လူနာဘေးကင်းလုံခြုံမှုကို ဆေးဝါးပညာရပ်ကဏ္ဍမှ ပံ့ပိုးဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် ဆေးဝါးပညာရပ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နှီးနှောဆွေးနွေးပွဲ

Union Minister Dr. Myint Htwe gives the opening remarks at the seminar on pharmacy domain improvement for patient safety

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျင်းပ ပြုလုပ်ခဲ့သော လူနာဘေးကင်းလုံခြုံမှုကို ဆေးဝါးပညာရပ်ကဏ္ဍမှ ပံ့ပိုးဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် ဆေးဝါးပညာရပ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာနှီးနှောဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။


 

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• ဆေးဝါးပညာရပ်ကဏ္ဍတစ်ခုလုံး ပိုမိုဖွံ့ဖြိုးတိုးတက်ရေး၊ ဆေးဝါးပညာရှင်များ၏ အခန်းကဏ္ဍ ပိုမိုမြင့်မားရေးသည် လူနာဘေးကင်းလုံခြုံမှုနှင့် ဆက်စပ်လျက်ရှိသဖြင့် အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ အကြံပြုချက်များ ရယူ၍ ယခင်လုပ်ရိုးလုပ်စဉ်များအတိုင်းမဟုတ်ဘဲ ဆန်းသစ်သော အတွေးအမြင်များဖြင့် ဆောင်ရွက်နိုင်ရန် ယခုပြုလုပ်သော ဆွေးနွေးပွဲသည် အလွန်အရေးကြီးပါကြောင်း၊
• ယခုဆွေးနွေးပွဲတွင် ဝန်ကြီးဌာနရှိ ဆေးဝါးပညာရှင်များ၏ လုပ်ငန်းတာဝန်များနှင့် အခန်းကဏ္ဍတို့ကို ဆန်းစစ်သုံးသပ်မှုများပြုလုပ်၍ လက်တွေ့အခြေအနေအရပ်ရပ်နှင့်ကိုက်ညီပြီး တတ်ကျွမ်းသော ပညာရပ်ကို အမှန်တကယ်ကိုက်ညီ အသုံးချဆောင်ရွက်နိုင်မည့် လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးနိုင်ရေးနှင့် ဆေးဝါးပညာရှင်များ၏ အခန်းကဏ္ဍပိုမိုမြင့်မားရေးတို့အတွက် အပြုသဘောဖြင့် ဝိုင်းဝန်း ဆွေးနွေးသွားကြစေလိုပါကြောင်း၊
• ဝန်ကြီးဌာနရှိ ဆေးဝါးပညာရှင် လူ့စွမ်းအားအရင်းအမြစ်အခြေအနေများကို စာရင်းဇယားများ အသုံးပြုဆန်းစစ်ခြင်းကိုသာမက အဖွဲ့ငယ်များဖွဲ့စည်း၍ ဦးစီးဌာနအသီးသီး၊ ဆေးရုံဌာန အသီးသီးနှင့် တက္ကသိုလ်အသီးသီးသို့ ကွင်းဆင်းသွားရောက် ဆန်းစစ်ခြင်းများပြုလုပ်၍ မူဘောင် နှင့် လမ်းပြမြေပုံများ စနစ်တကျရေးဆွဲဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊
• ဆေးဝါးတက္ကသိုလ်များတွင်လည်း ဆေးဝါးပညာရှင်များအတွက် ဘွဲ့ကြိုနှင့် ဘွဲ့လွန်သင်တန်း များမှ သင်ရိုးညွှန်းတမ်းများ ပိုမိုကောင်းမွန်စေရေး မွမ်းမံပြင်ဆင်သင့်သည်များ၊ ဆေးဝါးပညာရပ်ကဏ္ဍတစ်ခုလုံး ပိုမိုတိုးတက်စေရေးဆောင်ရွက်သင့်သည်များနှင့် ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်၍ ဝန်ကြီးဌာနထံသို့ အကြံပြုစေလိုပါကြောင်း၊


