ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့်တိုးချဲ့ (၇) ထပ်ဆောင်နှင့် နှလုံး၊ ဦးနှောက်နှင့် အာရုံကြော အထူးကုဆေးရုံသစ်ကြီး (ရန်ကုန်) တို့ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုကို ပြည်ထောင်စုဝန်ကြီး သွားရောက်ကြည့်ရှု

Union Minister Dr. Myint Htwe visits the construction sites of Yangon General Hospital (7) Storey Building and New Yangon Specialist Hospital

ရန်ကုန်၊ (၂၀၁၉) ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်

   ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့၊ နံနက်ပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့်တိုးချဲ့ (၇) ထပ်ဆောင်နှင့် နှလုံး၊ ဦးနှောက်နှင့် အာရုံကြော အထူးကု ဆေးရုံသစ်ကြီး (ရန်ကုန်) (New Yangon Specialist Hospital) တို့ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုခဲ့ပါသည်။


 

     ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ (၁၂-၇-၂၀၁၉) ရက်နေ့တွင် လုပ်ငန်းများ ပြန်လည်စတင်လုပ်ကိုင်၍ တည်ဆောက်လျက်ရှိသော ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့်တိုးချဲ့ (၇) ထပ်ဆောင် တည်ဆောက်နေမှုများကို သွားရောက်ကြည့်ရှုခဲ့ရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးဝင်းတင့်၊ အင်ဂျင်နီယာချုပ် (မြို့ပြ) ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက အဆင့်မြင့်တိုးချဲ့ (၇) ထပ်ဆောင် ဆောက်လုပ်ခဲ့မှု ရာဇဝင်အကျဉ်း၊ တိုးချဲ့ (၇) ထပ်ဆောင်တွင် ဓာတ်မှန်နှင့် ပုံရိပ်ဖော်ရောဂါ ရှာဖွေရေးဌာန၊ ရောဂါဗေဒဌာန၊ ဆေးကုသဆောင်များ၊ သီးသန့်လူနာဆောင်များ၊ ဆေးပညာသင်ကြားခန်းမများ ပါဝင်တည်ဆောက်သွားမည့် စီမံကိန်းအစီအစဉ်များနှင့် လက်ရှိ လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများအား မှတ်တမ်းဓာတ်ပုံများနှင့် တကွတင်ပြခဲ့ပါသည်။


 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့်တိုးချဲ့ (၇) ထပ်ဆောင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှု၍ ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီးနှင့်အဖွဲ့အား ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တည်ဆောက်ပြီးစီး၍ ဝန်ကြီးဌာနသို့ လွှဲပြောင်းပြီးနောက် လပိုင်းအတွင်း စတင်လည်ပတ်၍ ဝန်ဆောင်မှုပေးအပ် နိုင်ရန် လူအင်အားနှင့် ပစ္စည်းအင်အားများ ကြိုတင်ပြင်ဆင်ထားရှိရန်နှင့် စီမံခန့်ခွဲအုပ်ချုပ်မှုနှင့် ဆေးနှင့်ဆေးပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ အဖွဲ့များဖွဲ့စည်း၍ ဆွေးနွေးပြင်ဆင် ထားရှိရန်တို့ကို ဆေးပညာကုသရေးဆိုင်ရာ ရှုထောင့်မှ လမ်းညွှန်မှာကြားခဲ့ပါသည်။


 

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဂျပန်နိုင်ငံ အစိုးရ၏ ပံ့ပိုးလှူဒါန်းမှုဖြင့် လမ်းမတော်မြို့နယ်ရှိ ရန်ကုန် အထွေထွေရောဂါကုဆေးရုံသစ်ကြီးနှင့် သူနာပြုတက္ကသိုလ်ကြားရှိ မြေနေရာတွင် တည်ဆောက်လျက်ရှိသော နှလုံး၊ ဦးနှောက်နှင့် အာရုံကြော အထူးကု (၇) ထပ် ဆေးရုံသစ်ကြီး (ရန်ကုန်) သို့ သွားရောက်ကြည့်ရှုခဲ့ရာတွင် တည်ဆောက်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဂျပန်နိုင်ငံ အခြေစိုက် Taisei Corporation မှ Construction Manager Mr. Hiroshi Hagiwara နှင့် Commercial Manager Mr. Hiroki Kagami၊ Yamashita Sekkei Inc. မှ Consultant Mr. Chauk Chan Sang နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို စီမံကိန်း အချက်အလက်များနှင့်တကွ ရှင်းလင်းတင်ပြခဲ့ပါသည်။


