ရန်ကုန်တိုင်းဒေသကြီးတွင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ ရှင်းလင်းတင်ပြပွဲသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

ရန်ကုန်၊ (၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတွင် ကျင်းပခဲ့သည့် “ရန်ကုန်တိုင်းဒေသကြီးတွင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ ရှင်းလင်းတင်ပြပွဲ” သို့တက်ရောက်ခဲ့ပါသည်။

 

     ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒေသန္တရကျန်းမာရေးဌာနများကို ဘက်စုံသုံးသပ်ခဲ့မှု နှင့် ဗုဒ္ဓဟူးနေ့တိုင်းဖွင့်လှစ်လျက်ရှိသည့် ဆီးချို၊သွေးချိုနှင့် သွေးတိုးစစ်ဆေးကုသမှုဆေးခန်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ ကိုလည်းကောင်း၊ စမ်းချောင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမိမိခိုင် နှင့် စမ်းချောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အမှတ် (၂)မှ ကျောင်းအုပ်ကြီး ဒေါက်တာစန္ဒာမြငြိမ်း တို့က အဆိုပါကျောင်း၌ အာဟာရမပြည့်ဝသော အသင့်စား အစားအစာကင်းစင်သော ကျောင်းမုန့်ဈေးတန်း၊ တန်ဖိုးသင့်နေ့လယ်စာနှင့် ကျွတ်ကျွတ်အိတ်သုံးစွဲမှု လျော့ချရေးစီမံချက် လုပ်ဆောင်မှုအခြေအနေကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ပါသည်။

 

     ထို့သို့ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်အမှာစကားပြောကြားရာတွင်-

• ဒေသန္တရကျန်းမာရေးဌာနများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အကျိုးရှိထိရောက်စွာအသုံးချနိုင်ရေးနှင့် ရောဂါဝေဒနာသက်သာ၍ ဆေးရုံများမှ ဆင်းခွင့်ပေးလိုက်သော လူနာများကို ရက်ချိန်းပြီး နောက်ဆက်တွဲ ပြန်လည်ကြည့်ရှု ကုသပေးသော ဌာနများအဖြစ်ဆောင်ရွက်သွားနိုင်ရေးအတွက် သက်ဆိုင်သူများအားလုံးနှင့် ဆွေးနွေးညှိနှိုင်း၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

 

• ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများအနေဖြင့် အပတ်စဉ် အသိပညာဝေမျှမှုအစီအစဉ်များ ပုံမှန်ပြုလုပ်ဆောင်ရွက်သွားစေလိုပါကြောင်း၊

 

• ဆီးချို၊ သွေးချိုနှင့် သွေးတိုးရောဂါ စမ်းသပ်ကုသမှုဆေးခန်းများ၏ စာရင်းဇယား၊ သတင်းပို့ပုံစံများနှင့် သတင်းပေးပို့မှုလမ်းကြောင်းများ တူညီရေးနှင့် စနစ်ကျစေရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

 

• တစ်နိုင်ငံလုံးအတိုင်းအတာအရ (၉.၇) သန်းဦးခန့်ရှိသော ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်ကုန်များကို စားသုံးနိုင်ရေးအတွက် ကျောင်းမုန့်ဈေးတန်းများ၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊

 

• ယခု စမ်းချောင်းမြို့နယ်၊ အ.ထ.က (၂) တွင် ကျောင်းမုန့်ဈေးတန်းများတွင် အာဟာရပြည့်ဝပြီး ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များကိုသာ ရောင်းချစေရေးအပါအဝင် ဘက်စုံကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုသည် အလွန်ကောင်းမွန်ပြီး ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ မိဘ-ဆရာအသင်းဝင်များ အားလုံးကို ချီးကြူးပါကြောင်း၊

 

• ထိုသို့ဆောင်ရွက်မှုပုံစံမျိုးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဆောင်ရွက်နိုင်ရန် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ သက်ဆိုင်ရာ အခန်းကဏ္ဍမှ အတတ်နိုင်ဆုံး ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     ထို့နောက် အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး၊ ပါမောက္ခဒေါက်တာကိုကို၊ ပါမောက္ခဒေါက်တာနွယ်နွယ်နှင့် တာဝန်ရှိသူများက တင်ပြရှင်းလင်းခဲ့မှုများအပေါ် ဆွေးနွေးအကြံပြုခဲ့ကြပါသည်။

 
 
 

More Tags