ရခိုင်ပြည်နယ်အတွင်း ရေချိုခရုမှတစ်ဆင့်ကူးစက်တတ်သော သံပြားကောင်ရောဂါ၏ လက်ရှိဖြစ်ပွားမှုအခြေအနေအား ဆန်းစစ်သုံးသပ်ခြင်း အစည်းအဝေးကျင်းပပြုလုပ်

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့

     ရခိုင်ပြည်နယ်အတွင်း ရေချိုခရုမှတစ်ဆင့်ကူးစက်တတ်သော သံပြားကောင်ရောဂါ (Schistosomiasis) ၏ လက်ရှိဖြစ်ပွားမှုအခြေအနေအား ဆန်းစစ်သုံးသပ်ခြင်း အစည်းအဝေးအခမ်းအနားကို (၂၀၁၈) ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ရုံးအမှတ် (၄) ၌ကျင်းပခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင်-

- ရေချိုခရုမှတစ်ဆင့်ကူးစက်တတ်သော သံပြားကောင်ရောဂါ (Schistosomiasis) သည် ရခိုင်ပြည်နယ်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အချို့တွင် ဖြစ်ပွားမှုရှိနေပြီး ကူးစက်ပြန့်နှံ့ဖြစ်ပွားမှုပြဿနာကြီးထွားမှု မရှိခင်လိုအပ်သော ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်ရန်အရေးကြီးကြောင်း၊

- ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်ပြည်သူ့ကျန်းမာရေး/ ကုရေးဦးစီးဌာနမှူး၊ မြို့နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူးများ၏ အလေးထား ကြိုးပမ်းဆောင်ရွက်မှုသည် အလွန်အရေးကြီးကြောင်း၊

- ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ထံမှလိုအပ်သောနည်းပညာနှင့်အကူအညီများရယူဆောင်သွားရန်နှင့် Imperial College London မှ ပညာရှင်များ နှင့်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ် များကိုလည်းဆွေးနွေးရန်လိုအပ်ကြောင်း၊

- ရောဂါဖြစ်ပွားမှုအန္တရာယ်အဆင့်ဆန်းစစ်အကဲဖြတ်လေ့လာခြင်းလုပ်ငန်းကို တာဝန်ခံ ဆောင်ရွက်မည့်သူနှင့် ဌာနကို တာဝန်ပေးသတ်မှတ်ရန်၊

- အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနအနေဖြင့် ဓါတ်ခွဲစစ်ဆေး အတည်ပြုနိုင်ရေး လုပ်ငန်းတွင် ပိုမိုအထောက်အကူပေးရန်၊

 

- ဆေးနှင့်ဆေးပစ္စည်း နှင့် ရောဂါဓာတ်ခွဲစမ်းသပ်မှုများအတွက် လိုအပ်သည့် ပစ္စည်း၊ နည်းပညာ၊ လူအရင်းအမြစ် စသည် တို့ကို လုံလောက်စွာ ဖြည့်ဆည်းထားရန်လိုအပ်ကြောင်း၊

- တိုင်းဒေသကြီး/ ပြည်နယ်၊ မြို့နယ်အဆင့်များတွင် ဓာတ်ခွဲသင်တန်းများကိုပေးအပ်ရန်လိုအပ်ပြီး စစ်တွေပြည်သူ့ဆေးရုံ တွင် စတင်ပေးအပ်စေလိုကြောင်း၊

- ရောဂါကူးစက်ပုံ၊ နောက်ဆက်တွဲရောဂါလက္ခဏာများနှင့် ကာကွယ်ပုံနည်းလမ်း များအား ဒေသခံပြည်သူများ ကောင်းစွာသိရှိပြီး ဂရုပြုလိုက်နာ ဆောင်ရွက် ကြစေရန်အတွက် ဒေသအခြေအနေနှင့်လိုက်လျောညီထွေရှိသော အသိပညာပေး နည်းလမ်းများ အသုံးပြု ၍ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊

- ယနေ့ဆွေးနွေးပွဲတွင် လတ်တလောချက်ချင်းဆောင်ရွက်ရမည့် ဦးစားပေး လုပ်ငန်းများကို စဉ်းစားဆုံးဖြတ်ရန်လိုအပ်ကြောင်း၊

- ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနသည် သံပြားကောင်ရောဂါ (Schistosomiasis) အပါအဝင် ကူးစက်ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ သတင်း အချက်အလက်များရရှိရေးနှင့် ဆန်းစစ်သုံးသပ်ခြင်း၊ မှန်ကန်ထိရောက်သော တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လူ၏ ဦးနှောက်နှင့် ဗဟိုအာရုံကြောစနစ်ကဲ့သို့ အလွန် အရေးကြီးသော ဤဌာနကိုအားဖြည့်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊

