ရခိုင်ပြည်နယ်၊ မောင်တောဒေသအတွင်းသို့ ပြန်လည်ဝင်ရောက်လာမည့် လူထုအပေါ် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့

     ရခိုင်ပြည်နယ်၊ မောင်တောဒေသအတွင်းသို့ တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက် လာမည့် လူထုအပေါ် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်း၊ ငါးခူရ ပြန်လည်လက်ခံရေးစခန်းများနှင့် လှဖိုးခေါင် ကြားစခန်းတို့၌ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် အားဖြည့်ဆောင်ရွက်ပေးလျက် ရှိပါသည်။




 

     (၁၅-၇-၂၀၁၈) ရက်နေ့၌ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့ ဦးဆောင်သည့် ဌာနဆိုင်ရာများပါဝင်သော ရခိုင်ပြည်နယ်ခရီးစဉ်၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်နှင့် ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင်နှင့်အတူ ပူးပေါင်းလိုက်ပါပြီး မောင်တောဒေသအတွင်းရှိ ပြန်လည်လက်ခံရေးစခန်းများ၊ ကြားစခန်းနှင့် ပြန်လည်နေရာချထားပေးမည့် နေရာများသို့ ကွင်းဆင်းသွားရောက်ခဲ့ပါသည်။

     ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ငါးခူရကျေးရွာသို့ ရောက်ရှိခဲ့ပြီး ငါးခူရ ပြန်လည်လက်ခံရေးစခန်း၌ ပြန်လည်ဝင်ရောက်လာမည့် လူထုအပေါ် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အရေးပေါ်လူနာများရှိပါက ဆေးကုသပေးခြင်း၊ လိုအပ်ပါက မောင်တောမြို့နယ် ဆေးရုံသို့ လူနာလွှဲပြောင်းပေးခြင်း စသည့် ကြိုတင်ပြင်ဆင်ထားရှိမှုအပေါ် ငါးခူရကျေးရွာ၌ တာဝန်ချထားပေးသည့် ဒေသခံကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည်များ ဖြည့်ဆည်းပေးခဲ့ပါသည်။


 

     ဆက်လက်၍ လှဖိုးခေါင်ကြားစခန်းသို့ သွားရောက်ကာ ကြားစခန်း၌ ယာယီနေထိုင်မည့် လူထုအပေါ် ဆေးပေးခန်းဖွင့်လှစ်၍ ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များ မီးဖွားနိုင်ရန် သားဖွားခန်းပြင်ဆင်ထားရှိခြင်း၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများ ထောက်ပံ့ထားရှိခြင်း၊ ကျန်းမာရေးဝန်ထမ်းများ အလှည့်ကျ တာဝန်ချထားခြင်း၊ လှဖိုးခေါင်ကြားစခန်းအတွင်း ရေကောင်းရေသန့်ရရှိရေး၊ အိမ်သာနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းကြည့်ရှုကာ လိုအပ်ချက်များအပေါ် ပံ့ပိုးပေးခဲ့ပါသည်။

     တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်ခဲ့သော လူထုအနေဖြင့် မောင်တောဒေသအတွင်းသို့ ပြန်လည်ဝင်ရောက်လာပါက ပြန်လည်လက်ခံရေးစခန်းများ၊ ကြားစခန်းနှင့် ပြန်လည်နေရာချထားပေးမည့် နေရာများ၌ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေသခံကျန်းမာရေးဝန်ထမ်းများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိပြီး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေဖြင့်လည်း လိုအပ်သည်များအား ဆက်လက်ပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။

 
 

More Tags