အားကစားနှင့်ကာယပညာဦးစီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉) နာရီ၌ နေပြည်တော်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ရုံးအမှတ် (၃၁) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက် အမှာစကားပြောကြားပါသည်။


 

     ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က ၂၀၁၇ ခုနှစ်၊ ဧပြီလမှ ဒီဇင်ဘာလအထိ ဦးစီးဌာနအနေဖြင့် ဝန်ထမ်းအင်အားခန့်ထားနိုင်မှု၊ ဝန်ထမ်းအိမ်ရာ လိုအပ်မှုအခြေအနေ၊ ဦးစီးဌာနရှိ ဒုတိယညွှန်ကြားရေးမှူးချုပ်များ တာဝန်ခွဲဝေ လုပ်ငန်းကြီးကြပ်ဆောင်ရွက်မှုအခြေအနေ၊ နိုင်ငံခြားပညာတော်သင် သွားရောက်နိုင်မှုအခြေအနေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများ ကျင်းပပြီးစီးမှုအခြေအနေ၊ ပြိုင်ပွဲအပြီးသုံးသပ်မှုအခြေအနေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အားကစားတိုးတက်မှု၊ လျော့ကျမှုအခြေအနေ၊ အားကစားနှင့်ကာယပညာ သိပ္ပံကျောင်းများ ပြိုင်ပွဲကျင်းပနိုင်မှုအခြေအနေနှင့် အားကစားနည်းအလိုက်သုံးသပ်ချက်များနှင့် ၂၀၁၇ခုနှစ် ဦးစီးဌာနအနေနှင့် အဓိကအောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သော လုပ်ငန်းအခြေအနေများကို ရှင်းလင်းပြောကြားပါသည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လမ်းညွှန်အမှာစကား ပြောကြားရာတွင် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ အားကစားနည်းအလိုက် သုံးသပ်မှုအခြေအနေ အလွန်ကောင်းမွန်ကြောင်း၊ လိုအပ်ချက်များအား ဖြစ်နိုင်သည့်အချက်များကို လက်တွေ့အောင်မြင်အောင် အကောင်အထည် ဖော်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လက်ရွေးစင်အားကစားသမားများအား ဝန်ထမ်းအဖြစ် ခန့်ထားရေးကို အမြန်ဆုံး ကြိုးစားဆောင်ရွက်စေလိုကြောင်း၊ သို့မှသာ အားကစားသမားများ ကြိုးစားချင်စိတ်ရှိလာမည်ဖြစ်ပါကြောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ တာဝန်ခွဲဝေမှုအား အလှည့်ကျတာဝန် ထမ်းဆောင်ရန်လိုအပ်ကြောင်း၊ သို့မှသာပိုမိုကောင်းမွန်သော အုပ်ချုပ်မှုဖြစ်ပေါ်လာမည် ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ဝန်ထမ်းအိမ်ရာများအား အဓိက ဦးစားပေးဆောက်လုပ် သွားမည် ဖြစ်ပါကြောင်း၊ သိပ္ပံကျောင်းများပြိုင်ပွဲတွင် အားကစားနည်းအလိုက် စံချိန်များသတ်မှတ်ပြီး စံချိန်ကောင်းများရရှိအောင် စီစဉ်ဆောင်ရွက်စေလိုပါကြောင်း၊ Healthy Myanmar (Exercise is Medicine) ဆွေးနွေးပွဲမှ ဆွေးနွေးချက်များအား နိုင်ငံတော်သမ္မတရုံးမှ ခွင့်ပြုမိန့်ကျပြီး ဆောင်ရွက်ခွင့် ပြုပြီးဖြစ်ပါသဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရန် အတွက် တိုင်းဒေသကြီး နှင့်ပြည်နယ် အစိုးရအဖွဲ့များပူးပေါင်း၍ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဆောင်ရွက်ရာတွင်လည်း ဒေသတစ်ခုနှင့်တစ်ခု မတူညီသည့်အတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လုပ်ငန်းတူညီနိုင်မည် မဟုတ်ပါကြောင်း၊ မိမိဒေသ၏ အဓိကအားသာချက်နှင့် လိုအပ်ချက်ကိုက်ညီသည့် အစီအမံများဦးစားပေး ဆောင်ရွက်သင့်ကြောင်း၊ လိုအပ်သည့်ဘဏ္ဍာရန်ပုံငွေကို တောင်းခံရန်လိုအပ်ပါကြောင်း၊ မြို့နယ်အသီးသီး တွင် ကျင်းပပြုလုပ်လျက်ရှိသော Township Sports Development Programme ပြိုင်ပွဲများအား လက်တွေ့ကျကျ လုပ်ကိုင်နိုင်မှုကို ပြန်လည်သုံးသပ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ B.Sc (Sports) ကျောင်းသားများအား သင်ကြားမှုစနစ် ပြန်လည်သုံးသပ်ရန်နှင့် အားကစားသိပ္ပံကျောင်းများ လေ့ကျင့်နေမှုကို လက်တွေ့လေ့လာရန် လိုအပ်ကြောင်း၊ မြို့နယ်အားကစားမှူးများအား ဒေသတွင်းရှိ အခြေခံပညာကျောင်းများနှင့် အားကစားဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်နှင့် အားကစားဆိုင်ရာ အထောက်အကူပြုပစ္စည်းများ တတ်နိုင်သလောက် ထောက်ပံ့ပေးရန် လိုအပ်ကြောင်း၊ နိုင်ငံရှိပြည်သူများ အားကစားလေ့ကျင့်နိုင်ရေး မြို့နယ်အသီးသီး၌ Outdoor Fitness Equipment များ တပ်ဆင်ပြီးစီးမှုနှင့် လိုအပ်သည့်မြို့နယ်များ အမြန်ဆုံးတပ်ဆင်ပေးနိုင်ရေး၊ မြို့နယ်များ၌လည်း Outdoor Fitness Equipment များကို အများပြည်သူများ အလွယ်တကူ ကစားနိုင်သည့် နေရာများ၌စီစဉ် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ တစ်နိုင်ငံလုံးရှိ အားကစားကွင်း၊ အားကစားရုံ၊ ရေကူးကန်များအား ပြန်လည်ပြုပြင်ထိမ်းသိမ်းရန် လိုအပ်သည်များကို စာရင်းပြုစု၍ အမြန်ဆုံးပြုပြင် ထိမ်းသိမ်းရန် ဘဏ္ဍာရန်ပုံငွေတောင်းခံပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ အားကစားကွင်း၊ အားကစားရုံများကိုလည်း ပြည်သူများအခမဲ့ စနစ်တကျ ဝင်ရောက်ကစားနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်၊ နယ်မြေကွင်းဆင်း ဆောင်ရွက်လျက်ရှိသော ဒုတိယညွှန်ကြားရေးမှူးချုပ်များ၏ အစီရင်ခံစာများ အမြန်ဆုံးတင်ပြရန်နှင့် မာရသွန်အားကစားနည်းတွင် ကျန်းမာကြံ့ခိုင်သော ကချင်၊ ချင်း၊ နာဂ တိုင်းရင်းသားများအား ရှာဖွေရွေးချယ်နိုင်ရေးနှင့် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများ ပညာရေးနှင့်လေ့ကျင့်ရေးမူဝါဒ ပြောင်းလည်းပြင်ဆင်ရန်၊ ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းဆောင်ရွက်ရန်တို့ကို မှာကြားပါသည်။


 

     အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်မှ ညွှန်ကြားရေးမှူးများ၊ အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

More Tags