သုတေသနကျင့်ဝတ်နှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ဆန်းစစ်သုံးသပ်မှုဘုတ်အဖွဲ့ (Institutional Review Board) အဖွဲ့ဝင်များ စွမ်းဆောင်ရည်မြှင့်တင်မှု အလုပ်ရုံဆွေးနွေးပွဲကျင်းပ

Capacity building workshop for the Institutional Review Board members in the Ministry of Health and Sports is held in the Department of Medical Research, Yangon

ရန်ကုန်၊ (၂၀၁၉) ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနနှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနရှိ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်တို့ရှိ သုတေသနကျင့်ဝတ်နှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ဆန်းစစ်သုံးသပ်မှုဘုတ်အဖွဲ့ (Institutional Review Board) များမှ အဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်မြှင့်တင်မှု အလုပ်ရုံဆွေးနွေးပွဲ (Capacity Building Workshop for Institutional Review Board Members) ကို ဆေးသုတေသနဦးစီးဌာန (ရန်ကုန်) ၌ ဇူလိုင်လ (၁၇) ရက်နှင့် (၁၈) ရက်နေ့တို့တွင် ကျင်းပခဲ့ပါသည်။


 

     အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးမှ ပေးပို့သော သတင်းစကား သဝဏ်လွှာကိုဖတ်ကြားခဲ့ရာတွင် -

• ဝန်ကြီးဌာနမှ သုတေသနလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်စေရန်အတွက် နှစ်စဉ် ဘဏ္ဍာငွေများ တိုးမြှင့်ချထားပေးလျက်ရှိပြီး (၂၀၁၉-၂၀၂၀) ခုနှစ် ဘဏ္ဍာနှစ်တွင် သုတေသနစီမံချက် လုပ်ငန်းများအတွက် ငွေကျပ် သန်း(၃) ထောင်ကို ခွင့်ပြု ချထားပေးမည်ဖြစ်ပါကြောင်း၊

• အဆိုပါ ဘဏ္ဍာငွေများဖြင့် ဆောင်ရွက်မည့် သုတေသနလုပ်ငန်းများအပါအဝင် နိုင်ငံတွင်းဆောင်ရွက်မည့် ကျန်းမာရေးကဏ္ဍသုတေသနများသည် အရည်အသွေးပြည့်ဝပြီး ကျင့်ဝတ်များနှင့် ညီညွတ်သော၊ သုတေသနတွင်ပါဝင်သူများ၏ လွတ်လပ်ခွင့်ကိုလေးစားလိုက်နာသော၊ နိုင်ငံနှင့် ပြည်သူတို့အတွက် အကျိုးရှိသော သုတေသနများ ဖြစ်စေရန်မှာ သုတေသနကျင့်ဝတ်နှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ဆန်းစစ်သုံးသပ်မှုဘုတ်အဖွဲ့ (Institutional Review Board) များမှ အဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်အပေါ်တွင် များစွာမူတည်နေပါကြောင်း၊

• ယခုအလုပ်ရုံဆွေးနွေးပွဲသည် သုတေသနကျင့်ဝတ်နှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ဆန်းစစ်သုံးသပ်မှု ဘုတ်အဖွဲ့ဝင်များ၏ ပညာရပ်ပိုင်းဆိုင်ရာနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များကို ပိုမိုမြင့်မားစေရေးအတွက် အထောက်အပံ့ဖြစ်စေမည်ဖြစ်ပါကြောင်း၊

• ဘုတ်အဖွဲ့ဝင်များအနေဖြင့် သုတေသနအဆိုပြုလွှာများကို စိစစ်ရာ၌ အဆိုပါသုတေသနများ၏ တွေ့ရှိချက်များသည် ကျိုးကြောင်းညီညွတ်ဆီလျော်ကာ ယုံကြည်စိတ်ချရပြီး နိုင်ငံအတွက် အကျိုးပြုနိုင်ရန်အတွက် ဆန်းစစ်သုံးသပ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ယခုအလုပ်ရုံဆွေးနွေးပွဲတွင် သုတေသနကျင့်ဝတ်နှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ဆန်းစစ်သုံးသပ်မှုဘုတ်အဖွဲ့ (Institutional Review Board)၏ ကြီးမားကျယ်ပြန့်သော အခန်းကဏ္ဍ၊ သုတေသနကျင့်ဝတ်နှင့် ပြည်သူ့ကျန်းမာရေးကျင့်ဝတ်ဆိုင်ရာ အခြေခံသဘောတရားများကို ဆွေးနွေးသွားမည်ကို သိရှိရပါကြောင်း၊

