လူနာဘေးကင်းလုံခြုံမှုနှင့် ကျန်မားရေးစောင့်ရှောက်မှု အရည်အသွေးမြင့်မားတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

Union Minister Dr. Myint Htwe attends the consultative workshop on patient safety and improving quality of health care

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ သြဂုတ်လ (၁၄) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် မင်္ဂလာသီရိဟိုတယ်၊ နေပြည်တော်၌ ကျင်းပခဲ့သည့် လူနာဘေးကင်းလုံခြုံမှုနှင့် ကျန်မားရေးစောင့်ရှောက်မှု အရည်အသွေး မြင့်မားတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ (consultative workshop on patient safety and improving quality of health care) သို့ တက်ရောက်၍ အမှာစကား ပြောကြားခဲ့ပါသည်။

 


 

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် -

• ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ ပြည်သူများအတွက် နေရာဒေသမရွေး လူတိုင်းလက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိစေရန်အတွက် ဆေးနှင့်ဆေးပစ္စည်းဝယ်ယူဖြန့်ဖြူးရေး၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ခြင်း၊ ပြည်သူ့ကျန်းမာရေး၊ ရောဂါကာကွယ်နှိမ်နင်းရေး၊ ကုသရေးနှင့် ကျန်းမာရေးအဆင့်အတန်းမြှင့်တင်ရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်လျက်ရှိ ပါကြောင်း၊

• ကမ္ဘာတစ်ဝှမ်းတွင် ဆေးပညာဘာသာရပ်များ ပိုမိုတိုးတက်လာသည်နှင့် အမျှ ရောဂါရှာဖွေစမ်းသပ်ခြင်းနှင့် ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လူနာဘေးကင်းလုံခြုံမှု (patient safety) နှင့် အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုတို့သည် ပိုမိုအရေးကြီးလာပါကြောင်း၊

• နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားတွင် “ကျန်ရစ်ခဲ့သော အခြေအနေ၊ ပြုပြင်ပြောင်းလဲသင့်သော အခြေအနေများကို ပြုပြင်ပြောင်းလဲရန်မှာ အလွန်အရေးကြီး ပါကြောင်း၊ ထို့အပြင်အနာဂတ်အတွက် ဖန်တီးတီထွင်နိုင်သော အခြေအနေလည်းလိုအပ်ပါကြောင်း၊ မည်သည်ကို ပြုပြင်ပြောင်းလဲသင့်သည်၊ မည်သည်ကို မပြောင်းလဲသင့်ဘူးဆိုသည်ကို ခွဲခြားသိရှိနိုင်သည့် ဉာဏ်ပညာအမြော်အမြင်ရှိပါရန် လိုအပ်ကြောင်း” တို့ကို ပြောကြားခဲ့သည်နှင့်အညီ လူနာဘေးကင်းလုံခြုံမှု (patient safety) နှင့် ပတ်သက်သည်များအပါအဝင် ခေတ်နှင့်အညီ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ပိုမိုကောင်းမွန်တိုးတက်စေရန် အတွက် အမျိုးသားကျန်းမာရေးမူဝါဒ (၁၉၉၃) ကိုလည်း လိုအပ်သလို မွမ်းမံပြင်ဆင်ရေးဆွဲသွားရမည်ဖြစ်ပါကြောင်း၊


 

• ဝန်ကြီးဌာနမှ ယခင်ဆောင်ရွက်ခဲ့သောလုပ်ငန်းများနှင့် ယခုဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ပိုမိုတိုးတက်ကောင်းမွန်စေရေး ပြုပြင်ပြောင်းလဲခြင်းသည် မိမိတို့နိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အလွန်အရေးကြီးသဖြင့် ဝန်ကြီးဌာန၏ လုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စေ ရေးအတွက် ပြုပြင်ပြောင်းလဲသင့်သည်များကို လိုအပ်သလိုပြင်ဆင်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊

• လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ သဘောတရားများသည် ကြီးမားကျယ်ပြန့်ပြီး လူနာ၏ရောဂါရာဇဝင်မေးမြန်း၍ စစ်ဆေးစမ်းသပ်ခြင်း၊ ဆေးကုသမှုပေးခြင်းမှ ရောဂါသက်သာပျောက်ကင်းသည်အထိ လုပ်ငန်းအဆင့်တိုင်းတွင် ဘေးကင်းလုံခြုံစေရေးဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊

