သူနာပြုသင်တန်းကျောင်း၊ နေပြည်တော်၏ ဒုတိယအကြိမ် သူနာပြုသားဖွား ဒီပလိုမာအောင်လက်မှတ် အပ်နှင်းပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်၍ အမှာစကားပြောကြား

Union Minister Dr. Myint Htwe attends the 2nd second graduation ceremony of the Nursing school, Nay Pyi Taw

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းဗဟိုဌာန (၂) (Myanmar International Convention Center - 2 (MICC - 2))၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုသင်တန်းကျောင်း၊ နေပြည်တော်၏ ဒုတိယအကြိမ် သူနာပြုသားဖွား ဒီပလိုမာ အောင်လက်မှတ် အပ်နှင်းပွဲသို့ တက်ရောက်၍ အမှာစကား ပြောကြားခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် -

• ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အရေးကြီးသည့် အခန်းကဏ္ဍတွင်ပါဝင်သည့် သူနာပြုဆရာ/ ဆရာမ လောင်းလျာများအား သူနာပြု သားဖွား ဒီပလိုမာ အောင်လက်မှတ်ပေးအပ်ပွဲ ဖြစ်သည့် ယနေ့အခမ်းအနားသည် ဝန်ကြီးဌာနအတွက်လည်းကောင်း၊ ပြည်သူများအတွက်လည်းကောင်း အရေးကြီးထူးကဲပါကြောင်း၊
 • သူနာပြုနှင့် သားဖွားများအနေဖြင့် သူနာပြု သစ္စာ အဓိဌာန်များနှင့်အညီ လူနာများအား မိမိတို့၏ မိဘ၊ သားသမီးနှင့် ဆွေမျိုးများသဖွယ် သဘောထားကာ စေတနာပြည့်ဝစွာဖြင့် ကျန်းမာရေး ပြုစုစောင့်ရှောက်မှုပေးခြင်းဖြင့် လူနာများ ဝေဒနာသက်သာလျော့ပါးမှု၊ ဘေးကင်းလုံခြုံမှု၊ စိတ်ကျေနပ်မှုနှင့် လူနာများ၏ ယုံကြည်ကိုးစားမှုတို့ကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊

 

• ယခုအောင်လက်မှတ်ရရှိသူ သူနာပြုများအနေဖြင့် မိမိတို့၏ ပညာနှင့်ရာထူးအခွင့်အရေးတက်လမ်းအတွက် တိကျသော ရည်မှန်းချက်များ ချမှတ်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊
• လက်ရှိအစိုးရ စတင်တာဝန်ယူချိန်မှစတင်၍ ဝန်ကြီးဌာနအနေဖြင့် သူနာပြုနှင့်သားဖွားများ၏ ပုံရိပ်မြင့်မားရေး၊ အရည်အသွေးမြင့်မားရေး၊ သူနာပြုနှင့်သားဖွားကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်ရေး၊ ရာထူးအခွင့် အလမ်း တိုးတက်ရေးတို့ကို ဉီးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊
 

 

• ဝန်ကြီးဌာနအနေဖြင့် ပုံမှန် သူနာပြုသိပ္ပံဘွဲ့ နှင့် ပေါင်းကူး သူနာပြုသိပ္ပံဘွဲ့ တို့အပြင် ဝန်ထမ်းသူနာပြုများအတွက် သူနာပြုတက္ကသိုလ်၌ အချိန်ပိုင်း Off-Campus Program နှင့် အချိန်ပြည့် On-Campus Program တက်ရောက်ခြင်းဖြင့် သူနာပြုသိပ္ပံဘွဲ့ကို ရရှိရန်ဖွင့်လှစ်သင်ကြားလျက်ရှိပြီး အထူးပြုသူနာပြု ဒီပလိုမာ (၉)လ သင်တန်း (၉) မျိုး ကိုလည်း သင်ကြားပေးလျက်ရှိရာ အဆိုပါ သင်တန်းများကိုလည်း ဆက်လက်တက်ရောက် ကြစေလိုပါကြောင်း၊
• သူနာပြု သိပ္ပံဘွဲ့၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့များကို ပြည်တွင်းတွင် ဖွင့်လှစ် လေ့ကျင့်သင်ကြားပေးလျက်ရှိရာ အဆိုပါဘွဲ့များရရှိအောင်မြင်ရန်အထိ ဆက်လက် ကြိုးပမ်းကြစေလိုကြောင်း၊
 

 