 

     ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• ဂျပန်နိုင်ငံ နှင့် မြန်မာနိုင်ငံတို့အကြား ကျန်းမာရေးကဏ္ဍတွင် ကာလတာရှည် ရင်းနှီးချစ်ကြည်စွာပူးပေါင်းဆောင်ရွက်ခဲ့မှုများစွာရှိခဲ့ပြီး ယခုအထူးကုဆေးရုံသစ်ကြီးသည်လည်း မြန်မာ-ဂျပန် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု၏ သိသာထင်ရှားသော လက္ခဏာ တစ်ရပ်အဖြစ် နှစ်ရာချီတိုင် တည်တံ့သွားမည်ဖြစ်ပါကြောင်း၊

• ဆေးရုံသစ်ကြီးပြီးစီးပါက နှလုံး၊ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ လူနာများအနေဖြင့် သက်တောင့်သက်သာဖြင့် ပိုမိုကျယ်ဝန်း သန့်ရှင်းသပ်ရပ်သော ဆေးရုံကြီးတွင် ကုသမှုခံယူနိုင်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးသူ ဆရာဝန်၊ သူနာပြုနှင့် ကုသမှုအထောက်အကူပြုပညာရှင်များ အားလုံးသည်လည်း ကောင်းမွန် ခေတ်မီသော ဆေးရုံသစ်ကြီးတွင် ခေတ်မီနောက်ဆုံးပေါ် ဆေးပစ္စည်းများကိရိယာစုံလင်စွာဖြင့် လုပ်ငန်းဆောင်ရွက်နိုင်ခြင်း၊ ဘွဲ့ကြိုနှင့် ဘွဲ့လွန် ဆေးနှင့်ဆေးနှီးနွှယ်ပညာ သင်ကြားသင်ယူမှုလုပ်ငန်းများပါ ဆောင်ရွက်နိုင်ခြင်း စသည်ဖြင့် များစွာ သော အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ပါကြောင်း၊


 

• ယခုဆေးရုံသစ်ကြီး တည်ဆောက်ဆဲကာလတွင်လည်း ဝန်ကြီးဌာနမှ အင်ဂျင်နီယာပညာရှင်များအနေဖြင့် ဂျပန်နိုင်ငံမှ ပညာရှင်များ၏ ခေတ်မီအဆင့်မြင့် ဆေးရုံပုံစံရေးဆွဲမှုအပါအဝင် တည်ဆောက်ရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နေမှုများအား လေ့လာနိုင်သည့် အခွင့်အရေးရရှိနိုင်ပါကြောင်း၊

• လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် လုပ်ငန်းအစဉ်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနမှ ပံ့ပိုးဆောင်ရွက်ရမည့် ကိစ္စရပ်များကို လစဉ် ချိတ်ဆက်ပေးပို့စေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အထူးကုဆေးရုံသစ်ကြီး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။


 

     နှလုံး၊ ဦးနှောက်နှင့် အာရုံကြော အထူးကုဆေးရုံသစ်ကြီး (ရန်ကုန်) တည်ဆောက် လည်ပတ်ဆောင်ရွက်နိုင်ရန်အတွက် ဂျပန်နိုင်ငံအစိုးရက ဂျပန်ယန်းငွေ (၈.၆) ဘီလီယံခန့်အား ထောက်ပံ့ကူညီမည်ဖြစ်ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ မြန်မာ ကျပ်ငွေ (၄၂) ဘီလီယံခန့် ကျခံသုံးစွဲဆောင်ရွက်သွားမည်ဖြစ်ပြီး (၂၀၁၉) ခုနှစ်တွင် စတင်တည်ဆောက်ကာ (၂၀၂၁) ခုနှစ် တွင် လုပ်ငန်းများပြီးစီးမည်ဖြစ်ပါသည်။


 

    


 
 
 

More Tags