ရန်ကုန်မြို့၊ ရန်ကင်းကလေးဆေးရုံကြီး၊ (၆) ထပ် တိုးချဲ့ဆောင်သစ် (Cardiac Complex) ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

ရန်ကုန်၊ (၂၀၁၈) ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သော ရန်ကင်းကလေးဆေးရုံကြီး (၆)ထပ်တိုးချဲ့ဆောင်သစ် (Cardiac Complex) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။


 

      ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်၊ ရန်ကင်းကလေးဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်ခိုင်နှင့် ဧရာဝတီဖောင်ဒေရှင်း ဥက္ကဌ ဦးဇော်ဇော်တို့က ရန်ကင်းကလေးဆေးရုံကြီး (၆)ထပ်တိုးချဲ့ဆောင်သစ် (Cardiac Complex) ကို ဖွင့်လှစ်ပေးခဲ့ပါသည်။


 

      ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရန်ကင်းကလေးဆေးရုံကြီး (၆)ထပ်တိုးချဲ့ဆောင်သစ် (Cardiac Complex)ရှိ ခေတ်မီခွဲစိတ်ခန်းကြီး (Modular Operation Theater)၊ ခွဲစိတ်ပြီးလူနာများကို စောင့်ကြည့်ကုသခန်း (Recovery Room)၊ နှလုံးအထူးကြပ်မတ်ကုသဆောင် (Cardiac Intensive Care Unit)၊ ကလေးအထူးကြပ်မတ်ကုသဆောင် (Pediatrics Intensive Care Unit)၊ နှလုံးနှင့်သွေးကြောဆိုင်ရာခွဲစိတ်ကုသဆောင် (Cardio Vascular Surgical Ward) တို့တွင် နိုင်ငံတကာ အဆင့်မီ စက်ပစ္စည်းကိရိယာများဖြင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။


 

     ထို့နောက် ရန်ကင်းကလေးဆေးရုံကြီး (၆)ထပ်တိုးချဲ့ဆောင်သစ်၊ နှလုံးခွဲစိတ်ကုသဆောင်ရှိ အစည်းအဝေး ခန်းမတွင် ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ရာတွင် -

• ယခုကဲ့သို့ ကလေးငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် အရေးပါသည့် (၆)ထပ်တိုးချဲ့ဆောင်သစ် (Cardiac Complex) ကို တည်ထောင်ဖွင့်လှစ်နိုင်ရန် အတွက် စီမံကိန်းစတင်ရေးဆွဲရာမှ ပြီးဆုံးသည်အထိ ဝိုင်းဝန်းပါဝင် ပံ့ပိုးဆောင်ရွက်ခဲ့ကြသည့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကင်းကလေးဆေးရုံကြီးနှင့် Max Myanmar Construction Co., Ltd တို့မှ တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိ အသိအမှတ်ပြုပါကြောင်း၊

• ကွန်ပျူတာစနစ်အသုံးပြုဆောင်ရွက်ထားသော စာရင်းဇယားအချက်အလက်များအရ (၂၀၁၅) ခုနှစ်မှ (၂၀၁၈)ခုနှစ် အတွင်း ရန်ကင်းကလေးဆေးရုံကြီးသို့ တက်ရောက်သူများအနက် မွေးရာပါနှလုံးရောဂါများသည် ဖြစ်ပွားမှုနှင့် သေဆုံးမှုအများဆုံးရောဂါ (၅)ခု အနက် အပါအဝင်ဖြစ်သည်ကို တွေ့ရှိရကြောင်း၊


 