• လူနာဘေးကင်းလုံခြုံမှု (patient safety) ၏ အရေးပါမှုကို သိသာထင်ရှားစေရန်အတွက် (၂၀၀၂) ခုနှစ် ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် လူနာများ ဘေးကင်းလုံခြုံမှုနှင့် ပတ်သက်၍ အများသဘောတူ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပြီး (၂၀၁၉) ခုနှစ် ကမ္ဘာ့ကျန်းမာရေးညီလာခံတွင်လည်း လူနာများ ဘေးကင်းလုံခြုံမှုနှင့် ပတ်သက်၍ ကမ္ဘာတစ်ဝန်းတွင်ဆောင်ရွက်ရမည် (global action on patient safety) များကို အတည်ပြုခဲ့ပါကြောင်း၊

• သဘောတူဆုံးဖြတ်ချက်ပါ လုပ်ငန်းများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းစဉ် (global work plan) (၂၀၁၉-၂၀၂၃) များတွင်လည်း အလေးပေးထည့်သွင်းထားရှိပါကြောင်း၊

• အဆိုပါ သဘောတူဆုံးဖြတ်ချက်တွင် လူနာအား အန္တရာယ်ဖြစ်စေနိုင်သည်များကို ရှောင်ကြဉ်ရေး၊ ဆေးနှင့်ဆေးနှီးနွှယ်ပညာရှင်များ၏ ပညာရည်ပြည့်ဝကာ စွမ်းဆောင်ရည်မြင့်မားရန် စဉ်ဆက်မပြတ် ပညာသင်ကြားရေး၊ လူနာဘေးကင်းလုံခြုံမှု အကြောင်းတရားများကို ဘွဲ့ကြိုနှင့် ဘွဲ့လွန်သင်တန်းများတွင် အလေးပေးထည့်သွင်းသင်ကြားခြင်းတို့ပါဝင်ပါကြောင်း၊

• လူတိုင်းလက်လှမ်းမီလွှမ်းခြုံပြီး အရည်အသွေးမြင့်မားသော ကျန်းမာရေး စောင့်ရှောက်မှု ရရှိရေးဆောင်ရွက်ရာတွင် လူနာဘေးကင်းလုံခြုံမှု (patient safety) မရှိမဖြစ် လိုအပ်ကြောင်းတို့ပါဝင်ပါကြောင်း၊

• လူနာများ ဘေးကင်းလုံခြုံမှုကောင်းမွန်ခြင်းသည် လူနာနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်သူများအကြား ယုံကြည်မှုကို ပိုမိုခိုင်မာအားကောင်းစေပါကြောင်း၊


 

• ဘေးကင်းလုံခြုံမှုမရှိသော ကျန်းမာရေးစောင့်ရှောက်မှုများကြောင့် ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ် နောက်ဆက်တွဲပြဿနာများ၊ မသန်မစွမ်းဖြစ်မှုများနှင့် သေဆုံးမှုများ ဖြစ်ပွားလျက်ရှိပါကြောင်း၊

• လူနာဘေးကင်းလုံခြုံမှုအတွက် လူနာဗဟိုပြုချည်းကပ်မှုပုံစံဖြင့် လူနာနှင့် လူနာမိသားစုများအား လူနာအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်၍ ပါဝင်သိရှိဆုံးဖြတ်စေခြင်းမှာ အရေးကြီးပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ဆေးနှင့် ဆေးနှီးနွှယ် ပညာရှင်များ နိုင်ငံတကာအတွေ့အကြုံရရှိစေရန်နှင့် အရည်အသွေးများ ပိုမိုမြင့်မားတိုးတက်စေရေးအတွက် နိုင်ငံတကာအစည်းအဝေး၊ ညီလာခံ၊ စွမ်းဆောင်ရည် မြှင့်သင်တန်း၊ ဘွဲ့ကြို၊ ဘွဲ့လွန်နှင့် ပါရဂူဘွဲ့သင်တန်းများကို စေလွှတ် တက်ရောက်စေလျက်ရှိရာ (၂၀၁၆) ခုနှစ်၊ဧပြီလ (၁) ရက်နေ့ မှ (၂၀၁၉) ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့အထိ နိုင်ငံပေါင်း (၂၈) နိုင်ငံသို့ (၆၆၉၃) ဦး စေလွှတ်ခဲ့ပါကြောင်း၊

• ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် အရေးကြီးသည့် သတင်းအချက်အလက်စနစ်ကိုလည်း စနစ်တကျဆောင်ရွက်လျက်ရှိပြီး စီမံခန့်ခွဲမှု အထောက်အကူပြု ကျန်းမာရေးသတင်းစနစ် (DHIS -2)  ကိုလည်း ကျယ်ကျယ်ပြန့်ပြန့်အသုံးချဆောင်ရွက်နေပါကြောင်း၊


 

• လူနာဘေးကင်းလုံခြုံမှု (patient safety) နှင့် အရည်အသွေးပြည့်ဝသည့် ကျန်းမာရေး စောင့်ရှောက်မှုတို့ရရှိအောင်မြင်စေရေးအတွက် မူဝါဒ၊ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ခြင်း၊ စံလုပ်ထုံး လုပ်နည်းများ၊ လုပ်ငန်းလမ်းညွှန်များကို မွမ်းမံပြင်ဆင်ရေးဆွဲခြင်း တို့ကိုဆောင်ရွက်သွားရမည်ဖြစ်ပြီး လူနာဘေးကင်းလုံခြုံမှုကို အလေးထားသည့် ယဉ်ကျေးမှုဓလေ့ဖြစ်ထွန်းလာသည်အထိ ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း၊

• လူနာဘေးကင်းလုံခြုံမှု (patient safety) နှင့် အရည်အသွေးပြည့်ဝသည့် ကျန်းမာရေး စောင့်ရှောက်မှုတို့နှင့် ပတ်သက်သည့် သုတေသနများ (qualitative) ကို ပိုမိုပြုလုပ်သွားစေလိုပါကြောင်း၊

• စဉ်ဆက်မပြတ်ဆေးပညာသင်ကြားမှုနှင့် ပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လက်တွေ့ကျသည့် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မားရေး သင်ကြားမှုပုံစံများဖြင့် ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း၊

• ဆေးကုသမှု အဆင့်တိုင်းကို ဘက်ပေါင်းစုံမှ စနစ်တကျဆန်းစစ်ခြင်း (medical audit) ပြုလုပ်ပြီး အရည်အသွေးလေ့လာဆန်းစစ်နိုင်ရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပညာရှင် (၃) ဦးနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊


 

• ထို့အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ မြန်မာနိုင်ငံဆရာဝန်များအသင်း၊ ဆေးပညာဘာသာရပ်ဆိုင်ရာ အဖွဲ့များ၊ လူမှုအဖွဲ့အစည်းများ၊ နှီးနွှယ်အဖွဲ့အစည်းများနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ ကောင်းမွန်သည့် အတွေ့အကြုံများ၊ အလေ့အကျင့်ကောင်းများကို ပညာရှင်များ အချင်းချင်း ဝေမျှခြင်းကိုလည်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊

• လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ ကိစ္စရပ်များသည် အရေးကြီးသဖြင့် ဆေးနှင့်ဆေးနှီးနွှယ်ပညာဘာသာရပ်ပေါင်းစုံ ပညာရှင်အားလုံးပါဝင်သည့် ကြည့်ရှုဆန်းစစ်မှု အဖွဲ့တစ်ခုဖွဲ့စည်း၍ ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊

• ကျန်းမာရေးစောင့်ရှောက်မှုပေးအပ်ရာတွင် လူနာတစ်ဦးချင်း ဘေးကင်းလုံခြုံမှုမှသည် ပြည်သူတစ်ရပ်လုံးဘေးကင်းလုံခြုံမှုရရှိရေးနှင့် အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်နိုင်ရေး အတွက် ဝိုင်းဝန်းဆောင်ရွက်သွားကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။


 

     အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်နှင့် ဆေးတက္ကသိုလ် (၂) ရန်ကုန်မှ ပါမောက္ခချုပ်များ၊ ဆေးရုံအုပ်ကြီးများ၊ ဆေးပညာဘာသာရပ်အသီးသီးမှ ပါမောက္ခ/ဌာနမှူးများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။


 
 

More Tags