 

• အာနိသင်အရည်အသွေးပြည့်မီပြီး ဘေးကင်းလုံခြုံမှုရှိသော ဆေးဝါးများ ဝယ်ယူရေး၊ စစ်ဆေးရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍လည်း အကြံပြုချက်များ ပေးအပ်စေလိုပါကြောင်း၊
• ဝန်ကြီးဌာနရှိ ဆေးဝါးပညာရှင်များအတွက် မွမ်းမံသင်တန်းများ နှင့် စွမ်းဆောင်မှုမြင့်တင်ခြင်း လုပ်ငန်းများကို စနစ်တကျရေးဆွဲ၍ လုပ်ဆောင်နိုင်သည့် အတိုင်းအတာအတွင်း ပိုမိုဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊
• ဆေးဝါးပညာရှင်များ၏ ရာထူးတက်လမ်းများ ပိုမိုရရှိစေရေး ဆောင်ရွက်ထားရှိမှုများ မည်သည့် အခြေအနေသို့ ရောက်ရှိနေသည်ကိုလည်း တာဝန်ရှိသူများက ပြန်လည်ကြည့်ရှု၍ လုပ်ငန်း အဆင့်များ မြန်ဆန်စေရေးဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊
• ဝန်ကြီးဌာနတွင် ဆေးနှင့်ဆေးနှီးနွှယ်ပညာရပ်များ အလိုက် အကြံပြုအဖွဲ့များ ဖွဲ့စည်း၍ ပိုမိုတိုးတက်ကောင်းမွန်စေရေးအကြံပြုချက်များ ရယူဆောင်ရွက်လျက်ရှိရာ ဆေးဝါးပညာရပ် ဆိုင်ရာ အကြံပြုအဖွဲ့ကိုလည်း ဖွဲ့စည်း၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
• လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ ကိစ္စရပ်များသည် လူနာ၏ရောဂါရာဇဝင်ကို မေးမြန်းခြင်းမှ စတင်၍ ရောဂါသက်သာပျောက်ကင်းပြီးသည် အထိပါဝင်နေပြီး လူနာများ ရောဂါနှင့်ကိုက်ညီ သည့် ဆေးဝါးများဖြင့် ပမာဏ၊ အကြိမ်အရေအတွက်နှင့် အချိန်ကာလမှန်ကန်စွာ ကုသမှုခံယူ နိုင်ရန် အတွက် ဆေးဝါးပညာရှင်များ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊


 

• ပဋိဇီဝဆေးယဉ်ပါးမှုနှင့် ဆေးဝါးများကို ကျိုးကြောင်းဆီလျော်မှုမရှိဘဲသုံးစွဲမှုတို့မှ ကင်းဝေးစေရန်အတွက် ဆေးဝါးများ၏ အာနိသင်၊ ဆေးဝါးများ အချင်းချင်း အပြန်အလှန်အကျိုး သက်ရောက်မှု၊ ဘေးထွက် ဆိုးကျိုးများ စသည်တို့နှင့်ပတ်သက်၍ လူနာနှင့် လူနာမိသားစုများ သိရှိကြရန်မှာ အရေးကြီးပါကြောင်း၊
• အထူးသဖြင့် နာတာရှည်ရောဂါများဖြစ်သည့် သွေးတိုး၊ ဆီးချို သွေးချိုနှင့် နှလုံးဆိုင်ရာရောဂါများ စသည်တို့တွင် သုံးစွဲရသည့်ဆေးဝါးများနှင့် ပတ်သက်၍ လူနာများ အသိပညာဗဟုသုတရှိရန်မှာ အရေးကြီး ပါကြောင်း၊
• သုံးစွဲမှုများပြားသော ဆေးဝါးများနှင့် ပတ်သက်သည့် အသိပညာဗဟုသုတ အချက်အလက်များကို ပြုစု၍ ဆေးရုံဆင်းသည့် လူနာနှင့် လူနာမိသားစုများထံဖြန့်ဝေပေးသွားစေလိုပါကြောင်း၊
• လူနာဘေးကင်းလုံခြုံမှုဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးညီလာခံများမှ ဆွေးနွေးအကြံပြုချက်များကို လေ့လာခြင်းနှင့် (၂၀၁၉) ခုနှစ်၊ မေလတွင် ပြုလုပ်ခဲ့သော ကမ္ဘာ့ကျန်းမာရေးညီလာခံမှ ကမ္ဘာလုံးဆိုင်ရာ လူနာဘေးကင်းလုံခြုံမှုလုပ်ငန်းအစီအစဉ်များ (WHA 72.6) တွင်ပါဝင်သော အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဆောင်ရွက်ရန် တိုက်တွန်းထားသော လုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်သွားစေ လိုပါကြောင်း၊


