ရမည်းသင်းခရိုင်ဆေးရုံ၊ ညောင်ရွှေမြို့နယ်ဆေးရုံနှင့် နန်းပန် မြို့ဆေးရုံများသို့ လိုအပ်ချက်များကို သိရှိဖြည့်ဆည်းပေးနိုင်ရန် ပြည်ထောင်စုဝန်ကြီးသွားရောက်

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်နေ့

     ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သည် တာဝန်ရှိသူများလိုက်ပါလျက် လိုအပ်ချက်များကို သိရှိဖြည့်ဆည်းပေးနိုင်ရန် အတွက် အောက်တိုဘာလ (၁၅)ရက်နေ့၊ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်ပြည်သူ့ဆေးရုံသို့လည်းကောင်း၊ နေ့လယ်ပိုင်းတွင် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ပြည်သူ့ဆေးရုံသို့လည်းကောင်း၊ ညနေပိုင်းတွင် နန်းပန်မြို့ ပြည်သူ့ဆေးရုံသို့ လည်းကောင်း သွားရောက်ခဲ့ပါသည်။

 

     ထိုသို့သွားရောက်ရာတွင် ဆေးရုံများရှိ အရေးပေါ်/ပြင်ပလူနာဌာန၊ လူနာဆောင်များ၊ ခွဲစိတ်ခန်း၊ မီးဖွားခန်း၊ သွားနှင့်ခံတွင်းကုသမှုဌာန၊ ဓာတ်မှန်ဌာန၊ ဓာတ်ခွဲခန်း နှင့် ဆေးစတိုဌာနများကို လှည့်လည် ကြည့်ရှုခဲ့ပြီး ဆေးရုံတက်ရောက်နေသော လူနာများအားကြည့်ရှုအားပေးခဲ့ကာ ဝန်ထမ်းများ နှင့် တွေ့ဆုံခဲ့ပါသည်။

အဆိုပါ ခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီးက -

- ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ယခုကဲ့သို့ အားသွန်ခွန်စိုက်ကြိုပမ်းဆောင်ရွက်နေမှု များကို ကျေးဇူး တင်ရှိပါကြောင်း၊

- သက်ကြီးရွယ်အို ကျန်းမာရေးဆေးခန်းများဖြင့် ဆီးချို/သွေးချိုရောဂါနှင့် သွေတိုးရောဂါ တို့ကို စမ်းသပ်စစ်ဆေးကုသပေးနေမှုများသည် ကောင်းမွန်ကြောင်း၊

- ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ကုသရေးလုပ်ငန်းများသာမက ကျန်းမာရေး အသိပညာပေးလုပ်ငန်းများကိုပါ ပိုမိုအားဖြည့်ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊

 

- တိုင်းရင်းသားပြည်သူများ ကျန်းမာရေးအသိပညာများပိုမိုတိုးပွား ကြွယ်ဝစေရန်အတွက် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ (standardized health message) ကို မြန်မာဘာသာ ဖြင့် သာမက တိုင်းရင်းသားဘာသာအမျိုးမျိုးဖြင့်ပါ ပြုစုထုတ်ဝေ လျက်ရှိကြောင်း၊

- ဆက်လက်၍ အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း တိုင်းရင်းသားဘာသာများ ဖြင့်ပါ ပြုစုထုတ်ဝေသွားမည်ဖြစ်ကြောင်း၊

- ကွမ်းယာ၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှု အန္တရာယ်များဆိုင်ရာ ကျန်းမာရေး အသိပညာပေး ဆိုင်းဘုတ်များကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ချိတ်ဆွဲထားမည် ဖြစ်ကြောင်း၊

- လူနာစောင့်များ သက်တောင့်သက်သာ နားနေနိုင်စေရန်အတွက်ကိုလည်း ဆေးရုံများတွင် လူနာစောင့်များနားနေဆောင်များကို ဆောက်လုပ်ပေးလျက်ရှိကြောင်း၊

- ကုသရေးစွမ်းရည်များ ပိုမိုတိုးတက်မြင့်မားစေရေးအတွက် ဆေးပညာစာအုပ်များကို ဖြန့်ဝေပေးလျက်ရှိကြောင်း၊

- လူနာမှတ်ပုံတင်၊ လူနာများ၏ ရောဂါမှတ်တမ်းများ၊ ဆေးမှတ်တမ်းများကို ကွန်ပြူတာစနစ် အသုံးပြု၍ ဆောင်ရွက်နိုင်ရန်အတွက် ဆေးရုံများရှိ ပြင်ပလူနာဌာနများ အား ကွန်ပြူတာများ ထောက်ပံ့တပ်ဆင်လျက်ရှိကြောင်း၊

