ရေရရှိရေး၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးဆိုင်ရာ မဟာဗျူဟာလုပ်ငန်းစဉ်များနှင့် ရင်းနှီးမြုပ်နှံမှုအစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက် အဖွင့်အမှာစကားပြောကြား

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၊ နေပြည်တော်၊ ရုံးအမှတ် (၄)၌ ကျင်းပပြုလုပ်ခဲ့သည့် ရေရရှိရေး၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးဆိုင်ရာမဟာဗျူဟာလုပ်ငန်းစဉ်များနှင့် ရင်းနှီးမြုပ်နှံမှုအစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။


 

     ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• ရေရရှိရေး၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး (Water, Sanitation and Hygiene - WASH) ဆိုင်ရာကိစ္စရပ်များသည် ပြည်သူများ၏ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုကြီးမားသဖြင့် ယနေ့ကျင်းပပြုလုပ်သော အစည်းအဝေးသည် အရေးကြီးပါကြောင်း၊

• ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးမကောင်းမွန်ပါက ဝမ်းပျက်၊ ဝမ်းလျှော၊ ဝမ်းကိုက်ရောဂါကဲ့သို့ ရေမှတဆင့်ကူးစက်တတ်သောရောဂါများ၊ အရေပြားရောဂါနှင့် မျက်ခမ်းစပ်ရောဂါတို့ကဲ့သို့ ရေရှားပါး မှုကြောင့်ဖြစ်ပွားသောရောဂါများ၊ Schistosomiasis ရောဂါကဲ့သို့ ရေတွင်ဖွံ့ဖြိုးကြီးထွားသော ရောဂါပိုးများကြောင့်ဖြစ်သော ရောဂါများနှင့် ဌက်ဖျား၊ သွေးလွန်တုတ်ကွေးရောဂါတို့ကဲ့သို့ ရေနှင့်ဆက်စပ် ဖြစ်ပွား သောရောဂါများ ဖြစ်ပွားနိုင်ကြောင်း၊


 

• စက်တင်ဘာလအတွင်း၌ မိမိ သွားရောက်ခဲ့သည့် အိန္ဒိယနိုင်ငံ၊ Mahatma Gandhi International Sanitation Convention ခရီးစဉ်အတွင်း သက်ဆိုင်ရာအားလုံးပူးပေါင်း ကြိုးပမ်းဆောင်ရွက်မှုကြောင့် မြေပြင်တွင်မစင်စွန့်ခြင်း ကင်းစင်ရေး လုပ်ငန်းများ အပါအဝင် ရေရရှိရေး၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရည် သန့်ရှင်းရေးဆိုင်ရာလုပ်ငန်းများ အောင်မြင်မှုများရရှိခဲ့သည်ကို လေ့လာတွေ့ရှိခဲ့ကြောင်း၊

• ဤလုပ်ငန်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအပါအဝင် ပညာရေးဝန်ကြီး ဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဆက်စပ်နေသော အစိုးရမဟုတ်သော အဖွဲ့အစည်းများ (non- governmental organization)၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ (international non-governmental organization) အသီးသီးကလည်း အားလုံးပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မည် ဖြစ်ကြောင်း၊


 

• လုပ်ငန်းဆောင်ရွက်မှုများ တစ်နေရာတည်းတွင် လုပ်ငန်းများထပ်မနေစေရန်၊ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်၊ ပိုမိုထိရောက်အောင်မြင်စေရန်နှင့် အကျိုးအမြတ်များပြားစေရန်အတွက် နှီးနွယ်ဌာနဆိုင်ရာ များ၊ NGO များ၊ INGO များ၊ လူထုအခြေပြုအဖွဲ့အစည်းများ (Community based organization, Community society organization) အားလုံး ကွန်ရက်သဖွယ် ချိတ်ဆက်၍ စုစည်းပူးပေါင်း ညှိနှိုင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း၊

• ထို့အပြင် မကူးစက်တတ်သောရောဂါများဆိုင်ရာ လုပ်ငန်းနယ်ပယ်၊ ကူးစက်ရောဂါဆိုင်ရာလုပ်ငန်းနယ်ပယ်၊ မိခင်နှင့် ကလေးကျန်းမာရေး လုပ်ငန်းနယ်ပယ်များ၌လည်း ဆက်စပ်နေသော အဖွဲ့အစည်းများ အားလုံးပါဝင် ဆွေးနွေးညှိနှိုင်းနိုင်မည့် အစီအစဉ်များ (platforms) ကိုဖော်ဆောင်၍ ပူးပေါင်းဆောင်ရွက်သွားစေလိုကြောင်း၊

