သားဖွားမီးယပ်ရောဂါအထူးကုဆေးရုံကြီး၊ နေပြည်တော် စက်ရေတွင်းအလှူ လွှဲပြောင်းလက်ခံခြင်းအခမ်းအနားကျင်းပ

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ သားဖွားမီးယပ်ရောဂါအထူးကုဆေးရုံကြီး၊ နေပြည်တော် စက်ရေတွင်းအလှူလွှဲပြောင်းလက်ခံခြင်းအခမ်းအနားကို ဇူလိုင်(၂၀)ရက် နံနက်(၈)နာရီတွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ အဆိုပါဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


 

     ရှေးဦးစွာ အမျိုးသားလွှတ်တော်ရုံးမှ စက်ရေတွင်းလှူဒါန်းရခြင်းအကြောင်းနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော်ဥက္ကဌမန်းဝင်းခိုင်သန်းက ရှင်းလင်းပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ကျန်းမာရေးနှင့်ပညာရေးကဏ္ဍကို ပိုမိုတိုးတက်ကောင်းမွန်စေရန် အထူးအလေးထားဆောင်ရွက်လျက်ရှိရာတွင် လွှတ်တော်များမှလည်း တစ်ဖက်တလမ်းမှ ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်သူ့ဆေးရုံများတွင် လာရောက် ကုသမှုခံယူနေကြသူအများစုမှာ အခြေခံလူတန်းစားပြည်သူများဖြစ်ပါကြောင်း၊ ယခုအခါပြည်သူ့ဆေးရုံများတွင် ဆေးနှင့်ဆေးပစ္စည်းများပြည့်စုံပြီး လူနာများအား ဆက်ဆံရေး ကောင်းမွန်စွာဖြင့် ထိရောက်သောကုသမှုများရှိလာသောကြောင့် ပြည်သူလူထုက ပိုမိုအားကိုးလာကြခြင်းလည်းဖြစ်ပါကြောင်းနှင့် ဤဆေးရုံ၏လိုအပ်ချက်ဖြစ်သော ရေအခက်အခဲကို ဖြည့်ဆည်းပေးခွင့် ရသည့်အတွက် ဆေးရုံလုပ်ငန်းများလုပ်ဆောင်ရာတွင် လိုအပ်သောရေရရှိမှုနှင့်အတူ ဆေးရုံတက်လူနာများ ရေသုံးစွဲမှုအဆင်ပြေချောမွေ့သွားမည်ဖြစ်၍ ဝမ်းမြောက်မိပါကြောင်း ပြောကြားသည်။


 

     ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဌနှင့် ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးတို့သည် စက်ရေတွင်းလွှဲပြောင်းလက်ခံခြင်း လက်မှတ်ရေးထိုးကြပြီး ပြည်ထောင်စုဝန်ကြီးက အမျိုးသားလွှတ်တော် ဥက္ကဌထံ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။


 

     ဆက်လက်ပြီး စက်ရေတွင်းလှူဒါန်းသောအလှူရှင်များနှင့် ပါဝင်ကူညီသူများကို ဗဟိုအဆင့်ဆေးရုံကြီးများကြီးကြပ်ကွပ်ကဲရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာယဉ်သန္တာလွင်နှင့် ဆေးရုံအုပ်ကြီးဒေါက်တာခင်ပြုံးကြည်တို့က ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ကြပြီး ဆေးရုံအုပ်ကြီးက ကျေးဇူတင်စကားပြောကြားခဲ့သည်။


 

                   ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဌနှင့် ပြည်ထောင်စုဝန်ကြီးတို့သည် စက်ရေတွင်း၊ ရေကန်နှင့် ရေတင်စက်ရုံတို့အား ကြည့်ရှုကြသည်။


 

     သားဖွားမီးယပ်ရောဂါအထူးကုဆေးရုံကြီး၊ နေပြည်တော်အတွက် အမျိုးသားလွှတ်တော်ရုံးမှ စက်ရေတွင်းအားလည်းကောင်း၊ စိုးလျှပ်စစ်ဖောင်ဒေးရှင်းဥက္ကဌ ဦးစိုးတင့်မိသားစုမှ အုတ်ရေကန်၊ ရေတင်စက်ရုံနှင့် လေမှုတ်စက်တို့အားလည်းကောင်း လှူဒါန်းခဲ့ပြီး၊ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းဦးစီးဌာန (ရေအရင်းအမြစ်)မှ စက်ရေတွင်းတူးရာတွင် စက်ယန္တရားနှင့် ကျွမ်းကျင်မှုအကူအညီတို့ဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

 
 

More Tags