 

• ဝန်ကြီးဌာနမှ ပညာရှင်များ စုစည်းပူးပေါင်း၍ ဆေးဝါးများဆိုင်ရာ အချက်အလက်များလမ်းညွှန်စာအုပ် (Medicines Information: A Guide for Pharmacists) ကို မူကြမ်းပြုစုနိုင်ခြင်းသည် ကောင်းမွန်ပြီး အချောသတ်မွမ်းမံမှုများ ပြုလုပ်ကာ နိုင်ငံတစ်ဝန်းရှိ ဆေးဝါးပညာရှင်များ ထံဖြန့်ဝေပေးသွားရမည်ဖြစ်ပါကြောင်း၊
• ထို့အပြင် အမျိုးသားအဆင့် ဆေးဝါးမူဝါဒ၊ မဟာဗျူဟာနှင့် လုပ်ငန်းစဉ် (National Medicine Policy, Strategy, and Implementation Plan - ၂၀၁၈-၂၁) ကို ပြုစုနိုင်ခဲ့ပြီး အဆင့်လိုက် အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
• ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာ ဝယ်ယူဖြန့်ဖြူးစီမံခန့်ခွဲမှုဆိုင်ရာ ဒီပလိုမာသင်တန်းများ ကိုလည်း ဆေးဝါးတက္ကသိုလ်များတွင် မကြာမီဖွင့်လှစ် ပညာရှင်များမွေးထုတ်သွားမည်ဖြစ်ပါကြောင်း၊
• ဝန်ကြီးဌာနအနေဖြင့် လက်ရှိတွင် ဆေးရုံကြီးများမှ လွန်ခဲ့သည့် (၃) နှစ်တာကာလအတွင်း အသုံးပြုခဲ့သည့် ဆေးဝါးနှင့်ဆေးပစ္စည်းကိရိယာများကို စနစ်တကျ စာရင်းပြုစုကာ ထပ်မံ ဝယ်ယူရန်အတွက် ခန့်မှန်း တွက်ချက်ခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆေးဝါးပညာရှင်များအနေဖြင့် ထိုသို့ခန့်မှန်းတွက်ချက်မှုများ ပိုမိုစနစ်ကျကောင်းမွန်စေရေး ဝိုင်းဝန်းအကြံပြုကြစေလိုပါကြောင်း၊


 