- ရောဂါဖြစ်ပွားသောနေရာဒေသများတွင်ယင်လုံအိမ်သာဆောက်လုပ်သုံးစွဲမှုနည်းပါးခြင်းကလည်းရောဂါကူးစက်ပျံ့နှံမှုကိုပိုမိုဖြစ်ပွာစေကြောင်းနှင့် ရောဂါ ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများကိုပိုမိုထိရောက်စွာဆောင်နိုင်ရန်အတွက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၊ လူမှုရေးဝန်ကြီးနှင့် နှီးနွယ်ဌာနများနှင့် ညှိနှိုင်းဆွေးနွေး တစ်ခုအမြန်ဆုံး ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

     ယင်းနောက် ကျွမ်းကျင်မှုဆိုင်ရာအကြံပေးပညာရှင် ဒေါက်တာစိုးလွင်ငြိမ်းက ရခိုင်ပြည်နယ် အတွင်း ရေချိုခရုမှတစ်ဆင့်ကူးစက်တတ်သော သွေးသံကောင်ရောဂါ၏ လက်ရှိဖြစ်ပွားမှု အခြေအနေအား ဆန်းစစ်သုံးသပ်၍ လက်ရှိရောဂါဖြစ်ပွားမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်ရမည့် ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း၊ ဆေးကုသမှုပေးခြင်း၊ ကျန်းမာရေးအသိပညာမြှင့်တင်ခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများ အားဖြည့်ဆောင်ရွက်ခြင်း၊ ကျန်းမာရေးဝန်ထမ်းများအား လေ့ကျင့်သင်တန်း ပေးခြင်း စသည့်လုပ်ငန်းများကို အသေးစိတ်ရှင်းလင်တင်ပြခဲ့ပါသည်။

 

     ဆက်လက်ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်မှ ရေချိုခရုမှတစ်ဆင့်ကူးစက်တတ်သော သံပြားကောင်ရောဂါ ကူးစက်မှုထိန်းချုပ်ရေးအတွက် လုပ်ငန်းစီမံချက်တစ်ခုရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကာကွယ်ရေး၊ ရောဂါရှာဖွေ ကုသရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လိုအပ်သော ရောဂါရှာဖွေရေး ဓာတ်ခွဲပစ္စည်းများနှင့် ဆေးဝါးများတွက်ချက်၍ ဖြည့်တင်းထားမည်ဖြစ်ကြောင်း ဆွေးနွေးတင်ပြခဲ့ပါသည်။

 

     ထို့နောက် တက်ရောက်လာကြသူများက ရေချိုခရုမှတစ်ဆင့်ကူးစက်တတ်သော သံပြားကောင် ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေး ကြသည်။

     ဆက်လက်၍ အမြဲတမ်းအတွင်းဝန် (၂) ဒေါက်တာသာထွန်းကျော် က နိဂုံးချုပ် အမှာစကား ပြောကြားရာတွင်-

- ရေချိုခရုမှတစ်ဆင့်ကူးစက်တတ်သော သံပြားကောင်ရောဂါသည် ပြည်သူ့ကျန်းမာရေးအတွက် ဦးစားပေးကာကွယ်ထိန်းချုပ်ရမည့်ရောဂါတစ်ခုဖြစ်သဖြင့် ရောဂါပျံ့နှံ့ဖြစ်ပွားနေမှု အခြေအနေ အတိုင်းအတာကို သိရှိရန် အရေးကြီးကြောင်း၊

- (၂၀၁၆) ခုနှစ်နောက်ပိုင်းမှ စတင်ကူးစက်ဖြစ်ပွားလာသော ရောဂါဖြစ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ နှီးနွယ်ဌာနများနှင့် နိုင်ငံတကာလူမှုရေး အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ဆောင်ရွက်ရာ တွင် ရခိုင်ပြည်နယ်အတွက်သာမက တစ်နိုင်ငံလုံးအတွက်ပါ အကျိုးကျေးဇူးရရှိနိုင်မည်ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ အခြေခံကျန်းမာရေးတက္ကသိုလ် ပါမောက္ခချုပ်၊ မေ့လျော့ခံ အပူပိုင်းဒေသဆိုင်ရာ ကူးစက်ရောဂါများဌာနမှ ပါမောက္ခ/ ဌာနမှူး၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၊ ဆေးသုတေသနဦးစီးဌာနနှင့် အခြားနှီးနွယ်ဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

More Tags