လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆရာဝန်အသင်း၊ ကလေးကျန်းမာပညာအဖွဲ့တို့ပူးပေါင်း၍ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့

 ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေသူများ၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ ကလေးကျန်းမာပညာအဖွဲ့နှင့် အင်္ဂလန်နိုင်ငံတော်ဝင်ကလေးကျန်းမာ ပညာအဖွဲ့မှ ပညာရှင်များပူးပေါင်း၍ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ တက်ရောက်ခဲ့ကြပါသည်။

 


 

     ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ အနာဂတ်ဖြစ်သောကလေးငယ်များ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမှကင်းဝေးကာကျန်းမာဖွံ့ဖြိုးစေရေးအတွက် ယခုပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲသည် အရေးကြီးပါကြောင်း၊ မိမိတို့နိုင်ငံတွင် နေရာဒေသအလိုက်၊ အသက်အရွယ်အုပ်စုအလိုက် အဆိုပါ ပြဿနာများဖြစ်ပွားမှု မြေပြင်အခြေအနေများ၊ အဆိုပါပြဿနာဖြစ်ပွားစေသည့် နောက်ခံအကြောင်းအရာများ၊ ဖြစ်ပွားမှုများ၏ အတိမ်အနက်များကိုပိုမိုတိကျစွာ သိရှိနိုင်ရေးအတွက် စစ်တမ်း ကောက်ယူမှုများနှင့် အသုံးချသုတေသနပြုလုပ်မှုများဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထိုသို့ စနစ်တကျ သုတေသနစစ်တမ်းဆောင်ရွက်ခြင်းမှ ရရှိလာသည့်အချက်အလက်များကိုအခြေခံ၍ နေရာဒေသ အလိုက်အသင့်တော်ဆုံးသော လက်တွေ့ကျသည့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များချမှတ်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ကလေးသူငယ်များ အကြမ်းဖက်ခံရမှုကိစ္စရပ်များကို ပြည်သူများမှ သိရှိနားလည်ကာ အိမ်နီးနားချင်းများ အချင်းချင်း အပြန်အလှန်ထိန်းကျောင်းပေးခြင်း၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အကြောင်းအရာ သတင်းစကားများဖြန့်ဝေခြင်းနှင့် ကလေးသူငယ်အကြမ်းဖက်ခံရမှုဖြစ်စဉ်များကို အသိပေးတိုင်ကြားခြင်းတို့ကို ပါဝင်ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းအောင်မြင်မှုရရှိနိုင်မည် ဖြစ်ပါကြောင်း၊ ပြည်သူများတွင် ကလေးသူငယ်များအကြမ်းဖက်ခံရမှုနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အကြောင်းအရာများကို သတိပြုအလေးထားမိစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ Mobile Tablet များကိုအသုံးပြုကာ အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များမှတဆင့် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးသွားနိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

      ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အလုပ်ရုံဆွေးနွေးပွဲသည် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းဆောင်ရွက်နေသူများ၏ လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စေရန်နှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ရည်ရွယ်ပါကြောင်း၊ နိုင်ငံတကာအတွေ့အကြုံများ၊ အတွေးသစ်အမြင်သစ်များကို မျှဝေရရှိရန်လည်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသစ်ကို ပြဋ္ဌာန်းပြီးဖြစ်ရာ ကလေးသူငယ်အခွင့်အရေးများကို ဖော်ဆောင်ရာတွင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း၊ မိဘများနှင့် မိသားစုဝင်များ၏ကဏ္ဍသည် အခြေခံကျပါကြောင်း၊ ကလေးများ၏ အသက်အလိုက် ဖွံ့ဖြိုးတိုးတက်မှုကို စောင့်ကြည့်အကဲဖြတ်၍ လိုအပ်သောအချိန်တွင် ကျွမ်းကျင်သူများ၏ အကူအညီကို ရယူနိုင်သော ရှေးဦးအရွယ်ကလေးသူငယ်တိုင်းတာစစ်ဆေးခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစီမံကိန်း (Early Childhood Intervention – ECI) ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေးဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ရပ်ရွာကပါဝင်ရန် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်သည် တစ်နိုင်ငံလုံးကို လွှမ်းခြုံမှုမရှိသေးသော်လည်း တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း၊ အဓိကဝန်ဆောင်မှုပေးသော ကျန်းမာရေး၊ ပညာရေး၊ တရားရေး၊ ဥပဒေရေးရာနှင့် ဒေသဆိုင်ရာအုပ်ချုပ်မှုအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အကောင်းဆုံး လုပ်နည်းလုပ်ဟန်များကို ပူးပေါင်းဆောင်ရွက်နိုင်ရန် ဤအလုပ်ရုံဆွေးနွေးပွဲက အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ကလေးသူငယ်များအပေါ် လက်နက်ကိုင်ပဋိပက္ခအတွင်း သေကြေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ကျူးလွန်မှုများမှ ကာကွယ်ရေးပူးပေါင်း ဆောင်ရွက်မှုလိုအပ်ကြောင်း၊ ဥပဒေနှင့်ငြိစွန်းသောသူ ၊ ဆေးစွဲသောကလေးသူငယ်များစသည်တို့ကို ပြန်လည်ထူထောင်ရေးဆောင်ရွက်ရာတွင် နိုင်ငံတကာအတွေ့အကြုံများကို ဖလှယ်ရန်ဖြစ်ကြောင်း၊ ဒီမိုကရေစီအကူးပြောင်းတွင် ပြည်သူများပါဝင်သည့် အင်အားကိုရယူပြီး ကလေးများ၏ အကောင်းဆုံး ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်နိုင်မှသာ အနာဂါတ် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မှာဖြစ်ပါ ကြောင်း ပြောကြားခဲ့ပါသည်။


 

     ထို့နောက် UK Team မှ Dr. Jean Bowyer, Fellow of Royal Colleage of Pediatrics and Child Health (RCPCH, Counsultant for Myanmar)နှင့် UNICEF Myanmar မှ Ms.Noriko Izomi, Chief of Child Protection တို့က အသီးသီးနှုတ်ခွန်းဆက်စကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။

     ယင်းနောက် UK Team မှ Child Protection Specialist Dr.Nesbitt က ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊ လူမှုဝန်ထမ်းဉီးစီးဌာနမှ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုများ၊ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်၊ ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်မှုအခြေအနေတိုင်းတာစစ်ဆေးခြင်း အခြေအနေ၊ Myanmar Pediatric Society မှ အကြမ်းဖက်ခံရသော ကလေးသူငယ်များအား ပြုစုကုသမှုပေးသည့် လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ ကုသရေးဦးစီးဌာနမှ ဆောင်ရွက်နေသော ဆေးလူမှုဆက်ဆံရေး လုပ်ငန်းများအားဆွေးနွေးခြင်းနှင့် UNICEF မှ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးမူဝါဒ ရေးဆွဲဆောင်ရွက်နေမှုအား ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

     အလုပ်ရုံဆွေးနွေးပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ UK Team မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကလေးကျန်းမာရေးအဖွဲ့တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆေးလူမှု ဆက်ဆံရေးအရာရှိများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းဆောင်ရွက်နေသူများ၊ Case Manager များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကလေးသူငယ်အရေး တက်ကြွစွာဆောင်ရွက်နေကြသော ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ကလေးသူငယ်ဆိုင်ရာ ပညာရှင်များနှင့် UNICEF အဖွဲ့မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

 

More Tags