• Institutional Review Board ၏ စွမ်းဆောင်ရည်မြင့်မားမှုကိုပြသသည့် အချက်တစ်ခုဖြစ်သည့် သုတေသနဆောင်ရွက်မှုလုပ်ငန်းစဉ်တစ်ခုလုံးကို စောင့်ကြည့်ဆန်းစစ်ခြင်းအပါအဝင် တာဝန်ခံမှုရှိသော သုတေသနဆောင်ရွက်ခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးသွားကြစေလိုပါကြောင်း၊

• အလုပ်ရုံဆွေးနွေးပွဲတက်ရောက်သည့် ဘုတ်အဖွဲ့ဝင်များအနေဖြင့် ရရှိသော အချိန်အတွင်း အကျိုးအရှိဆုံးဖြစ်စေရန် ဝိုင်းဝန်းဆောင်ရွက် ဆွေးနွေးကြစေလိုပါကြောင်း ဖတ်ကြားခဲ့ပြီး


 

အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက အဖွင့်အမှာစကား ဆက်လက်ပြောကြားရာတွင် -

• ကျန်းမာရေးသုတေသနဆိုင်ရာအမျိုးသားမူဝါဒကို ပြည်ထောင်စုအစိုးရအဖွဲ့မှ (၂၀၁၇) ခုနှစ်၊ အောက်တိုဘာလတွင် အတည်ပြုခဲ့ပါကြောင်း၊

• အဆိုပါ မူဝါဒလမ်းညွှန်ချက်နှင့်အညီ ဝန်ကြီးဌာနရှိ တက္ကသိုလ်များနှင့် ဦးစီးဌာနအသီးသီးမှ သုတေသီများအနေနှင့် သုတေသနများဆောင်ရွက်ရာတွင် “Responsible Conduct of Research Framework” ကို လိုက်နာပြီးဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊

• စွမ်းဆောင်ရည်မြင့်မားသည့် သုတေသနစီမံချက်များကို တာဝန်သိစွာ၊ တာဝန်ခံမှုရှိစွာဖြင့် အကောင်အထည်ဖော်သည့် အလေ့အကျင့်များတိုးပွားစေရန်၊ သုတေသနကျင့်ဝတ်များကို တိကျစွာ လိုက်နာကျင့်သုံးခြင်းတို့ကို ပိုမိုအားကောင်းစေရန်အတွက် Institutional Review Board များမှ စနစ်တကျကြီးကြပ်ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊

• ဆေးသုတေသဦးစီးဌာနတွင် (၁၉၈၀) ခုနှစ်၌ သုတေသနကျင့်ဝတ်ဆိုင်ရာကော်မတီ (Ethical Review Committee) ကိုဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး (၁၉၉၂) ခုနှစ်တွင် NGO များနှင့် Collaborative Research ပူးပေါင်းဆောင်ရွက်သည့် အဆိုပြုလွှာများကို သုတေသနကျင့်ဝတ်ဆိုင်ရာကော်မတီ အနေဖြင့် စတင်လက်ခံ ဆန်းစစ်မှုများ ပြုလုပ်ခဲ့ပါကြောင်း၊

• (၁၉၉၈) ခုနှစ်တွင် မြန်မာနိုင်ငံ ဆေးတက္ကသိုလ်များဆိုင်ရာ Research Ethics Review Committee ကို ဆေးတက္ကသိုလ် (၁) ရန်ကုန်တွင် စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊

• (၂၀၀၃) ခုနှစ်တွင် ဆေးသုတေသနဦးစီးဌာနရှိ သုတေသနကျင့်ဝတ်ဆိုင်ရာကော်မတီတွင် အသုံးပြုသော သုတေသနကျင့်ဝတ်လမ်းညွှန်များနှင့် ပုံစံများကို Council for International Organization of Medical Sciences (CIOMS) ၏လမ်းညွှန်ချက်များနှင့် အညီဆောင်ရွက်ခဲ့သည်ကို သိရှိရပါကြောင်း၊