• ယခုကဲ့သို့ ကျပ်သန်းပေါင်း (၄၆၀၃)သန်း အကုန်အကျခံတည်ဆောက်ခဲ့သော ရန်ကင်းကလေးဆေးရုံကြီး (၆)ထပ်တိုးချဲ့ဆောင်သစ် (Cardiac Complex) သည် အကျိုးရှိသည့် ရင်းနှီးမြုပ်နှံမှုတစ်ခုဖြစ်ကြောင်း၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ (၂၀၁၇-၂၀၁၈)ခုနှစ် ဘဏ္ဍာနှစ်တွင် ခွင့်ပြုရန်ပုံငွေ အမေရိကန် ဒေါ်လာ (ဝ.၉၇) ဘီလီယံခန့်ရရှိမှုသည် United Kingdom နိုင်ငံတွင် (၂၀၁၆-၂၀၁၇)ခုနှစ် ဘဏ္ဍာနှစ်တွင် ပေါင်စတာလင် (၁၄၄) ဘီလီယံခန့်နှင့် (၂၀၁၈) ခုနှစ်တွင် (၁၈၈) ဘီလီယံခန့် ရရှိနေမှုနှင့် နှိုင်းယှဉ်ပါက အလွန်နည်းပါးသော်လည်း ဘဏ္ဍာငွေများကို စနစ်တကျခွဲဝေချထားပြီးစိစစ်အသုံးပြုလျက်ရှိကြောင်း၊

• ယခုကဲ့သို့ ဘဏ္ဍာငွေမြောက်များစွာအကုန်အကျခံတည်ဆောက်ခဲ့သော တိုးချဲ့ဆောင် Cardiac Complex သည် နှလုံးရောဂါဝေဒနာရှင် ကလေးငယ်များ၏ အသက်ကို ကယ်တင်ပေးနိုင်ကာ နောင်နှစ်ပေါင်းများစွာ အကျိုးရှိစေမည်ဖြစ်ကြောင်း၊ ဆေးပညာကျင့်ဝတ်အရလည်း နှလုံးရောဂါဝေဒနာရှင် ကလေးငယ်များကို ထိရောက်စွာကုသပေးနိုင်ရန် အတွက် ဤကဲ့သို့သော နှလုံးရောဂါခွဲစိတ်အထူးကုဌာနကြီး ဖွင့်လှစ်တည်ထောင်ရခြင်းဖြစ်ကြောင်း၊


 

• ဤတိုးချဲ့ဆောင်သစ်အတွက် မြေနေရာလှူဒါန်းပေးခဲ့သော ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဌ၊ Max Myanmar ဦးဇော်ဇော်ကိုလည်းကောင်း၊ အခြားလိုအပ်သည်များ လှူဒါန်းခဲ့သူများကို လည်းကောင်း အထူးကျေးဇူးတင်ရှိကြောင်း၊ အခြား ငွေကြေးချမ်းသာသူ အလှူရှင်များအနေဖြင့်လည်း ပြည်သူများ၏ ကျန်းမာရေးအတွက် အကျိုးရှိစေမည့် နေရာများတွင် လှူဒါန်းကြစေလိုကြောင်း၊

• ယခု (၆)ထပ်တိုးချဲ့ဆောင်သစ်ကြီးတွင် နိုင်ငံတကာအဆင့်မီ ခွဲစိတ်ခန်းများ၊ အထူးကြပ်မတ်ကုသဆောင်များ၊ လူနာဆောင်များ၊ စာသင်ခန်းများ ပါဝင်ပြီး နောက်ဆုံးပေါ် ခေတ်မီဆေးပစ္စည်းကိရိယာများ တပ်ဆင်ထား၍ မွေးရာပါနှလုံးရောဂါများအပါအဝင် နှလုံးရောဂါအမျိုးမျိုးကို ခွဲစိတ်ကုသပေးနိုင်ရုံသာမက မျိုးဆက်သစ် ဆရာဝန်များ၊ ဆေးပညာရှင်များအား သင်ကြားလေ့ကျင့်ပေးနိုင်ရန်အတွက် ပါ များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊

• ဆေးပညာရပ်ဆိုင်ရာ တိုးတက်ဖွံ့ဖြိုးမှုများပိုမိုရရှိရန်အတွက် သုတေသနလုပ်ငန်းများပါ ဆောင်ရွက်ရန်မှာလည်း ရေးကြီးကြောင်း၊


 

