သူနာပြုတက္ကသိုလ်-ရန်ကုန် ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တွေ့ဆုံ

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် မတ်လ(၁၇)ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ သူနာပြုတက္ကသိုလ်-ရန်ကုန်တွင် သူနာပြုတက္ကသိုလ်-ရန်ကုန်မှ ပါမောက္ခချုပ်၊ ပါမောက္ခ/ ဌာနမှူးများ၊ သင်တန်းနည်းပြများ၊ ကျောင်းသား၊ ကျောင်းသူများအား မိသားစုသဖွယ် တွေ့ဆုံကာ နိုင်ငံတော်မှ သူနာပြုသားဖွား အတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် ပတ်သက်၍ ဆောင်ရွက်နေမှုများအား ရှင်းလင်းဆွေးနွေးသည်။

 

     ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် ဝန်ကြီးဌာနအနေဖြင့် ကျောင်းကျန်းမာရေး လုပ်ငန်းများအဆင့်မြှင့်တင်ရေး၊ ပြည်သူလူထုအတွင်း ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် သူနာပြုသားဖွား ကဏ္ဍ တိုးတက်ရေးလုပ်ငန်းများကို အဓိကလုပ်ငန်းကြီး(၃)ရပ် အနေ ဖြင့် အထူးအလေးထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊

 

     မြန်မာနိုင်ငံအတွင်းရှိ ဆေးရုံများတွင် အရည်အသွေးမီ ကုသစောင့်ရှောက်မှုနှင့် သူနာပြုစုမှုများ ရရှိစေရန်အတွက် သူနာပြုများ၏အခန်းကဏ္ဍသည် အထူးအရေးပါ လျှက်ရှိပါကြောင်း၊ လက်ရှိအချိန်တွင် အကြောင်းအမျိုးမျိုးကြောင့် လိုအပ်သောသူနာပြု ပမာဏ၏ (၅၄%)သာ လက်တွေ့တွင် အလုပ်ဝင်ရောက်မှုရှိပါကြောင်း၊

     သို့ဖြစ်ပါ၍ သူနာပြုများအနေဖြင့် လုပ်ငန်းခွင်သို့ ပိုမိုဝင်ရောက်ရန် လိုအပ်လျှက်ရှိပါကြောင်း၊ လုပ်ငန်းခွင်ဝင်ရောက်ခြင်းအားဖြင့် သူနာပြုများ၏ အရည် အသွေးများလည်း ပိုမိုတိုးတက်လာမည် ဖြစ်သလို ပြည်သူများအနေဖြင့်လည်း သူနာပြုစု စောင့်ရှောက်မှုများကို ပိုမိုရရှိလာမည်ဖြစ်ပါကြောင်း၊

     သူနာပြုလိုင်စင် ထုတ်ပေးရေးကိစ္စ၊ လုပ်ငန်းခွင်တွင် ပျော်ရွှင်စေရေးကိစ္စ အစရှိသည့်တို့နှင့် ပတ်သက်၍ မိမိတို့၏ ဝန်ကြီးဌာနအနေဖြင့် သူနာပြုသားဖွား ကိစ္စရပ်များအတွက် ဆက်သွယ်ဆောင်ရွက်ရန် တာဝန်ပေးအပ်ထားသည့်အဖွဲ့အား ရှု့ထောင့်ပေါင်းစုံမှလွှမ်းခြုံ သုံးသပ်နိုင်ရန် ဖွဲ့စည်းပေးထားပြီးဖြစ်ပါကြောင်းနှင့် ၄င်းအဖွဲ့မှ အဆိုပါကိစ္စရပ်များနှင့် ပတ်သက်သည်များကို တရားဝင် ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း ပြောကြားသည်။

 

     ယင်းနောက် နည်းပြများ၊ ကျောင်းသား/သူများက သိရှိလိုသည်များကို မေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဝန်ကြီးဌာနမှ ဆက်လက် ဖြည့်ဆည်းပံ့ပိုး ဆောင်ရွက်မည့် အစီအစဉ်များကို ပြောကြားခဲ့သည်။

 

 
 

More Tags