• ဝန်ကြီးဌာနနှင့် University of Maryland, USA တို့ပူးပေါင်း၍ ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်တွင် Diploma in Research Methods and Research Ethics သင်တန်းကို (၂၀၁၅) ခုနှစ်တွင် ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊

• Capacity Building Workshop for members of Ethical Review Committee under Health Institution in Myanmar ကို (၂၀၁၃) ခုနှစ်တွင် တစ်ကြိမ်ကျင်းပခဲ့ပြီး ယခုအလုပ်ရုံဆွေးနွေးပွဲကို ဝန်ကြီးဌာနတွင် ဖွဲ့စည်းထားရှိသော သုတေသနကျင့်ဝတ်နှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ဆန်းစစ်သုံးသပ်မှုဘုတ်အဖွဲ့ (Institutional Review Board) အဖွဲ့ဝင်များအတွက် ရည်ရွယ်ပြီးပြုလုပ်ခြင်းဖြစ်ပါကြောင်း၊

• သုတေသနနယ်ပယ်သည် အလွန်ကျယ်ဝန်းပြီး သုတေသနအမျိုးအစားများ များပြားသည်နှင့်အမျှ သုတေသနအဆိုပြုလွှာများကို သုတေသနကျင့်ဝတ်ဆိုင်ရာ၊ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ၊ လက်တွေ့အသုံးဝင်မှုဆိုင်ရာ ဘက်ပေါင်းစုံ၊ ရှုထောင့်စုံမှ သေချာစွာ စိစစ်သွားရန်မှာ အထူးအရေးကြီးပြီး သုတေသနဆောင်ရွက်မှုများမှ အသုံးချအမြတ်ထုတ်ခြင်းမခံစေရန်အတွက် Institutional Review Board အဖွဲ့ဝင်များအနေဖြင့် အပြည့်အဝနားလည်ပြီး တာဝန်ယူရမည်ဖြစ်ပါကြောင်း၊ သုတေသီများကို တည့်မတ်လမ်းညွှန်ပေးခြင်းကိုလည်း ဆောင်ရွက်ရမည် ဖြစ်ပြီး မလိုလားအပ်သည့် Research Misconduct များကို ရှောင်းရှားနိုင်စေမည်ဖြစ်ပါကြောင်း၊

• ကမ္ဘာ့ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ နိုင်ငံတကာနှင့် ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းများမှလည်း ကျန်းမာရေးကဏ္ဍသုတေသနလုပ်ငန်းများကို ဆောင်ရွက်သည့် အခါ သုတေသနကျင့်ဝတ်နှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ဆန်းစစ်သုံးသပ်မှုဘုတ်အဖွဲ့များမှ သေချာစွာစိစစ်ပြီး တိတိကျကျဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ပတ်ဝန်းကျင် ဖြစ်ပေါ်လာရေးအတွက် သုတေသနကျင့်ဝတ်နှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ဆန်းစစ်သုံးသပ်မှုဘုတ်အဖွဲ့ဝင်များမှ ဝိုင်းဝန်းဆောင်ရွက်သွားကြ စေလိုပါကြောင်း ပြောကြားခဲ့ပါသည်။


 

  ထို့နောက် ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။


 

        အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနရှိ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်တို့ရှိ သုတေသနကျင့်ဝတ်နှင့် ကျွမ်းကျင်မှုပိုင်း ဆိုင်ရာ ဆန်းစစ်သုံးသပ်မှုဘုတ်အဖွဲ့ (Institutional Review Board) များမှ ဥက္ကဋ္ဌများ နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး Overview on bioethics and principles of research ethics, Council for International Organization of Medical Sciences (CIOMS) guidelines, Quick review on Operational Guidelines for Ethics Committees that Review Biomedical Research, World Medical Association (WMA) Declaration of Helsinki, Reviewing informed consent စသည့် သုတေသကျင့်ဝတ်သဘောတရား များနှင့် လုပ်ထုံးလုပ်နည်းများကို ဆွေးနွေးခဲ့ကြပါသည်။

More Tags