အာဆီယံမြို့ကြီးများ၌ HIV ကင်းစင်ရေး ဒေသဆိုင်ရာအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာစကားပြောကြား

မော်လမြိုင်မြို့၊ (၂၀၁၈) ခုနှစ်၊ ဧပြီလ (၂၀) ရက်နေ့

      မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပသည့် အာဆီယံမြို့ကြီးများ၌ HIV ကင်းစင်ရေး ဒေသဆိုင်ရာအစည်းအဝေး (ASEAN Cities Getting to Zero, Regional Consultation Meeting) ကို မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ရွိုင်ရယ်ဟင်္သာဟိုတယ်တွင် ဧပြီလ (၂၀)ရက်နေ့ ၊ နံနက်(၈)နာရီခွဲတွင် ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် မွန်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာအေးဇံတို့ တက်ရောက်အမှာစကား ပြောကြားခဲ့ကြသည်။

     အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မွန်ပြည်နယ်တွင် HIV / AIDS ရောဂါကာကွယ်ခြင်းနှင့် ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ပြောကြားခဲ့သည်။

     ထို့နောက်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က HIV / AIDS ရောဂါသည် နိုင်ငံများအားလုံး လက်တွဲပူးပေါင်းကြိုးပမ်းအားထုတ်မှုကြောင့် အောင်မြင်မှုများ သိသာစွာရရှိနေသော်လည်း မိမိတို့အနေဖြင့် ကျေနပ်နှစ်သိမ့်ရောင့်ရဲမနေသင့်ဘဲ ရောဂါ၏သဘာဝနှင့် ရောဂါဖြစ်ပွားမှုအခြေအနေကို ရှုထောင့်ပေါင်းစုံမှ သတိမပြတ် ဆက်လက်စောင့်ကြည့်ရန် လိုအပ်ကြောင်း၊ စုံစမ်း​ထောက်လှမ်းသော်လည်း မတွေ့ရှိသည့် ပုန်းကွယ်နေသည့် လူနာများရှိနေနိုင်ကြောင်း၊ အာဆီယံနိုင်ငံများ၏ မြို့တော်များတွင် HIV / AIDS ကင်းစင်ရေး စီမံချက်( ASEAN Cities Getting to Zero (G2Z) Project) ကို HIV ပိုးကူးစက်ခံရသူ အသစ်မရှိရေး (Zero new HIV infections)၊ HIV / AIDS နှင့်ပတ်သက်၍ ခွဲခြားဆက်ဆံမှုလုံးဝမရှိရေး (Zero discrimination) နှင့် AIDS ရောဂါဖြင့် သေဆုံးသူမရှိရေး (Zero AIDS related deaths) စသည့် ရည်ရွယ်ချက်များဖြင့် ၂၀၁၁ ခုနှစ်မှ စတင်၍ ကာကွယ်ရေးနှင့်ကုသရေးလုပ်ငန်းများကို အကျိုးရှိ ထိရောက်စွာဖြင့်အာဆီယံမြို့တော်များ၌ အရှိန်အဟုန် မြှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ကို တွေ့ရကြောင်း၊


 

     HIV / AIDS ရောဂါသည် ပြည်သူ့ကျန်းမာရေးအန္တရာယ်အဖြစ်မှ အဆုံးသတ်ရပ်တန့်နိုင်ရေး အတွက် လက်တွေ့ကျသော လုပ်ငန်းစဉ်များ၊ စီမံချက်များချမှတ်ဆောင်ရွက် နေကြောင်း၊ ယခုအစည်းအဝေးကြီး ဖြစ်မြောက်အောင် ADB မှ တဆင့် ထောက်ပံ့ကူညီပေးသည့် Japan Fund for Poverty Reduction အဖွဲ့ ၊ UNOPS ၊ UNAIDS နှင့် UNICEF အဖွဲ့တို့ကို အသိအမှတ်ပြုမှတ်တမ်းတင်ပါကြောင်း၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ၌ အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပသော ကုလသမဂ္ဂအထွေထွေညီလာခံ၏ Ending AIDS အဆင့်မြင့်အစည်းအဝေးတွင် မြန်မာနိုင်ငံအနေဖြင့် ထုတ်ပြန်ချက်တစ်ရပ်ပြုလုပ်ခဲ့ရာ၌ AIDS ရောဂါကို ၂၀၃၀ ခုနှစ်၌ အဆုံးသတ်ရပ်တန့်ရေးအတွက် တုံ့ပြန်ဆောင်ရွက်ရာတွင် လူ့အခွင့်ရေးသည် အဓိကသော့ချက်တစ်ခုဖြစ်ကြောင်း၊ HIV နှင့်စပ်လျဉ်းသောဝန်ဆောင်မှုများ လက်လှမ်းမီရရှိရေးတွင် ပိတ်ပင်ဟန့်တားနေသည့် ဥပဒေများ၊ မူဝါဒများ ဖယ်ရှားရေးလုပ်ငန်းများကိုအပြည့်အဝထောက်ခံပါကြောင်း၊ ပြည်သူလူထုအခြေပြုအဖွဲ့များနှင့် HIV ပိုးကူးစက်နေသူများ (PLHIVs) ၏ အရေးပါသော အခန်း ကဏ္ဍကို လျှော့မတွက်သင့်ကြောင်းတို့အား အလေးထားထုတ်ပြန်ခဲ့ပါကြောင်း၊