• သူနာပြု-သားဖွားသင်တန်းကျောင်းများတွင် ပိုမိုအရည်အသွေးပြည့်ဝသော သူနာပြုများမွေး ထုတ်ပေးနိုင်ရန် သင်ကြားပေးသူ သင်တန်းဆရာများ၏အရည်အချင်းနှင့် စွမ်းဆောင်ရည်၊ သင်ရိုးညွန်းတမ်း၊ သင်ကြားသင်ယူမှုကို အထောက်အကူပြုသည့် ပတ်ဝန်းကျင်၊ သင်ကြားမှု ပုံစံစနစ် စသည်ဖြင့် ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်ရေး ဉီးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊
• သူနာပြု-သားဖွားသင်တန်းကျောင်းများအတွက် သင်ရိုးညွှန်းတမ်းများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပညာရှင်များ၊ ပြည်တွင်း-ပြည်ပပညာရှင်များဖြင့် ပြုပြင်မွမ်းမံရေးဆွဲ၍ အသုံးပြုသင်ကြားလျက်ရှိပါကြောင်း၊
 

 

• သူနာပြုတက္ကသိုလ်များနှင့် သူနာပြု-သားဖွားသင်တန်းကျောင်းများတွင် ပြည်သူများတွင် ဖြစ်ပွားမှုများပြားသော ရောဂါနှင့် ကျန်းမာရေးပြဿနာများနှင့်ပတ်သက်သော သင်ခန်းစာ အကြောင်းအရာများကို ပိုမိုဆွေးနွေးသင်ကြားပေးစေလိုပါကြောင်း၊
• ထို့အပြင် အခြားကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များနှင့် အတူတကွဆွေးနွေး သင်ကြားခြင်း (inter-professional education) ကိုလည်း ဆောင်ရွက်သွားကြစေလိုပါကြောင်း၊
 

 

• ဝန်ကြီးဌာနအနေဖြင့် သူနာပြုများကို နိုင်ငံတကာသင်တန်းများတက်ရောက်နိုင်ရန် ဆက်လက်တိုးမြှင့်စေလွှတ်လျက်ရှိသဖြင့် ယခုအောင်လက်မှတ်ရရှိသူ သူနာပြုများအနေဖြင့် အင်္ဂလိပ်ဘာသာကျွမ်းကျင်မှုတိုးတက်စေရန်နှင့် အခြေခံ ကွန်ပြူတာနည်းပညာ တတ်ကျွမ်းစေရန်ကိုလည်း ဆောင်ရွက်ကြစေလိုပါကြောင်း၊
• ယခုလက်ရှိတွင် တစ်နိုင်ငံလုံး၌ သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ်သင်တန်းတွင် (၆၁၀၁) ဉီးနှင့် ဘက်စုံသားဖွားဒီပလိုမာ (၁၈) လ သင်တန်းတွင် (၁၆၆၁) ဉီးတက်ရောက်လျက်ရှိပြီး၊ (၂၀၁၉-၂၀၂၀) ပညာသင်နှစ်အတွက် သူနာပြု (၃၇၆၉) ဉီး၊ ဘက်စုံသားဖွားဒီပလိုမာ (၃၇၆) ဉီး တက်ရောက်ရန် ရွေးချယ်ထားပါကြောင်း၊
 

 

• လက်ရှိတွင် ပြည်တွင်း ပြည်ပတက္ကသိုလ်များမှ သူနာပြုပါရဂူဘွဲ့ ရရှိသူ (၉)ဦး နှင့် တက်ရောက်နေသူ (၁၁)ဦး၊ သူနာပြုမဟာဘွဲ့ ရရှိသူ (၂၆၅)ဦးနှင့် တက်ရောက်နေသူ (၈၇)ဦး ရှိပါကြောင်း၊
• သူနာပြုသင်တန်းကျောင်းသစ်များကိုလည်း ရွှေဘိုမြို့နှင့် မြောင်းမြမြို့တို့တွင်လည်းကောင်း၊ သားဖွားသင်တန်းကျောင်းကို ဟာခါးမြို့တွင်လည်းကောင်း နိုဝင်ဘာလ (၁၅) ရက်နေ့မှ စတင်၍ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း၊
 

 

• ထို့အပြင် ပုဂ္ဂလိကသူနာပြုသင်တန်းကျောင်း (၄) ကျောင်းလည်း မကြာမီဖွင့်လှစ် တော့မည် ဖြစ်ပါကြောင်း၊
• ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပညာရှင်များ၊ သူနာပြုသားဖွားများ ပါဝင်တက်ရောက်မည့် “သူနာပြုသားဖွားများ သင်ကြားလေ့ကျင့်မှု ပိုမိုကောင်းမွန်တိုးတက်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲ”ကို လည်း (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီလခန့်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊

 