• ဝန်ကြီးဌာနမှ ပြုလုပ်သည့် အစည်းအဝေး၊ ညီလာခံ၊ အလုပ်ရုံဆွေးနွေးပွဲနှင့် သင်တန်းများ စသည်တို့ကို အကျိုးရှိထိရောက်စွာ ပြုလုပ်ရန်အတွက် ပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် မျှော်မှန်းရလဒ်များ ရရှိစေရေး အတွက် အစီအစဉ် (agenda) များ စနစ်တကျရေးဆွဲခြင်း၊ အချိန်သတ်မှတ်ခြင်း၊ နောက်ခံအကြောင်းအရာ အချက်အလက်များ ကြိုတင်ပြုစုဝေဌထားခြင်း၊ တင်ပြဆွေးနွေးသူများအနေဖြင့် အထူးပြုဘာသာရပ် ကျွမ်းကျင်မှုရှိခြင်း၊ ပွင့်လွင်းစွာဖြင့် အပြန်အလှန်ဆွေးနွေးအကြံပြုခြင်း၊ အနှစ်ချုပ်ဆွေးနွေးခြင်း၊ ဆွေးနွေးအကြံပြု ချက်များကို စနစ်တကျမှတ်တမ်းပြုစုခြင်း၊ အစည်းအဝေးမှတ်တမ်းပြုစုခြင်း စသည်တို့ကို ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊
• ဆေးဝါးပညာရပ်လောကကြီးတစ်ခုလုံး ပိုမိုတိုးတက်ဖွံ့ဖြိုးကာ လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ ဆောင်ရွက်ချက်များ အားကောင်းခိုင်မာစေရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးခြင်းနှင့် လုပ်ငန်းများကို စုစည်း ဝိုင်းဝန်းအကောင်အထည်ဖော်ခြင်းများလုပ်ဆောင်သွားကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။


 

     အဆိုပါ နှီးနှောဆွေးနွေးပွဲကို နိုဝင်ဘာလ (၄) ရက်နေ့မှ (၅) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ဝန်ကြီးဌာနရှိ ဆေးဝါးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ အငြိမ်းစား ပါမောက္ခချုပ်များ၊ ဆေးဝါးပညာရှင် များအသင်း ဥက္ကဋ္ဌ၊ ဆေးဝါးပညာရှင်များ၊ ကုသရေးဦးစီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကုသရေးဆိုင်ရာ ဆေးဝါးပညာ၊ ဘွဲ့ကြိုနှင့်ဘွဲ့လွန်ဆေးဝါး ပညာရပ်ဆိုင်ရာသင်ရိုးညွှန်းတမ်း၊ လူနာဘေးကင်းလုံခြုံမှုဆိုင်ရာဆောင်ရွက်နေမှုများ၊ ဆေးဝါးလွဲမှားမှုနှင့် လူနာဘေးကင်းလုံခြုံမှု၊ ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုး၊ ဆေးဝါးပညာရှင်များ၏ အခန်းကဏ္ဍ၊ ဆေးဝါးပညာရှင်များ၏ အတွေ့အကြုံများ၊ ဆေးဝါးပညာရှင် လူ့စွမ်းအားအရင်းအမြစ်အခြေအနေ၊ ဘေးအန္တရာယ်ကင်း၍ လုံခြုံစိတ်ချရသော ဆေးဝါးစသည့် ခေါင်းစဉ် များဖြင့် ဆွေးနွေးတင်ပြခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး တက်ရောက်လာကြသည့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဆေးဝါးတက္ကသိုလ်များ၊ ဦးစီးဌာနများနှင့် ပြည်သူ့ဆေးရုံများမှ ဆေးဝါးပညာရှင်များက ဝိုင်းဝန်းဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်မည်ဖြစ်ပါသည်။


 

     အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဆေးဝါးတက္ကသိုလ် (ရန်ကုန်)နှင့် ဆေးဝါးတက္ကသိုလ် (မန္တလေး) တို့မှ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ အငြိမ်းစားဆေးဝါး ပညာရှင်ကြီးများ၊ ဆေးဝါးပညာရှင်များအသင်း ဥက္ကဋ္ဌ၊ ပြည်သူ့ဆေးရုံများမှ ဆေးဝါးပညာရှင်များ၊ လုပ်ငန်းအရာရှိ (ဆေးဝါး) များ၊ ဆေးဘက်ကျွမ်းကျင် - ၂ (ဆေးဝါး) များ တက်ရောက်ခဲ့ပါသည်။


 

 


 

 


 

 


 
 

More Tags