ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းတွင် အရေးပေါ်လူနာများကုသခြင်းနှင့် လွှဲပြောင်းခြင်းဆေးခန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့

     ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်း၊ အရေးပေါ်လူနာများကုသပေးခြင်းနှင့် လွှဲပြောင်းပေးခြင်း ဆေးခန်းဖွင့်ပွဲအခမ်းအနားကို ဇွန်လ (၁၇)ရက်နေ့ နံနက်(၉)နာရီတွင် ရန်ကုန်မြို့၊ မြောက်ဥက္ကလာပ မြို့နယ်ရှိ အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းတွင်း ဆေးခန်းတည်ရှိရာနေရာဖြစ်သည့် ဓ/၅၊ ဓနင်းရိုးချောင်းပတ်လမ်း၌ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ တက်ရောက်အမှာစကားပြောကြားကြသည်။


 

     ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းသည် နေ့စဉ်ခရီးသည်တင်ဘတ်စ်ကားများစွာ ဝင်ထွက်သွားလာလျက်ရှိရာ ခရီးသည် (၅၀၀၀၀) ခန့် ရောက်ရှိ ထွက်ခွာလျက်ရှိသည့် နေရာဖြစ်သည့်အတွက် ပြည်သူ့ကျန်းမာရေးရှုထောင့်မှ အလွန်မဟာဗျူဟာကျသည့် အရေးကြီးသော နေရာတစ်ခုဖြစ်ပါကြောင်း၊ အထူးသဖြင့် ကူးစက်ရောဂါနှင့် ကပ်ရောဂါထိန်းချုပ်သည့် ရှုထောင့်မှ ကြည့်လျှင် အခြားအရပ်ဒေသများမှ ဤနေရာသို့ ရောဂါကူးစက်ရောက်ရှိ၍ ထို့မှတစ်ဆင့် ရောဂါမဖြစ်ပွားသေးသော အခြားအရပ်ဒေသများသို့ ရောဂါထပ်မံ ကူးစက်ပြန့်နှံ့နိုင်ခြေရှိသောနေရာ တစ်ခု လည်းဖြစ်၍ ဤနေရာမျိုးတွင် စနစ်တကျ ကြိုတင်ကာကွယ်ထိန်းချုပ်ရန် အရေးကြီးပါကြောင်း၊

     ခရီးသည်များအနက် အချို့ခရီးသည်များမှာ ဝေးလံခက်ခဲသောဒေသများမှ လာရောက်သူများဖြစ်၍ ကျန်းမာရေးနှင့်ပတ်သက်သော အသိပညာဗဟုသုတနည်းပါးသူများပါရှိနိုင်သဖြင့် ထိုသူများအနေဖြင့် ကူးစက်ရောဂါများပိုမိုဖြစ်ပွားနိုင်ကြောင်း၊ လူအများစုဝင်ထွက်သွားလာရာနေရာဖြစ်၍ ဤနေရာသည် ကျန်းမာရေးအသိပညာပေးစည်းရုံးရန် အကောင်းဆုံးနေရာဖြစ်ပါကြောင်း၊ အထူးသဖြင့် ယာဉ်ရပ်နားစခန်း တွင် ခေတ္တနားနေပြီးမှ မိမိတို့သက်ဆိုင်ရာ ခရီးထွက်ခွာမည့်သူများအတွက်ဖြစ်ပါကြောင်း၊


 

      ဤဆေးခန်းဖွင့်လှစ်ခြင်းအားဖြင့် ယာဉ်ရပ်နားစခန်းအတွင်းနေထိုင်သူများ ခရီးသွားပြည်သူများအတွက် အရေးပေါ်နှင့်ပုံမှန် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ၊ ကျန်းမာရေးအသိပညာမြှင့်တင်ပေး ခြင်းများအပြင် ခရီးသည်များ၏အသက်ကို ထိန်းသိမ်းစောင့်ရှောက်၍ ယာဉ်များကို ဂရုတစ်စိုက်မောင်းနှင်နေရသော ယာဉ်မောင်းများတွင် ရုတ်တရက် ရောဂါပြင်းထန်စွာခံစားရပြီး ယာဉ်အန္တရာယ် ဖြစ်ပွားနိုင် သည့် သွေးတိုး၊ နှလုံး၊ ဆီးချို၊ အမြင်အာရုံချို့တဲ့မှု၊ အကြားအာရုံချို့တဲ့မှုရောဂါ စသည့်ရောဂါများကို အခမဲ့ စစ်ဆေးနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

     အမှိုက်ကင်းစင်ပြီး သန့်ရှင်းသောပတ်ဝန်းကျင်သည် ရေ၊ မစင်နှင့် တိရစ္ဆာန်မှ ကူးစက်တတ်သောရောဂါများ မဖြစ်ပွားစေရေးအတွက် အထူးပင်အဓိကကျသည့်အတွက် ယာဉ်ရပ်နားစခန်းဝင်းအတွင်း၌ သန့်ရှင်းလုံလောက်သော အိမ်သာနှင့် ရေများရရှိရေး၊ ကြွက်၊ ခြင်၊ ယင် နှိမ်နင်းရေးလုပ်ငန်းများကို တာဝန်ရှိသူများနှင့် ယာဉ်လိုင်းပိုင်ရှင်များ၊ နေထိုင်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါကြောင်း၊

