သူနာပြုတက္ကသိုလ်၊ ရန်ကုန်၏ (၂၄) ကြိမ်မြောက်ဘွဲ့နှင်းသဘင် ဂုဏ်ပြုညစာစားပွဲ ကျင်းပ

ရန်ကုန်၊ (၂၀၁၈) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆) ရက်နေ့

     သူနာပြုတက္ကသိုလ်၊ ရန်ကုန်၏(၂၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်ဂုဏ်ပြုညစာစားပွဲကို ဖေဖော်ဝါရီလ(၁၆)ရက်နေ့၊ ညနေ(၆:၃၀)နာရီတွင် ရန်ကုန်မြို့၊ သူနာပြုတက္ကသိုလ်ခန်းမ၌ ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်ချီးမြှင့် အမှာစကားပြောကြားပါသည်။


 

     ပြည်ထောင်စုဝန်ကြီးမှပြောကြားရာတွင် ယနေ့ဘွဲ့ရမောင်မယ်အားလုံးအတွက် မိဘများနှင့် ဆရာသမားများနည်းတူ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့်လည်း ဂုဏ်ယူချီးကျူး ပါကြောင်း၊ ဘွဲ့ရမောင်မယ်များအနေဖြင့် မိမိတို့အား သင်ကြားပေးခဲ့သော ဆရာသမားများ၊ အဆင်ပြေချောမွေ့စွာ သင်ကြားပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ကြသော တက္ကသိုလ်မှ ဝန်ထမ်းများ၊ ကောင်းမွန်သောသင်ကြားမှု သင်ယူမှုအခြေအနေဖြစ်စေရန် ဖန်တီးပေးခဲ့ကြသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် နိုင်ငံတော်အစိုးရအပါအဝင် ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးတင်ရန်လိုအပ်ပါကြောင်း၊

     ဘွဲ့ရမောင်မယ်များအားလုံးကို အနည်းဆုံး (၃) နှစ်၊ နိုင်ငံတာဝန်ထမ်းဆောင်စေလို ပါကြောင်း၊ နိုင်ငံတာဝန်ထမ်းဆောင်ခြင်းအားဖြင့် ဘွဲ့ရမောင်မယ်များ၏ လက်တွေ့လုပ်ငန်းခွင် ကျွမ်းကျင်မှုများ ပိုမိုရရှိလာမည့်အပြင် နိုင်ငံတော်နှင့် ပြည်သူအတွက် အကျိုးရှိမည်ဖြစ်ပါ ကြောင်း၊ ဆေးရုံတက်ကုသမှု လူနာများ၏ရောဂါဝေဒနာလျင်မြန်စွာ သက်သာစေမှု၊ စိတ်ချမ်း သာစေမှုရရှိစေရန်အတွက် သူနာပြုများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးပါသည်ဖြစ်၍ ဝန်ကြီးဌာနအနေဖြင့်လည်း သူနာပြုများ၏ အရည်အသွေးနှင့် ဘဝတက်လမ်း ယခုထက် ပိုမိုမြင့်မားရေးအတွက် အထူးဦးစားပေးလုပ်ငန်း တစ်ရပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားခဲ့ပါသည်။


 

     အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချူပ်များ၊ ပါမောက္ခများ၊ ကထိကများ၊ ဘွဲ့ရမောင်မယ်များ တက်ရောက်ကြပါသည်။ ယင်းနေ့ကျင်းပခဲ့သော ဘွဲ့နှင်း သဘင်အခမ်းအနားတွင် သူနာပြုသိပ္ပံဘွဲ့(၁၁၈)ဦး၊ ပေါင်းကူးသူနာပြုသိပ္ပံဘွဲ့(၂၆၆)ဦး၊ သူနာပြု သိပ္ပံမဟာဘွဲ့(၃၆)ဦး၊ အထူးပြုသူနာပြုဒီပလိုမာ (၈၈)ဦးနှင့် အရေးပေါ်သူနာပြုစုခြင်း ဘွဲ့လွန် ဒီပလိုမာ(၁၃)ဦး၊ စုစုပေါင်း သူနာပြု (၅၂၁)ဦးကို ဘွဲ့များပေးအပ်ခဲ့ပါသည်။

More Tags