လိုအပ်ချက်များကို သိရှိဖြည့်ဆည်းပေးနိုင်ရန် ပေါင်းလောင်းတိုက်နယ်ပြည်သူ့ဆေးရုံ၊ လွိုင်လင်လေးတိုက်နယ်ပြည်သူ့ဆေးရုံနှင့် မိုးဗြဲတိုက်နယ်ပြည်သူ့ဆေးရုံ တို့သို့ ပြည်ထောင်စုဝန်ကြီးသွားရောက်

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်နေ့

     ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သည် ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်နှင့် တာဝန်ရှိသူများလိုက်ပါလျက် လိုအပ်ချက်များကို သိရှိဖြည့်ဆည်းပေးနိုင်ရန် အတွက် အောက်တိုဘာလ (၂၀)ရက်နေ့တွင် ရှမ်းပြည်နယ်၊ ပေါင်းလောင်းတိုက်နယ်ပြည်သူ့ဆေးရုံသို့လည်းကောင်းနှင့် ကယားပြည်နယ်၊ လွိုင်လင်လေးတိုက်နယ်ပြည်သူ့ဆေးရုံသို့လည်းကောင်း၊ အောက်တိုဘာလ (၂၁)ရက်နေ့တွင် ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲတိုက်နယ် ပြည်သူ့ဆေးရုံသို့ လည်းကောင်း သွားရောက်ခဲ့ပါသည်။

 

     ထိုသို့သွားရောက်ရာတွင် တိုက်နယ်ဆေးရုံများရှိ အရေးပေါ်/ ပြင်ပလူနာဌာန၊ လူနာဆောင်များ၊ ခွဲစိတ်ခန်း၊ မီးဖွားခန်း၊ ဓာတ်မှန်ဌာန၊ ဓာတ်ခွဲခန်း နှင့် ဆေးစတိုဌာနများကို လှည့်လည် ကြည့်ရှုခဲ့ပြီး ဆေးရုံတက်ရောက်နေသော လူနာများအားကြည့်ရှုအားပေးခဲ့ကာ ဝန်ထမ်းများ နှင့် တွေ့ဆုံခဲ့ပါသည်။

 

     ထိုသို့သွားရောက်ရာတွင် ပြည်ထောင်စုဝန်ကြီးက -

- တိုက်နယ်ဆေးရုံများတွင် ယခုကဲ့သို့ ပြည်သူများ အားကိုးအားထားပြု၍ လာရောက် ကုသမှု ခံယူနေသည်ကို တွေ့ရှိရသဖြင့် ကျန်းမာရေးဝန်ထမ်းများ၏ လုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုကို အသိအမှတ် ပြုပါကြောင်း၊

 

- ဆေးဝါးများ၊ ဆေးပစ္စည်းကိရိယာများကို ရောဂါဖြစ်ပွားမှုနှင့် ချိန်ညှိဝယ်ယူနိုင်ရန် ဆေးရုံတွင် ကုသမှုခံယူသော လူနာများ၏ ရောဂါအမျိုးအစား အလိုက် စာရင်းဇယား အချက်အလက်များ တိကျစွာ ရန်လိုအပ်ကြောင်း၊

 

- ထိုကဲ့သို့ လူနာမှတ်တမ်းများ၊ ဆေးနှင့် ဆေးပစ္စည်းမှတ်တမ်းများကို ကွန်ပျူတာစနစ် အသုံးပြု၍ ဆောင်ရွက်နိုင်ရန်အတွက် ဆေးရုံများရှိ ပြင်ပလူနာဌာနများအား ကွန်ပျူတာများ ထောက်ပံ့တပ်ဆင် ပေးလျက်ရှိကြောင်း၊

 

- လူနာများ ဆေးရုံမှဆင်းသည့်အခါ ဆက်လက်သောက်သုံးရမည့်ဆေးဝါးများ၊ ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် အချက်များ စသည်တို့ နှင့် ပတ်သက်၍ ကျန်းမာရေး အသိပညာပေးခြင်းကိုလည်း လုပ်ဆောင်ရန် လိုအပ်ကြောင်း၊

 

- မကူးစက်နိုင်သောရောဂါများကာကွယ်ကုသရေး လုပ်ငန်းများကို အထူးဦးစားပေး လုပ်ငန်း တစ်ရပ်အဖြစ် သတ်မှတ်လုပ်ဆောင်လျက်ရှိသဖြင့် ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကင်ဆာရောဂါ ဖြစ်ပွားမှုကို စောစီးစွာသိရှိ ရန်နှင့် ကုသမှုခံယူနိုင်ရန် အတွက် ကျေးလက်ကျန်းမာရေးဌာနများတွင် “မကူးစက်နိုင်သော ရောဂါများ ကာကွယ် ကုသရေး ဆေးခန်းများ (NCD clinics)” ဖွင့်လှစ်ခြင်းတို့ကို အားဖြည့် ဆောင်ရွက် လျက်ရှိကြောင်း၊

 

- မကူးစက်နိုင်သောရောဂါများနှင့် ပတ်သက်၍ ပြည်သူများအား ကျန်းမာရေးအသိပညာ ပေးရန် လက်ကမ်း စာစောင်များ ပိုမို ပြုစုထုတ်ဝေရန်လိုအပ်ကြောင်း၊

- ဝန်ကြီးဌာနအနေဖြင့် သူနာပြုများ အခန်းကဏ္ဍကို မြှင့်တင်ဆောင်ရွက်လျက်ရှိရာ သူနာပြု (သိပ္ပံ) On-campus သင်တန်းများ၊ Off-campus သင်တန်းများ၊ အထူးပြုသူနာပြု ဒီပလိုမာသင်တန်းများ ဖြင့် သူနာပြုများ စဉ်ဆက်မပြတ်သူနာပြုပညာ သင်ကြားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊

 

- ဝန်ကြီးဌာနအနေဖြင့် ပြည်သူများ ကျန်းမာရေးအသိပညာပိုမိုကြွယ်ဝစေရေး၊ ဆေးရုံများ၊ ကျန်းမာရေးဌာနများတွင် ပြည်သူများအား ပိုမိုကောင်းမွန် အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးတို့အတွက် ပံ့ပိုးဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

 

     ထိုသို့ သွားရောက်ရာတွင် သက်ဆိုင်ရာ တိုက်နယ်ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများက ပြင်ပလူနာနှင့် အတွင်းလူနာတက်ရောက် ကုသမှုအခြေအနေ၊ တွေ့ကြုံရသည့် အခက်အခဲများ၊ ဝန်ထမ်းရေးရာကိစ္စရပ်များ၊ ဆေးရုံ အဆောက်အဦတိုးချဲ့ ဆောက်လုပ်ရန်ကိစ္စရပ်များနှင့် အခြားလိုအပ်သည်များကို အသီးသီးတင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ချက်ချင်းဖြည့်ဆည်းပေးနိုင်သည်များကို ဖြည့်ဆည်းပေးခဲ့ကာ အဆင့်ဆင့်၊ အဆင့်လိုက်၊ အပိုင်းလိုက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို တာဝန်ရှိသူများနှင့် စီစဉ်ဖြည့်ဆည်းပေးခဲ့ပါသည်။

More Tags