ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် အရိုးရောဂါကုဆေးရုံကြီး (ကြည့်မြင်တိုင်) တို့သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ရှောင်တခင်ဝင်ရောက်ကြည့်ရှု

ရန်ကုန်၊ (၂၀၁၈) ခုနှစ်၊ မတ်လ (၁၂) ရက်နေ့

     မတ်လ (၁၂) ရက်နေ့၊ နေ့လည်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် အမြဲတမ်းအတွင်းဝန်၊ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ကင်ဆာရောဂါဆေးပညာ၊ ပြင်ပလူနာဆေးသွင်းဌာနသို့ ရှောင်တခင်ဝင်ရောက်ကြည့်ရှု၍ လူနာများ ကင်ဆာရောဂါဆေးဝါးများ ဆေးသွင်းကုသမှု ခံယူနေမှုအခြေအနေ၊ ကင်ဆာရောဂါစာရင်းဇယားများ စနစ်တကျဖြည့်သွင်းနေမှုအခြေအနေ၊ ဆရာဝန်၊ ဆရာမများ လုပ်ငန်းခွင်တွင် ဆောင်ရွက်နေရမှုအခြေအနေ၊ လူနာများစောင့်ဆိုင်းရမှုအခြေအနေ၊ ဆေးသွင်းကုသဆောင်နှင့် ပတ်ဝန်းကျင်အခြေအနေများကို အသေးစိတ်ကြည့်ရှု၍ ပံ့ပိုးပေးနိုင်သည့်အချက်များကို ချက်ချင်းညှိနှိုင်းပံ့ပိုးဆောင်ရွက်ပေးခဲ့ပါသည်။

 

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အမြဲတမ်းအတွင်းဝန်၊ ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ဒေါက်တာရီရီမြင့်(ပါမောက္ခချုပ်/ဆေးရုံအုပ်ကြီး)၊ ဒေါက်တာမြင့်မြင့်အေး (ဆေးရုံအုပ်ကြီး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး)နှင့် တာဝန်ရှိသူ ဌာနမှူး၊ ပါမောက္ခများလိုက်ပါ၍ ကင်ဆာရောဂါကု (ဓာတ်ရောင်ခြည်)ဌာန၊ ကင်ဆာရောဂါနာကျင်မှုနှင့် ဝေဒနာပေါင်းစုံ ထောက်ကူပြုဌာန၊ ကင်ဆာ ရောဂါဝေဒနာရှင်လူနာများ ဓာတ်ရောင်ခြည်ဖြင့် ကုသမှုခံယူမှုအခြေအနေ၊ ဓာတ်ရောင်ခြည်ကုသမှုစက်များ လည်ပတ်နေမှုအခြေအနေ၊ ဓာတ်ရောင်ခြည်ဖြင့် ကုသမှုခံယူရန်အတွက် လူနာများစောင့်ဆိုင်းရမှုအခြေအနေ၊ ဓာတ်ရောင်ခြည်စက်များကို ကိုင်တွယ်ကုသမှုပေးနေသော ဆရာဝန်၊ ဆရာမ၊ ကျွမ်းကျင်ဝန်ထမ်းများ၏ လုပ်ငန်းခွင်အဆင်ပြေမှုအခြေအနေ၊ စက်များတည်ရှိရာ အဆောက်အဦများအခြေအနေ၊ ကင်ဆာရောဂါဆေးကုသဆောင် (ငါးထပ်ဆောင်) အသစ် ဆောက်လုပ်ပြီးစီးမှုအခြေအနေနှင့် ဓာတ်လှေကားတပ်ဆင်နိုင်ရန် ဆောင်ရွက်ရမည့် အခြေအနေများကို အသေးစိတ်ကြည့်ရှုကာ လုပ်ငန်းများအဆင်ပြေချောမွေ့စေရေးအတွက် ပံ့ပိုးပေးနိုင်သည့်အချက်များကို တာဝန်ရှိသူများနှင့်ညှိနှိုင်း၍ ချက်ချင်းပံ့ပိုးပေးခဲ့ပါသည်။ ကင်ဆာရောဂါဖြစ်ပွားမှုလျော့နည်းလာစေရေးအတွက် ပြည်သူ့ကျန်းမာရေးကဏ္ဍမှ ပြည်သူတို့၏ ကင်ဆာရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာမြင့်မားလာစေရေး ယခုထက် ပိုမိုအားဖြည့်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အမြဲတမ်းအတွင်းဝန်၊ ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ တာဝန်ရှိသူများလိုက်ပါလျက် ခုတင် (၃၀၀) ဆံ့ အရိုးရောဂါကု ဆေးရုံကြီး(ကြည့်မြင်တိုင်)သို့ ရှောင်တခင်ဝင်ရောက်ကြည့်ရှုပြီး ပြင်ပလူနာဌာန၊ ဆေးကုသဆောင်၊ ဓာတ်မှန်နှင့် ရောဂါရှာဖွေရေးစက်များ၊ ခွဲစိတ်ခန်း၊ ဆေးရုံပတ်ဝန်းကျင်အခြေအနေများအား အသေးစိတ်ကြည့်ရှု၍ အရိုးရောဂါကုဆေးရုံကြီး၏ ကောင်းမွန်သောပုံရိပ်ကို ဆက်လက်ထိန်းသိမ်းပြီး ဝန်ဆောင်မှုများ ယခုထက်ပိုမိုတိုးတက်စေရေးအတွက် ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ဆွေမှစ၍ ဝန်ထမ်းအားလုံး ဝိုင်းဝန်းကြိုးပမ်းကြရန်နှင့် ရောဂါကုသဆောင်အလိုက် လိုအပ်ချက်များကို တာဝန်ခံဆရာဝန်ကြီးများ၊ ကျွမ်းကျင်ပညာရှင်များက တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက တာဝန်ရှိသူများနှင့်ညှိနှိုင်း၍ လိုအပ်ချက်များကို ချက်ချင်းပံ့ပိုးဖြည့်ဆည်းပေးခဲ့ပါသည်။

 
 
 

More Tags