သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်သူ သက်မွေးပညာသင်တန်းကျောင်း ဖွင့်လှစ်သင်ကြားမည့် အစီအစဉ်များကို ပြည်ထောင်စုဝန်ကြီးထံလာရောက်တင်ပြ

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ သြဂုတ်လ (၁၇)ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄) ဧည့်ခန်းမ၌ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနသည် ဂျပန်နိုင်ငံ Polestar KAIGO Service Co., Ltd နှင့် ပူးပေါင်း၍ ရန်ကုန်မြို့ရှိ သူနာပြုသင်တန်းကျောင်းတွင် သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်သူ သက်မွေးပညာသင်တန်းကျောင်း (Vocational training school for Elderly caregiver) ဖွင့်လှစ်သင်ကြားမည့် အစီအစဉ်များကို တာဝန်ရှိသူများမှ လာရောက်ရှင်းလင်းတင်ပြမှုကို လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

 


 

     အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် Polestar KAIGO Service Co., Ltd တို့သည်

- ရန်ကုန်မြို့ရှိ သူနာပြုသင်တန်းကျောင်းတွင် သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်သူ သက်မွေးပညာသင်တန်းကျောင်းဖွင့်လှစ်သင်ကြားနိုင်ရန်အတွက်လိုအပ်သော စာသင်ခန်းပြုပြင်မှုများ၊ သင်ရိုးညွှန်းတမ်း၊ သင်ထောက်ကူပစ္စည်းများကို ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနနှင့် ပူးပေါင်း ပြင်ဆင်ထားရှိမှုအခြေအနေများ၊

- သင်တန်းတက်ရောက်ရန် အရည်အချင်းသတ်မှတ်ချက်များ၊

- သင်တန်းပြီးဆုံးပါက အရည်အချင်းပြည့်မီသူများသည် ဂျပန်နိုင်ငံရှိ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဌာနများတွင် အလုပ်အကိုင်အခွင့်အလမ်းရရှိနိုင်ရေး၊

- သင်တန်းကို အမြန်ဆုံးဖွင့်လှစ်သင်ကြားနိုင်ရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးပြောဆိုခဲ့ကြပါသည်။

 


 

     အဆိုပါသင်တန်းသည် (၆)လတာ အချိန်ပြည့်သင်တန်းဖြစ်ပြီး သင်တန်းတွင် ဂျပန်နိုင်ငံမှ နည်းပြများလည်း မြန်မာနိုင်ငံတွင် လာရောက်သင်ကြားကာ စာတွေ့၊ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ပါသည်။

   အဆိုပါ တွေ့ဆုံပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (သင်ကြားရေး) ဒေါက်တာတင်ထွန်း၊ လက်ထောက်အတွင်းဝန် (ပြည်တွင်း/ပြည်ပဆက်ဆံရေး) ဒေါက်တာကျော်ခိုင်၊ Polestar KAIGO Service Co., Ltd မှ Managing Director ဦးအောင်လင်းထင်၊ Manager Ms. Nozomi KATAOKA၊ Mr. Rintaro NISHI Senior Manager ဦးသာထက်လင်းနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။

 

 
 
 

More Tags