သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ရွက်လှေပြိုင်ပွဲနှင့်၂၀၁၇ခုနှစ်၊ အိုလံပစ်နေ့အထိမ်းအမှတ်ရွက်လှေ ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

             သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် ဥက္ကဋ္ဌဖလားရွက်လှေပြိုင်ပွဲနှင့် ၂၀၁၇ခုနှစ်၊ အိုလံပစ်နေ့အထိမ်းအမှတ် ရွက်လှေပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင်လ (၉)ရက် နေ့ည (၇)နာရီ အချိန်တွင် ရန်ကုန်မြို့ အင်းယားကန်ရှိ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် ရန်ကုန်ရွက်လှေ အသင်း၌ ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦးနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမိုးမြင့်နှင့် ဒုတိယဥက္ကဋ္ဌများ၊ တပ်မတော်(ရေ) လှေလှော်ရွက်တိုက်ကော်မတီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြိုင်ပွဲဝင်အသင်း(၆)သင်းအား ပံ့ပိုးကူညီကြသည့် Sponsor ကုမ္ပဏီ/အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်ရွက်လှေအသင်းဝင် မိသားစုများ၊ ဆုရအားကစား သမားများ တက်ရောက်ကြသည်။
        ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဂုဏ်ပြုအမှာစကားပြောကြားပြီး မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမိုးမြင့်က အဖွင့်အမှာစကားပြောကြား ခဲ့ပါသည်။


 

          ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ၂၀၁၇ခုနှစ်၊ သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ရွက်လှေပြိုင်ပွဲ ပြိုင်ပွဲဝင်အသင်းများ၏ Sponsor ကုမ္ပဏီ/အဖွဲ့အစည်းများအား အထိမ်းအမှတ် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
             ယင်းနောက် ၂၀၁၇ ခုနှစ်၊ သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ရွက်လှေပြိုင်ပွဲတွင် အသင်းလိုက် တတိယဆုရရှိသော Marrybrown အသင်းအား မြန်မာနိုင်ငံရွက်လှေ အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးမျိုးတင့်က ဆုများကိုပေးအပ်ချီးမြှင့်၍လည်းကောင်း၊ အသင်းလိုက် ဒုတိယဆုရရှိသော UPG အသင်းအား အမြဲတမ်းအတွင်းဝန်ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း က ဆုများကို ပေးအပ်ချီးမြှင့်၍လည်းကောင်း၊ အသင်းလိုက်ပထမဆုရရှိသော Enervon.c အသင်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆုများကိုပေးအပ် ချီးမြှင့်ခဲ့ပါသည်။
      
ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမိုးမြင့်တို့က မြန်မာနိုင်ငံရွက်လှေ အဖွဲ့ချုပ်ဥက္ကဋ္ဌ တံခွန်စိုက်ဆုဖလားနှင့် ဆင့်ပွားဆုဖလားကို ရရှိသွားသော Enervon.c အသင်းအား ဆုဖလားနှင့် ဆင့်ပွားဆုဖလားများအား ပေးအပ်ချီးမြှင့်ခဲ့သည်။


 

           ဆက်လက်၍ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင် က ၂၀၁၇ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ် ရွက်လှေပြိုင်ပွဲ Triathlon (Optimist Sailor) တွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထနှင့် ပဉ္စမ ရရှိကြသော အသင်းအား ဆုများကိုပေးအပ်ချီးမြှင့်၍လည်းကောင်း၊ ODAM ဥက္ကဋ္ဌ ဦးနေမျိုးအောင် က Optimist Ten Race တွင် ပထမဆုရ Marybrown အသင်း၊ ဒုတိယဆုရ COB အသင်း၊ တတိယဆုရ Enervon.c အသင်းတို့အား ဆုများကိုပေးအပ်ချီးမြှင့်၍လည်းကောင်း၊ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဖုန်းကျော်မိုးမြင့် က SUP Open Class တွင် ပထမဆုရ စောသော်သီထူး(Enervon.c အသင်း) ၊ ဒုတိယဆုရ ဘိုဘိုလွင်(Marybrown အသင်း) ၊ တတိယဆုရ စည်သူစိုး(YKKO အသင်း)တို့အား ဆုများကိုပေးအပ်ချီးမြှင့်၍ လည်းကောင်း၊ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးမောင်ဝင်း က Sharpie B Class တွင် ပထမဆုရ ချစ်ရဲရဲထူးနှင့် ဘိုဘိုလွင် (Marybrown အသင်း)၊ ဒုတိယဆုရ မင်းသီဟအောင် နှင့်ဝေဖြိုးဇော်(UPG အသင်း)၊ တတိယဆုရ လင်းဝေယံပြည့်နှင့်မင်းသူ (Enervon.c အသင်း) တို့အားဆုများကိုပေးအပ်ချီးမြှင့်၍ လည်းကောင်း၊ တပ်မတော်လှေလှော် ရွက်တိုက်ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး အောင်မင်းထွေး က Sharpie A Class တွင် ပထမဆုရ မင်းသီဟအောင် နှင့်ဝေဖြိုးဇော် (UPG အသင်း) ၊ ဒုတိယဆုရ မင်းသော်ကောင်းနှင့် ထွန်းထွန်းကျော် (Toshiba အသင်း) တတိယဆုရ ဇွဲသူရနှင့် လှစိုး (COB အသင်း) တို့အား ဆုများကိုပေးအပ်ချီးမြှင့်၍ လည်းကောင်း၊ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်အဖွဲ့ဝင် National Judge ဒေါက်တာဥမ္မာကျော်က Rater Class တွင် ပထမဆုရ ဦးစည်သူမိုးမြင့်နှင့် ဦးရဲထက်အောင် (YKKO အသင်း)၊ ဒုတိယဆုရ ဒေါက်တာစုမြတ်စိုးနှင့်ဦးပုညကျော် (Toshiba အသင်း)၊ တတိယဆုရ ထင်လင်းအောင်နှင့်ဇာနည်အောင် (UPG အသင်း) တို့အား ဆုများကိုအသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြသည်။
              ဆက်လက်၍ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမိုးမြင့် က ၂၀၁၆-၂၀၁၇ ပညာသင်နှစ် တွင် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့သည့် မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်နှင့် ရန်ကုန်ရွက်လှေအသင်း တို့မှ အားကစားသမားများနှင့် မိသားစုဝင်များအား ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ညစာစားပွဲဖြင့်တည်းခင်းဧည့်ခံခဲ့သည်။
                အဆိုပါပြိုင်ပွဲကို ရန်ကုန်မြို့ အင်းယားကန်ရန်ကုန်ရွက်လှေအသင်းတွင် ဇွန်(၂၄)နှင့် (၂၅)ရက် တို့တွင်လည်းကောင်း၊ ဇူလိုင်(၁)ရက်နှင့်(၂)ရက်တို့တွင်ကျင်းပခဲ့ရာ အတန်းလိုက် ပြိုင်ပွဲဝင် အမျိုးအစား (၇)မျိုးနှင့် အသင်း(၆)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အားကစားသမား(၉၇)ဦး ယှဉ်ပြိုင်ခဲ့ကြပါသည်။

 

 
 

More Tags