်မည့် မဟာဗျူဟာများ ရေးဆွဲ ဆောင်ရွက် လျက်ရှိကြောင်း၊

- ယခုအစည်းအဝေးမှ အာဆီယံ နိုင်ငံများအားလုံးအတွက် အားကစား ကဏ္ဍ ဖွံ့ဖြိုးရေးနှင့် ပြည်သူ့အားကစားဖွံ့ဖြိုးတိုးတက်သော တိုင်းပြည် (Sports Nation)များ ဖြစ်ပေါ်လာစေရန် ဆောင်ရွက်နိုင်မည့် အခြေအနေကောင်းများ ထွက်ပေါ်လာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။

- ဆက်လက်ပြီး အစည်းအဝေးတက်ရောက်လာကြသူ အာဆီယံအားကစားဝန်ကြီးများမှ နိုင်ငံများအလိုက် အားကစားကဏ္ဍဆိုင်ရာ ဆောင်ရွက်နေမှု အခြေအနေများကို တင်ပြဆွေးနွေးကြပါသည်၊

- ထို့နောက် အာဆီယံ အားကစားအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးမှ ဆွေးနွေးတင်ပြချက်များကို အတည်ပြုပေးနိုင်ရေးကို တက်ရောက်လာကြသော အာဆီယံ အားကစားဝန်ကြီးမှ ဝိုင်းဝန်းဆွေးနွေး အကြံပြုကြပါကြောင်း၊ ဆက်လက်၍ ပထမအကြိမ်အာဆီယံ+ဂျပန်အားကစားဝန်ကြီးများ (1st AMMS+Japan) အစည်းအဝေး၌ တင်ပြရန်ရှိသော လုပ်ငန်းစဉ်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေး ကြကြောင်း သိရှိရသည်။


 

- ဆက်လက်၍ နေ့လည်ပိုင်းအစီအစဉ်ဖြစ်သော ပထမအကြိမ် အာဆီယံ + ဂျပန် အားကစားဝန်ကြီးများ (1st AMMS+Japan) အစည်းအဝေးအား ဆက်လက်ကျင်းပပါသည်။ အဆိုပါ အစည်းအဝေးသို့ အာဆီယံအားကစားဝန်ကြီးများနှင့် ဂျပန်နိုင်ငံ ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား သိပ္ပံနှင့်နည်းပညာဝန်ကြီး Mr.Toshiei Mizuochi တို့ တက်ရောက်ကြပြီး ပူးတွဲဥက္ကဌအဖြစ် မြန်မာနိုင်ငံမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးတို့မှ တာဝန်ယူဆောင်ရွက်ကြပါသည်။

- အစီအစဉ်အရ အစည်းအဝေးတက်ရောက်လာကြသူ အာဆီယံ + ဂျပန်အားကစားဝန်ကြီးများမှ စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးပြီးနောက် အိမ်ရှင်မြန်မာနိုင်ငံမှ ပူးတွဲဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှ တက်ရောက်လာကြသော အာဆီယံနိုင်ငံများနှင့် ဂျပန်နိုင်ငံမှ အားကစားဝန်ကြီးများအား အမှတ်တရလက်ဆောင်များ ပေးအပ်ပါသည်။

- ထို့နောက် ပူးတွဲဥက္ကဌ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးမှ အဖွင့်မိန့်ခွန်း ပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သော အာဆီယံအားကစားဝန်ကြီးများ အစည်းအဝေးသည် အာဆီယံသမိုင်းတွင် ပထမ ဦးဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်ခြင်းဖြစ်၍ အာဆီယံအဖွဲ့ကြီး၏ နှစ်(၅၀) ပြည့် အခါသမယနှင့် တိုက်ဆိုင်နေပါကြောင်း၊

- ဂျပန်နိုင်ငံသည် အာရှတိုက်တွင်သာမက ကမ္ဘာနှင့်ရင်ဘောင်တန်း၍ အားကစား ဖွံ့ဖြိုး တိုးတက်လျက်ရှိသော နိုင်ငံဖြစ်ပြီး (၂၀၂၀) တိုကျိုအိုလံပစ်ပြိုင်ပွဲအတွက် ကြိုတင် ပြင်ဆင်လျက်ရှိကြောင်း၊