• နှလုံးခွဲစိတ်ဆောင်ကို စတင်ဖွင့်လှစ်ခဲ့သည့် (၂၀၁၂)ခုနှစ်မှ ယခုအချိန်အထိ မွေးရာပါနှလုံးရောဂါ ကလေးလူနာ (၇၉၈)ဦး၊ မွေးရာပါနှလုံးရောဂါ (လူကြီး) လူနာ (၁၁၇၄) ဦး၊ အခြားနှလုံးရောဂါလူနာ (၁၇၁) ဦး၊ စုစုပေါင်း (၂၁၄၃) ဦး အားခွဲစိတ်ကုသမှု ပေးခဲ့နိုင်မှုကို အထူးချီးကြူးဂုဏ်ပြုပါကြောင်း၊ ဤကဲ့သို့စွမ်းဆောင်နိုင်ခဲ့မှုသည် နှီးနွယ်ဆက်စပ်နေသော ဆေးပညာရပ်နယ်ပယ် အသီးသီး (multi disciplines) မှ ပညာရှင် များပူးပေါင်းမှု၏ ရလဒ်များဖြစ်ကြောင်း၊

• နိုင်ငံတကာမှ နှလုံးခွဲစိတ်ကုသမှုပညာရှင်များ၊ အဖွဲ့အစည်းများနှင့်ပါ ပူးပေါင်းဆောင်ရွက်လျက်ရှိသဖြင့် လွန်စွာကောင်းမွန်ပါကြောင်း၊

• ရန်ကင်းကလေးဆေးရုံကြီးနှင့် ကလေးနှလုံးရောဂါခွဲစိတ်မှုပညာရပ် ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆေးရုံအုပ်ကြီး၊ ပါမောက္ခ/ဌာနမှူးများ၊ အထူးကုဆရာဝန်များ၊ ဆရာမများ၊ ဝန်ထမ်းများအားလုံးသည် စုစည်းညီညွတ်စွာဖြင့် ဆက်လက်၍ ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့ပါသည်။


 

     ယင်းနောက် ရန်ကင်းကလေးဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်ခိုင်က ရန်ကင်းကလေးဆေးရုံကြီး (၆)ထပ်တိုးချဲ့ဆောင်သစ် (Cardiac Complex)ဖြစ်ပေါ်လာပုံနှင့် ဖွဲ့စည်းတည်ဆောက်ထားမှုများကို လည်းကောင်း၊ ကလေးနှလုံးခွဲစိတ်ကုသမှုပညာဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာဝင်းဝင်းကျော်က ခွဲစိတ်ကုသမှုလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ နိုင်ငံတကာမှ ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ထားရှိမှု တို့အားလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပါသည်။

     ရန်ကင်းကလေးဆေးရုံကြီးတွင် (၂၀၁၅) ခုနှစ်၊ သြဂုတ်လမှ (၂၀၁၈) ခုနှစ်၊ သြဂုတ်လအထိ (၃)နှစ်အတွင်း မွေးရာပါနှလုံးရောဂါ ကလေးလူနာများ၊ လေးဖက်နာနှလုံးရောဂါကလေးလူနာများအား ခွဲစိတ်ရန်မလိုဘဲ အဆို့ (Device) ဖြင့်ပိတ်၍ ကုသခြင်း၊ ဘောလုံး (Balloon) ဖြင့် ချဲ့၍ကုသခြင်း၊ နှလုံးကြောထောက်ပြွန် (stent) ထည့်သွင်း၍ ကုသခြင်း၊ နှလုံး ပိုက်သွင်း၍ ရောဂါရှာဖွေခြင်းများကို နှလုံးပိုက်သွင်း စမ်းသပ်ကုသစက် (Catheterization Laboratory) ဖြင့် စုစုပေါင်းလူနာ (၇၇၉)ဦးအား အောင်မြင်စွာ ကုသပေးနိုင်ခဲ့ပါသည်။


 

     အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန) ပါမောက္ခ ဒေါက်တာခင်ဇော်၊ ခေတ္တညွှန်ကြားရေးမှူးချုပ် (ဆေးသုတေသနဦးစီးဌာန) ပါမောက္ခ ဒေါက်တာဇော်ဝေစိုး၊ ဆေးနှင့်ဆေးဘက်ဆိုင်ရာနှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး/ကုသရေး ဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်၊ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ/ဌာနမှူးများ၊ အထူးကုဆရာဝန်ကြီးများ၊ အငြိမ်းစားဆေးပညာရှင်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုအုပ်ကြီး၊ သူနာပြုများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။

 
 
 

More Tags