     အဆိုပါနှီးနှောဖလှယ်ပွဲမှ ရရှိသော အကြံပြု ဆွေးနွေးချက်များဖြင့် လုပ်ငန်းမူဘောင်နှင့် လမ်းပြမြေပုံများ ရေးဆွဲဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊
• ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော သူနာပြုနှင့်သားဖွားဆရာမများအတွက် စွမ်းဆောင်ရည်မြှင့်တင်မှုနှင့် မွမ်းမံသင်တန်းများကို အကျိုးရှိထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း၊ အင်တာနက်ကွန်ရက် (online) အသုံးပြု စဉ်ဆက်မပြတ် သူနာပြုသားဖွားပညာသင်ကြားရေးလုပ်ငန်းများ ကိုလည်း ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊
• ဝန်ကြီးဌာနနှင့်သူနာပြုတက္ကသိုလ်များ၏ အင်တာနက်စာမျက်နှာများကိုလည်း ပုံမှန် ကြည့်ရှုကြစေလိုပါကြောင်း၊
 

 

• သူနာပြုသားဖွားများ၏ ပုံရိပ် (image) မြင့်မားရန် ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင် တတ်မြောက်ရုံ ဖြင့်မပြည့်စုံနိုင်ဘဲ ကျင့်ဝတ်များကို လေးစား လိုက်နာရန်လည်း အထူးလိုအပ်ကြောင်း၊
• သူနာပြုသစ္စာ အဓိဌာန် (၈)ချက်တွင် ပါဝင်သည့်-
- နံပါတ်(၁) အချက်ဖြစ်သော “ကျွန်ုပ်တို့သည် လူသားအားလုံး၏ ကိုယ်၏ကျန်းမာရေး၊ စိတ်၏ကျန်းမာရေးကို ကျွန်ုပ်တို့၏ အရေးကဲ့သို့ ယူဆပါအံ့” နှင့်
- နံပါတ်(၈)အချက်ဖြစ်သော “ကျွန်ုပ်တို့သည် သူနာပြုများလိုက်နာရမည့် ကျင့်ဝတ်များကို စောင့်ထိန်း၍ သူနာပြုအချင်းချင်း ထာဝစဉ်စည်းလုံးညီညွှတ်ရန် အမြဲတစေ ဆောင်ရွက် ပါအံ့” တို့သည် အရေးအကြီးဆုံးအချက်နှစ်ခုဖြစ်ကြောင်း၊
 

 

• ယနေ့ အောင်လက်မှတ်ရရှိသူများအနေဖြင့် မိမိတို့၏ မိခင်ကျောင်းကြီးနှင့် သူနာပြုသားဖွား လောကကြီးတစ်ခုလုံး ပိုမိုတိုးတက်အောင်မြင်စေရန် ကျင့်ဝတ်များကိုလိုက်နာမှု၊ အပြုသဘောဆောင်သော စိတ်ဓာတ်၊ အသင်းအဖွဲ့ စိတ်ဓာတ်၊ အပေးအယူနားလည်မှု ရှိသော စိတ်ဓာတ်၊ အချင်းချင်း ညှိနှိုင်းဆောင်ရွက် လိုသောစိတ်ဓာတ်၊ အချင်းချင်း အပြန်အလှန်လေးစားမှုနှင့် နားလည်မှုရှိသောစိတ်ဓာတ်များဖြင့် လုပ်ဆောင်ကြစေ လိုကြောင်း ပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ သူနာပြုသင်တန်းကျောင်း၊ နေပြည်တော်၏ ကျောင်းအုပ်ကြီး ဒေါ်စန်းစန်းလင်းက ကျေးဇူးတင်စကားနှင့် သင်တန်းကျောင်း ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များကို ပြောကြားရှင်းလင်းခဲ့ပါသည်။

 

     ထို့နောက် သူနာပြုသင်တန်းကျောင်း၊ နေပြည်တော်၏ ကျောင်းအုပ်ကြီးက သူနာပြုသားဖွားဒီပလိုမာ သင်တန်းအောင်မြင်ပြီးမြောက်ခဲ့သူ (၅၈) ဉီးအား သူနာပြုသားဖွား ဒီပလိုမာအောင်လက်မှတ်များ အပ်နှင်းခဲ့ပါသည်။

 

     အဆိုပါအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာရှိကြီးများ၊ ဆေးရုံအုပ်ကြီးများ၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီ၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် တို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ သူနာပြုသားဖွားသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ နှင့် သင်တန်းဆရာများ၊ ဆေးရုံကြီးများမှ သူနာပြုအုပ်များ၊ အောင်လက်မှတ်ရရှိသူများ၏ မိဘများ တက်ရောက်ခဲ့ကြပါသည်။

 

     သူနာပြုသင်တန်းကျောင်း နေပြည်တော်ကို (၂၀၁၅) ခုနှစ်၊ နိုဝင်ဘာလ (၁၆)ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့အောင်လက်မှတ်ရရှိခဲ့သည့် သူနာပြု (၅၈)ဦးမှာ ဒုတိယအကြိမ် အောင်မြင်ခဲ့သူများ ဖြစ်ကြပါသည်။

More Tags