     ယခု G2Z စီမံချက်အောင်မြင်ရေးအတွက် ထောက်ပံ့ကူညီပေးသော မူဝါဒနှင့် ဥပဒေများရှိရေး၊ သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီရရှိရေး၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ပညာရပ်လုပ်ငန်းများ၊ ဝန်ကြီးဌာနများအကြားတွင် ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုကောင်းခြင်း၊ ပြည်သူများ တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းများသည် မရှိမဖြစ်လိုအပ်ပါကြောင်း၊

     ယခုအချိန်ထိ မြန်မာနိုင်ငံရှိ မော်လမြိုင်မြို့အပါအဝင် ASEAN နိုင်ငံ (၈)နိုင်ငံရှိ မြို့ကြီး(၅၀)၌ G2Z စီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ဘားအံမြို့နှင့် မြဝတီမြို့များ၌လည်းတိုးချဲ့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊

      မိမိအနေဖြင့်ပြောရလျှင် မည်သည့်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင်မဆို ကျန်းမာရေးဝန်ဆောင်မှုပေးသူ (service provider)၊ ဝန်ဆောင်မှုရယူသောပြည်သူလူထု (recipient population)နှင့်​ ဖြစ်တည်နေသော ပတ်ဝန်းကျင်အခြေအနေ (environment) တို့သည် အဓိကအကျဆုံးဖြစ်ပြီး ဝန်ဆောင်မှုရယူသော ပြည်သူလူထု၏ ကျန်းမာရေးအသိပညာသည် အရေးအကြီးဆုံးဖြစ်ကြောင်းနှင့် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနအနေဖြင့်လည်း ပြည်သူလူထု၏ ကျန်းမာရေးအသိပညာမြင့်မားရေးကို အထူးဦးစားပေးလုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊

     ဤဒေသဆိုင်ရာအစည်းအဝေးသည် တက်ရောက်လာသောနိုင်ငံများအကြား အဖိုးတန်အတွေ့အကြုံများ၊ သင်ခန်းစာများ၊ ချဉ်းကပ်ဆောင်ရွက်ပုံနည်းလမ်းသစ်များကို အပြန်အလှန်မျှဝေနိုင်မည်ဟု မျှော်လင့် ပါကြောင်း၊ ဤအစည်းအဝေးမှတဆင့် HIV / AIDS ရောဂါတိုက်ဖျက်ရေးနှင့် ပတ်သက်၍ တည်တံ့ခိုင်မြဲသော အောင်မြင်မှုများရရှိနိုင်မည့် လက်တွေ့ကျသောနည်းလမ်းနှင့် အဖြေများကိုဆွေးနွေးထုတ်ဖော် သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အမြစ်တွယ်နေသော ဤ HIV / AIDS ရောဂါအန္တရာယ်ကြီးကို ပြန်လည်ခေါင်းထောင်ဦးမော့မလာနိုင်သည်အထိ ကင်းစင်အဆုံးသတ်သွားစေရန် မိမိတို့ အားလုံးစုပေါင်းပြီး နည်းလမ်းပေါင်းစုံ၊ ဘက်ပေါင်းစုံမှ ချည်းကပ်ကြိုးပမ်းဆောင်ရွက်သွားကြပါစို့ဟု တိုက်တွန်းပြောကြားခဲ့ပါသည်။


 

     ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာသော ပုဂ္ဂိုလ်များသည် စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကြပြီး အထိမ်းအမှတ်ပြခန်းများအား လှည့်လည်ကြည့်ရှု့ခဲ့ကြသည်။

     ယနေ့အစည်းအဝေးသို့ အာဆီယံအရှေ့တောင်အာရှ (၈)နိုင်ငံမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဌ၊ အမျိုးသားလွှတ်တော်ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဌ၊ မွန်ပြည်နယ် လွှတ်တော် ဥက္ကဌ၊ ခုခံကျ/ ကာလသားရောဂါတိုက်ဖျက်ရေးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ် များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။

 
 

More Tags