သားဆက်ခြားကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လမ်းညွှန်စာအုပ်ဖြန့်ဝေခြင်း အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ စက်တင်ဘာ (၁၉) ရက်နေ့

   ကျန်းမာရေးနှင့်အားကစားဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် မင်္ဂလာသီရိဟိုတယ်၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သော သားဆက်ခြား ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လမ်းညွှန်စာအုပ် ဖြန့်ဝေခြင်းအခမ်းအနား (Dissemination of National Family Planning Guideline for service providers) သို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသ၌ မိခင်သေဆုံးမှု (maternal mortality ratio) မြင့်မားသောနိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း၊

• ထိုသို့ မိခင်သေဆုံးမှုများ (၁၂)ရာခိုင်နှုန်းမှာ ကိုယ်ဝန်ဖျက်ခြင်း/ ပျက်ခြင်း (abortion) ၏ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများကြောင့်ဖြစ်ကြောင်း၊

 

• မျိုးဆက်ပွားနိုင်သော အသက်အရွယ်ရှိ အမျိုးသမီးများ၌ သားဆက်ခြားနည်းလမ်းသုံးစွဲခွင့်မရခြင်း၊ လူမှုစီးပွားရေးအခြေအနေအရ သန္ဓေတားနည်းကို လက်လှမ်းမမီခြင်းစသည်တို့ကြောင့် မလိုချင်သော ကိုယ်ဝန်ရရှိသည့်အခါ အန္တရာယ်မကင်းသော ကိုယ်ဝန်ဖျက်မှုပြုလုပ်ရာမှ တစ်ဆင့် သေဆုံးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်ခြင်းများဖြစ်ပွားကျန်ရှိနိုင်ကြောင်း၊

• သားဆက်ခြားနည်းလမ်းများဆောင်ရွက်ခြင်း (family planning)ကို လက်လှမ်းမီရရှိခြင်းဖြင့် ကိုယ်ဝန်ဖျက်ချခြင်းကြောင့် မိခင်သေဆုံးမှုနှင့် ကလေးသေဆုံးမှုတို့ကို သိသာထင်ရှားစွာ လျော့ချနိုင်မည် ဖြစ်ကြောင်း၊

• Myanmar Demographic and Health Survey (၂၀၁၅-၂၀၁၆) အရ မျိုးဆက်ပွားနိုင်သော အသက်အရွယ်ရှိ အမျိုးသမီး (၁၆)ရာခိုင်နှုန်းတွင် သားဆက်ခြားခြင်းဆောင်ရွက်လိုသော်လည်း ဆောင်ရွက်ရန် အခွင့်အလမ်းမရှိမှု (Unmet need for family planning) ရှိနေသည်ကိုတွေ့ရှိရကြောင်း၊

 

• ယနေ့စတင်ဖြန့်ဝေမည့် National Family Planning Guideline for service providers လမ်းညွှန်စာအုပ်တွင် ကိုယ်ဝန် ဖျက်ချ/ပျက်ကျခြင်း နောက်ပိုင်း မိသားစုစီမံကိန်းချမှတ်ခြင်း၊ သားဆက်ခြားခြင်းနှင့် မိသားစုစီမံကိန်းဆိုင်ရာ လူ့အခွင့်အရေးအခြေခံမှုများပါဝင်သဖြင့် ပြည့်စုံကောင်းမွန်သည့် လမ်းညွှန်စာအုပ်တစ်ခုဖြစ်ကြောင်း၊

• မိသားစုစီမံကိန်း၊ သားဆက်ခြားခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် Family Planning 2020 ၏ ရည်မှန်းချက်ပန်းတိုင်များနှင့် (၂၀၃၀) ပြည့်နှစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် (Sustainable Development Goal) အမှတ် (၃) တို့ကို ကိုက်ညီပြည့်မီစေမည်ဖြစ်ကြောင်း၊

• မိသားစုစီမံကိန်းချမှတ်ခြင်းနှင့် သားဆက်ခြားကျန်းမာရေးစောင့်ရှောက်မှုတို့သည် လူ့အခွင့်အရေးတစ်ရပ်ဖြစ်ရုံမက ကျန်းမာရေးဆိုင်ရာ ရင်းနှီးမြုပ်နှံမှုများတွင် အကောင်းဆုံးသော ရင်းနှီးမြုပ်နှံမှုဖြစ်ပြီး အမေရိကန် (၁) ဒေါ်လာရင်းနှီးပါက (၄) ဒေါ်လာနှင့် ညီမျှသော ကျန်းမာရေး အကျိုးအမြတ်ကိုရရှိနိုင်ကြောင်း၊

