ရာသီတုပ်ကွေးရောဂါ Seasonal Influenza A (H1N1) 2009 ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာကွယ်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိ

နေပြည်တော် ဇူလိုင် ၂၄

             ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ကူးစက်ရောဂါများ၊ ကူးစက်မြန်ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာကွယ်ခြင်းနှင့် ထိရောက်စွာတုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိရာ အထူးသဖြင့် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကပ်အသွင်ဖြစ်ပွားနိုင်သော ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို အပြည်ပြည်ဆိုင်ရာကျန်းမာရေးစည်းမျဉ်း များ (၂၀၀၅)နှင့်အညီ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ဒေသတွင်းအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။


 

                ၂၀၁၇ ခုနှစ်၊ ဇူလိုင်လအတွင်း ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ရပ်ကွက်အချို့တွင် ရာသီတုပ်ကွေးရောဂါ Seasonal Influenza A (H1N1) 2009 ဓာတ်ခွဲ အတည်ပြု လူနာ(၁၀)ဦး၊ သေဆုံးလူနာ(၁)ဦး ရှိခဲ့ပါသည်။ ထို့အပြင် ရန်ကုန်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် လူနာ(၂)ဦး၊ ရန်ကုန်မြို့၊ အထွေထွေရောဂါကုဆေးရုံသစ်ကြီးတွင် လူနာ(၁)ဦးတို့သည် ရာသီတုပ်ကွေးရောဂါ Seasonal Influenza A (H1N1) 2009 ဖြင့် ဇူလိုင်လအတွင်း တက်ရောက်ကုသခဲ့ပြီး လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများခံယူလျက်ရှိပါသည်။

           ရာသီတုပ်ကွေးရောဂါ Seasonal Influenza A (H1N1) 2009 စောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာကွယ်ခြင်းနှင့် ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများကို အားဖြည့်ဆောင်ရွက်နိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ (၂၄)ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမြင့်ထွေး က ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။


 

           အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် - “၀န်ကြီးဌာနအနေဖြင့် လက်တလော ရာသီတုပ်ကွေးဖြစ်ပွားနေမှုများနှင့် ပတ်သက်၍ တုပ်ကွေးဆန်သောရောဂါလက္ခဏာများ (Influenza Like Illness – ILI) ဖြစ်ပွားမှု ၊ ပြင်းထန်အဆုတ်ရောင် (Severe Acute Respiratory Infection – SARI) ဖြစ်ပွားမှု စသည်တို့အားစောင့်ကြပ်ကြည့်ရှုခြင်းနှင့် ရောဂါဖြစ်ပွားကူးစက်မှုမှ ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးပညာပေးလုပ်ငန်းများအား ဆေးရုံကြီးများ၊ မြို့နယ်အဆင့်နှင့် ပြည်သူလူထုအတွင်း ယခုထက် ပိုမိုတိုးမြှင့်ဆောင်ရွက်လျှက်ရှိပါကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်သူလူထုအတွင်း သတင်းအမှန်ရရှိရေးနှင့် ကြောက်လန့်မှုမရှိစေရေးအတွက် မိမိတို့ ဝန်ကြီးဌာနအနေဖြင့်ဆောင်ရွက်ထားရှိမှုများအား အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန် သွားမည်ဖြစ်ပါကြောင်း၊ ရောဂါကုသမှု၊ တုံ့ပြန်ဆောင်ရွက်မှု၊ ကြိုတင်ကာကွယ်မှုတို့နှင့် ပတ်သက်၍ ကျန်းမာရေးဝန်ထမ်းများအတွက် လမ်းညွှန်ချက်များအားလည်းထုတ်ပြန်ပြီး ဖြစ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာကျန်းမာရေး စည်းမျဉ်းများနှင့်အညီ ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့လည်း သတင်းပေးပို့ပြီးဖြစ်ကြောင်း၊ လိုအပ်မည့်ဆေးဝါးများ၊ ရောဂါကာကွယ်ရေးပစ္စည်းများလည်းအရန်သင့်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။


 

        ဆက်လက်၍ ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာမြင့်ဟန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ဓါတ်ခွဲ) ပါမောက္ခဒေါက်တာဌေးဌေးတင်နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်တို့က ဆောင်ရွက်ထားရှိမှုများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့်ပတ်သက်၍ အသေးစိတ်တင်ပြဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးသို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ နေပြည်တော် ခုတင်(၁၀၀၀) အထွေထွေရောဂါကုဆေးရုံကြီးမှ အထွေထွေရောဂါကုသမားတော်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက် ဆွေးနွေးခဲ့ပါသည်။

             တုပ်ကွေးရောဂါပိုး Seasonal Influenza A (H1N1) 2009 အပါအဝင် ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုသည် တစ်ကမ္ဘာလုံးလူဦးရေ၏ (၅) ရာခိုင်နှုန်းမှ (၃၀) ရာခိုင်နှုန်းအထိ နှစ်စဉ်ဖြစ်ပွားလျက် ရှိပြီး ရောဂါဖြစ်ပွားသူများ၏ (၁)ရာခိုင်နှုန်းအောက်သာ သေဆုံးမှုရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါသည်။

            ရာသီတုပ်ကွေးရောဂါ Seasonal Influenza A (H1N1) 2009 ဖြစ်ပွားမှုနှင့် ပတ်သက်၍ ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော ရောဂါကြိုတင်ကာကွယ်ရေး နှိုးဆော်ချက်များကို လိုက်နာဆောင်ရွက်သွားကြရန်နှင့် တုပ်ကွေးဆန်သောရောဂါလက္ခဏာများ ဖြစ်ပွားလာပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ သတင်းပေးပို့ ကုသမှုခံယူရန်လိုအပ်ကြောင်းနှင့် ရာသီတုပ်ကွေးဖြစ်ပွားမှုသည် နှစ်စဉ် ဖြစ်ပွားလေ့ရှိသော ရောဂါတစ်ခုဖြစ်ပါ၍ ဝန်ကြီးဌာနကထုတ်ပြန်သော ရောဂါကြိုတင်ကာကွယ်ရေးနှိုးဆော်ချက်များကို ပြည်သူများအနေဖြင့် လိုက်နာဆောင်ရွက်ခြင်း အားဖြင့် ရောဂါဖြစ်ပွားမှုအား ကြိုတင်ကာကွယ်ကုသမှုနိုင်မည်ဖြစ်ပြီး အထူးစိုးရိမ်ကြောင့်ကြစရာ မလိုအပ်ပါကြောင်း သတင်းရရှိပါသည်။

        ဝန်ကြီးဌာနအနေဖြင့် ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာဖြစ်သော www.mohs.gov.mm နှင့် Myanmar CDC ၏ facebook စာမျက်နှာများမှ သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး H1N1 ရောဂါဖြစ်ပွားသည်ဟု သံသယရှိပါက နှာခေါင်းတို့ဖတ် (nasopharyngeal swab) အား အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန၊ အမှတ်(၃၅)၊ မော်ကွန်း တိုက်လမ်း၊ ရန်ကုန်မြို့သို့ပေးပို့ စစ်ဆေးအတည်ပြုချက်ရယူနိုင်ပါကြောင်း သတင်းရရှိပါသည်။

 

 
 
 
 

More Tags