     ခရီးသည်များ သန့်ရှင်းစိတ်ချရသော အစားအသောက်များ စားသုံးနိုင်ရေးအတွက် စားသောက်ဆိုင်များကို ပညာပေးခြင်းနှင့် အစားအသောက်စစ်ဆေးခြင်းများကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊

     ဤနေရာတွင် ဆေးခန်းဖွင့်လှစ်ထားရှိပြီး ပြည်သူများအား အရေးပေါ်နှင့် ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုများ တတ်နိုင်သမျှအခမဲ့အဖြစ် တာရှည်ပေးနိုင်ရန်ဆောင်ရွက်လျက်ရှိသည်ကို ပြည်သူများ အလွယ်တကူသိရှိနိုင်ရန် အသိပေးလမ်းညွှန်ပေးရန်လိုအပ်ပါကြောင်း၊


 

     အလားတူ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သည့် ဆေးခန်းမျိုးကို လှိုင်သာယာရှိ ဒဂုံ-ဧရာ အဝေးပြေးစခန်းတွင် ထပ်မံဖွင့်လှစ်နိုင်ရေးအတွက် အားလုံးက ဆက်လက်ပူးပေါင်းဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံလိုပါကြောင်း၊

     ပြည်သူနှင့်အတူဟူသော ဆောင်ပုဒ်နှင့်အညီ ပြည်သူကို ဦးထိပ်ထား၍ စုပေါင်းပါဝင်၍ လားရာတူ ရည်မှန်းချက်ဖြစ်သော ခရီးသွားပြည်သူများ၏ကျန်းမာရေးစောင့်ရှောက်မှု ယခုထက်ပိုမို ကောင်းမွန်စေရန် အတွက် သက်ဆိုင်သူ အားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသဖြင့် ပူးပေါင်းစွမ်းဆောင်မှု၏ရလဒ်အနေဖြင့် ဤဆေးခန်းကို အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ အလားတူပင် ဤဆေးခန်းကို ရေရှည် တည်တံ့ခိုင်မြဲပြီး ယခုထက်ဖွံ့ဖြိုးတိုးတက်အောင်လည်း အားလုံးက ပူးပေါင်း၍ ဆက်လက်ပံ့ပိုးပေးစေလိုပါကြောင်း၊

     မိမိအနေဖြင့် ဤကဲ့သို့ ဆေးခန်းတစ်ခုဖွင့်လှစ်နိုင်ခဲ့ခြင်းသည် လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှုကိုရရှိရန်အတွက် တစ်စိတ်တစ်ပိုင်း အထောက်အကူပြု ဖန်တီးပေးနိုင်ခဲ့သဖြင့် အလွန်ကျေနပ်ပါကြောင်းနှင့် ရွှေစင်စင်္ကြာကားအသင်းပိုင်ရှင်နှင့်တကွ ဤဆေးခန်းဖြစ်မြောက်ရေး ဝိုင်းဝန်းကူညီခဲ့သူအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။


 

     ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားရာတွင် အားလုံးပါဝင်ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဤဆေးခန်းမှ ခရီးသွားပြည်သူများအတွက် ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှုများအပြင် အရေးပေါ်လူနာတင်ယာဉ်လည်းရှိသဖြင့် အရေးပေါ်ကုသမှုခံရန်လိုအပ်သော လူနာများကို သက်ဆိုင်ရာဆေးရုံကြီးများသို့ အချိန်မီပေးပို့ကုသနိုင်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအနေဖြင့် ပံ့ပိုးကူညီမှုများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

     ယင်းနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအမှုဆောင်အဖွဲ့ဝင် ဗဟိုအမျိုးသမီး လုပ်ငန်းကော်မတီဥက္ကဌ ဒေါက်တာမေဝင်းမြင့်က ဆေးခန်းဖြစ်ပေါ်လာပုံနှင့်ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းတင်ပြခဲ့သည်။

     ဆက်လက်၍ အစီအစဉ်အရ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ ဆေးခန်း အဆောက်အဦအား အလှူရှင် ရွှေစင်စင်္ကြာကားအသင်းပိုင်ရှင် ဦးလှမိုးလှိုင်မှ ဆေးခန်းနှင့်ပတ်သက်သော စာရွက်စာတမ်း များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်(ဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်အား လွှဲပြောင်းပေးအပ်ခဲ့ပါသည်။


 

     ဆေးခန်းဖြစ်မြောက်ရေးအတွက် ကျပ်သိန်း(၁၂၀၀)တန်ဖိုးရှိ အဆောက်အဦနှင့် ကျပ်သိန်း(၂၄၀) လှူဒါန်းခဲ့သော ရွှေစင်စင်္ကြာကားအသင်းပိုင်ရှင် ဦးလှမိုးလှိုင်နှင့် အခြားလိုအပ်သည်များအတွက် ကျပ်(၁၁၅)သိန်း လှူဒါန်းပေးခဲ့ကြသော အလှူရှင်(၁၁) ဦးအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်း၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းတို့မှ ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ကြသည်။


 

     ယင်းနောက် အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်း ဆေးခန်းအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဗဟိုအမျိုးသမီးလုပ်ငန်း ကော်မတီဥက္ကဌ ဒေါက်တာမေဝင်းမြင့်နှင့် ဦးလှမိုးလှိုင်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဆေးခန်းအတွင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

 
 

More Tags