- တိုးတက်ပြောင်းလဲလျက်ရှိသော ခေတ်မီနည်းပညာရပ်များ၊ အားကစားနည်းစနစ်များနှင့် ပတ်သက်၍ အာဆီယံနိုင်ငံများနှင့် ဂျပန်နိုင်ငံတို့ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊

- အားကစားဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်ရာတွင် သုတေသနပြုလုပ်ခြင်းသည် တိုးတက် အောင်မြင်မှုများ ရရှိစေရန် အလွန်အရေးပါကြောင်း၊

- အားကစားတိုးတက်မှုသည် အချိန်တိုအတွင်း ရရှိနိုင်သော အရာမဟုတ်သောကြောင့် မြန်မာနိုင်ငံအနေဖြင့် အခြေခံပညာကျောင်းများမှ စတင်၍ သင်ရိုးညွှန်းတမ်းများတွင် အားကစားကိုထည့်သွင်းရန် ဆောင်ရွက်လျက်ရှိကြောင်း၊

- ထို့အတူ ဝေးလံခက်ခဲသော ဒေသမှပြည်သူများ အားကစားကိုစိတ်ဝင်စားမှု မြင့်မားလာစေရန် အားကစားမှူးများ၊ မြို့နယ်အားကစားနည်းပြများ၏ လုပ်ငန်းဆောင်ရွက်မှုများကို သုံးသပ်၍ ပိုမိုထိရောက်စွာ ဆောင်ရွက်ရန် မြှင့်တင်လျက်ရှိကြောင်း၊

- ဆက်လက်၍ ဂျပန်နိုင်ငံအားကစားဝန်ကြီးမှ အမှာစကားပြောကြားရာတွင် ယခုလို ဂျပန်နိုင်ငံအနေနှင့် အာဆီယံနိုင်ငံများ အားကစားကဏ္ဍတွင် ပူးပေါင်းပါဝင်ခွင့်ရရှိသည့်အတွက် အထူးဝမ်းမြောက်ပါကြောင်း အာဆီယံ ဒေသတွင်းနိုင်ငံများ အားကစားကဏ္ဍကို တတ်နိုင်သမျှ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်မည်ဖြစ်ပြီး အာဆီယံနိုင်ငံများ၏ အားကစားလုပ်ငန်းစဉ်များအား တတ်နိုင်သရွေ့ လေ့လာသုံးသပ် ကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

- (၂၀၂၀)ခုနှစ်တွင် ဂျပန် နိုင်ငံတွင် (၈)ကြိမ်မြောက် အိုလံပစ်ပြိုင်ပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ပြီး အာဆီယံနိုင်ငံများ၏ ကူညီပူးပေါင်းဆောင်ရွက်မှုကို ရယူနိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားပါသည်။

- ဆက်လက်၍ အစည်းအဝေးကို တက်ရောက်လာကြသော အာဆီယံဝန်ကြီးများ နိုင်ငံ့အားကစားကဏ္ဍကို ဂျပန်နိုင်ငံမှ ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအစဉ်အရ အာဆီယံနိုင်ငံများ၏ (၂၀၁၆-၂၀၂၀) အားကစားလုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအား ဂျပန်နိုင်ငံမှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းစဉ်များ၊ အာဆီယံ + ဂျပန် အားကစားကဏ္ဍပူပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား မဟာဗျူဟာ၊ နည်းဗျူဟာများ ချမှတ်၍ လက်တွေ့ကျကျ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။

- ထို့နောက် အစည်းအဝေးအပြီး အဆိုပါ Kempinski Hotel ၌ပင် ခင်းကျင်းပြသထားသော ဂျပန်နိုင်ငံ၏ အားကစားကဏ္ဍ လှုပ်ရှားမှုများ ပြခန်းကို အခမ်းအနားတက်ရောက်လာကြသော အာဆီယံဝန်ကြီးများ လိုက်လံကြည့်ရှုရာ ဂျပန်နိုင်ငံမှ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသကြပါသည်။

- ထို့နောက် ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး၊ ဂျပန်အားကစားဝန်ကြီးနှင့် ထိုင်းနိုင်ငံအားကစားဝန်ကြီး အာဆီယံအထွေထွေအတွင်းရေးမှူးတို့မှ အစည်းအဝေးသို့ တက်ရောက်လာကြသော သတင်း မီဒီယာများကို သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ သိလိုသည့် အကြောင်းအရာများကို ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရှိရပါသည်

 
 
 
 

More Tags