- ပြင်ပလူနာများနှင့် အတွင်းလူနာများ အရေအတွက်၊ ဖြစ်ပွားသည့်ရောဂါအမျိုးအစား အလိုက် အရေအတွက်စသည့် စာရင်းဇယားအချက်အလက်များ တိကျစွာ ရှိခြင်းဖြင့် လိုအပ်သည့် ဆေးဝါးများ၊ ဆေးပစ္စည်းကိရိယာများကို ရောဂါဖြစ်ပွားမှုနှင့် ချိန်ညှိဝယ်ယူ နိုင်မည်ဖြစ်သဖြင့် ဆေးဝါးနှင့် ဆေးပစ္စည်းအလေအလွင့်များကို လျှော့ချနိုင်ကာ လူနာများအတွက် လိုအပ်သော ဆေးဝါးနှင့် ဆေးပစ္စည်းများကို မှန်ကန်စွာ ဖြည့်ဆည်း ပေးနိုင်မည်ဖြစ်ကြောင်း၊

- ဝန်ကြီးဌာနအနေဖြင့် ဆေးရုံများ၊ ကျန်းမာရေးဌာနများတွင် ပြည်သူများအား ပိုမိုကောင်းမွန် အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးနှင့် ကုသရေးကဏ္ဍနယ်ပယ်တစ်ခုလုံး ပိုမိုဖွံ့ဖြိုးတိုးတက်လာရေး အတွက် အလေးပေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ ဆေးရုံအုပ်များ၊ ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများက ဌာနအသီးသီးတွင် ပြင်ပလူနာနှင့် အတွင်းလူနာတက်ရောက် ကုသမှုအခြေအနေ၊ တွေ့ကြုံရသည့် အခက်အခဲများ၊ ဝန်ထမ်းရေးရာကိစ္စရပ်များ၊ ဆေးရုံ အဆောက်အဦတိုးချဲ့ ဆောက်လုပ်ရန်ကိစ္စရပ်များနှင့် အခြားလိုအပ်သည်များ၊ အခက်အခဲ များကို အသီးသီးတင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ဓာတ်ခွဲခန်းသုံးပစ္စည်းများ၊ သွေးလှူဘဏ်သုံး ရေခဲသေတ္တာ စသည်တို့ကို ဖြည့်ဆည်းပေးခဲ့ကာ ဆေးရုံအဆောက်အဦတိုးချဲ့ဆောက်လုပ်ပေးနိုင်ရေးနှင့် အခြားအဆင့်ဆင့်ဆောင်ရွက်ရန် ကိစ္စရပ်များကိုလည်း တာဝန်ရှိသူများ နှင့် စီစဉ် ဆောင်ရွက်ပေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် အဆိုပါ ခရီးစဉ်အတွင်း ညောင်ရွှေမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနသို့ ကွင်းဆင်း ရောက်ရှိနေသည့် ဆေးတက္ကသိုလ် (မန္တလေး) မှ နောက်ဆုံးနှစ် (အပိုင်း - က) ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံခဲ့ရာတွင် -

• ဆေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ယခုကဲ့သို့ ကွင်းဆင်းသင်ကြားမှုအစီအစဉ် အတွင်း ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ လက်တွေ့ဆောင်ရွက်နေမှုများကို ကြိုးစားလေ့လာစေလိုကြောင်း၊

• ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ကုသရေးပညာရပ်များ၊ ရောဂါ ရှာဖွေရေးပညာရပ်များနှင့် ပြည်သူ့ကျန်းမာရေးပညာရပ်များသည် တန်းတူ အရေးကြီးကြောင်း၊

• နောင်တစ်ချိန်တွင် မည်သည့် ဆေးပညာဘာသာရပ်ကို အထူးပြုလေ့လာမည် ဆိုသည် ကိုလည်း ဆုံးဖြတ်ချက်ချထားရန်လိုအပ်ကြောင်း ကို မှာကြားခဲ့ပါသည်။

 

     ထိုသို့ ရမည်းသင်းခရိုင်ပြည်သူ့ဆေးရုံသို့သွားရောက်ရာတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝန်ထမ်းရေးရာ) ဒေါက်တာစိုးဦး နှင့် တာဝန်ရှိသူများလိုက်ပါခဲ့ပြီး ညောင်ရွှေမြို့နယ်ပြည်သူ့ဆေးရုံနှင့် နန်းပန်မြို့ပြည်သူ့ ဆေးရုံ သို့သွားရောက်ရာတွင် ဟော်တယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝန်ထမ်းရေးရာ) ဒေါက်တာစိုးဦး၊ ရှမ်းပြည်နယ် (တောင်ကြီး) ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်နှင့် တာဝန်ရှိသူများလိုက်ပါခဲ့ပါသည်။

More Tags