 

• သားဆက်ခြားကျန်းမာရေးလုပ်ငန်းများကို အမျိုးသားကျန်းမာရေးစီမံကိန်း (National Health Plan 2017-2021) ၏essential package of health services တွင် ပါဝင်ထည့်သွင်းထားကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်များ၊ ခရိုင်၊ မြို့နယ်များတွင် သားဆက်ခြားကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဘက်စုံသုံးသပ်၍ လိုအပ်ချက်၊ အားနည်းချက်များကို ဖြည့်ဆည်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊

• ယခုလမ်းညွှန်စာအုပ်ကို မြန်မာဘာသာနှင့် အသုံးများသော တိုင်းရင်းသား ဘာသာများသို့ ပြန်ဆိုရန် လိုအပ်ကြောင်း၊ ဘာသာပြန်ဆိုထားသော စာအုပ်ကို အခြေခံကျန်းမာရေးဝန်ထမ်းများ အသုံးပြုရန် ပေးအပ်မည့် မိုဘိုင်းတက်ဘလက် (mobile tablet) များတွင်လည်း ထည့်သွင်းသွားမည်ဖြစ်ကြောင်း၊

• ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ဤလမ်းညွှန်စာအုပ်အတိုင်း သားဆက်ခြားကျန်းမာရေးစောင့်ရှောက်လုပ်ငန်းများကို ကြိုပမ်းဆောင်ရွက်စေလိုကြောင်း၊

• မိသားစုစီမံကိန်း ကောင်းစွာအောင်မြင်ပါက မိခင်နှင့် ကလေး ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်းစသည့် လူနေမှုဘဝ အခြေအနေများကောင်းမွန်လာမည်ဖြစ်ပြီး အမျိုးသမီး၏ ဘဝအဆင့်အတန်းလည်း ပိုမိုမြင့်မားလာမည်ဖြစ်ကာ မိသားစုတစ်ခုလုံး ကျန်းမာပျော်ရွှင်သော ဘဝရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ မိသားစုစီမံကိန်း ဆိုင်ရာ အသိပညာပေး ရုပ်သံ (video clip) ကို ပြသခဲ့ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနှင်းနှင်းလွင်က သားဆက်ခြားကျန်းမာရေးစောင့်ရှောက်မှု လမ်းညွှန်စာအုပ်နှင့် ပတ်သက်သော အချက်များကိုရှင်းလင်းတင်ပြခဲ့ပါသည်။

 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အခမ်းအနားအထိမ်းအမှတ် ပြခန်းကိုလှည့်လည်ကြည့်ရှုခဲ့ပါသည်။

     အဆိုပါအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (သဘာဝဘေး) ဒေါက်တာသန်းထွန်းအောင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါ်အေးအေးစိန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ) ဒေါက်တာသောင်းလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်ယူဖြန့်ဖြူးရေး) ဒေါက်တာဝင်းနိုင်၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူးများ၊ ညွှန်ကြားရေးမှူးများ၊ သားဖွားနှင့်မီးယပ်ပညာ ပါမောက္ခ/ဌာနမှူးများ၊ မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေး တာဝန်ခံဆရာဝန်များ၊ Jphiego၊ UNFPA၊ PSI စသည့် INGO များမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

 

     မြန်မာနိုင်ငံတွင် သားဆက်ခြား စောင့်ရှောက်မှုလုပ်ငန်းများကို (၁၉၉၁)ခုနှစ်တွင် စတင်ခဲ့ပါသည်။ အိမ်ထောင်သည်အမျိုးသမီးများ ခေတ်မီသားဆက်ခြားဆေးဝါးသုံးစွဲမှုသည် (၂၀၀၇) ခုနှစ်တွင် (၃၈) ရာခိုင်နှုန်းရှိခဲ့ရာမှ (၂၀၁၅) ခုနှစ်တွင် (၅၁) ရာခိုင်နှုန်းထိတိုးမြင့်ခဲ့ပါသည်။

      ကလေးတစ်ယောက်နှင့် တစ်ယောက်အကြား (၃)နှစ်ခြား၍ မွေးဖွားပါက (၅)နှစ်အောက်ကလေးသေဆုံးမှု (၁.၆)သန်းခန့်ကာကွယ်နိုင်ပြီး သားဆက်ခြားနည်းလမ်းများကို အသုံးပြုခြင်းဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ တွင် ကိုယ်ဝန်ဖျက်ချမှုကြောင့် မိခင်သေဆုံးခြင်း၏ (၈၁) ရာခိုင်နှုန်းကို လျှော့ချနိုင်ပါသည်။

 
 

More Tags