• ကျေးလက်ဒေသများ၊ ကျောင်းများနှင့် ဆေးရုံဆေးခန်းများ ရေရရှိရေး၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးဆိုင်ရာ မဟာဗျူဟာ (၂၀၁၆-၂၀၃၀)များကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များကို ဦးစားပေးရွေးချယ်၍ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊


 

• မဟာဗျူဟာနှင့် လုပ်ငန်းမူဘောင်များကိုလည်း ဖြစ်ပေါ်နေသော အခြေအနေများနှင့်အညီ လိုအပ်သလို ပြင်ဆင်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊

• စာသင်ကျောင်းများတွင် ရေရရှိရေး၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရည် သန့်ရှင်းရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုများကို အဆင့်သတ်မှတ်၍ အဆင့် အကောင်းဆုံးရရှိသည့် ကျောင်းများကို အမှတ်တရ ဆုလက်ဆောင်များ ချီးမြှင့်ခြင်းကို ပြုလုပ်လျက်ရှိခြင်းသည် ကျန်းမာရေးအတွက် ကောင်းမွန်သော ယှဉ်ပြိုင်မှု (Healthy competition) ကိုရရှိနိုင်ပြီး ကျောင်းသား/ ကျောင်းသူများတွင် ကျန်းမာရေး အလေ့အကျင့်ကောင်းများကို ဖြစ်ထွန်းစေနိုင်မည်ဖြစ်ကြောင်း၊

• တစ်နိုင်ငံလုံးတွင် (၉.၅) သန်း ဦးရေခန့်ရှိသော ကျောင်းသား/ကျောင်းသူများတွင် ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး အလေ့အကျင့်ကောင်းများရရှိခြင်းဖြင့် ကျန်းမာဖွံ့ဖြိုးသော ပြည်သူများဖြစ်လာမည်ဖြစ်ကြောင်း၊


 

• ပြည်သူများတွင် ကျန်းမာရေးနှင့်ညီညွတ်သော အလေ့အကျင့်ကောင်းများပိုင်ဆိုင်နိုင်ရေးနှင့် ကျန်းမာရေးအသိပညာများ ကြွယ်ဝစေရေးတို့အတွက် ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ (Health literacy promotion unit) မှ လုပ်ငန်းများ အရှိန်အဟုန် မြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊

• လုပ်ငန်းဆောင်ရွက်မှုများနှင့် သတင်းအချက်အလက်များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် နှီးနွယ်ဝန်ကြီးဌာန/ဦးစီးဌာနများ၊ NGO၊ INGO များ အကြား ပေးပို့ဝေမျှသွားရန် အရေးကြီးကြောင်း၊

• ဝန်ကြီးဌာနရှိ စီမံချက်အသီးသီးမှ မန်နေဂျာများကလည်း လုပ်ငန်းများ ရှေးရိုးစွဲမှဖောက်ထွက်သော အတွေးအမြင်သစ်၊ အကြံဉာဏ်သစ်များဖြင့် ဆောင်ရွက်စေလိုကြောင်း၊ စီမံချက်လုပ်ငန်းများတွင် လုပ်ငန်း ဆောင်ရွက်အောင်မြင်မှု အခြေအနေများကို စောင့်ကြည့် သုံးသပ်သည့် စနစ်ကို ထည့်သွင်းလုပ်ဆောင်စေလိုကြောင်း၊


 

• (၂၀၁၉)ခုနှစ်၊ ဇန်နဝါရီလတွင် (၄၇) ကြိမ်မြောက် မြန်မာနိုင်ငံဆေးသုတေသန ညီလာခံ (47th Myanmar Health Research Congress) ကို “Ensure WASH: A Global Agenda to Improve Quality of Life" ခေါင်းစဉ်ဖြင့်ပြုလုပ်သွားမည်ဖြစ်ပြီး အဖွဲ့အစည်းအသီးသီးမှ ပြုလုပ်ထားသော သုတေသနများကို အဆိုပါ ညီလာခံတွင် ထည့်သွင်းဖတ်ကြားကြစေလိုကြောင်း၊

• ရေရရှိရေး၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးဆိုင်ရာလုပ်ငန်းများ အောင်မြင်စေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ နှီးနွယ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ ကဏ္ဍအသီးသီး စုစည်း ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။


 

     ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် (သဘာဝဘေး) ဒေါက်တာသန်းထွန်းအောင်က ကျေးလက်ဒေသများ၊ ကျောင်းများနှင့် ဆေးရုံဆေးခန်းများ ရေရရှိရေး၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရည် သန့်ရှင်းရေးဆိုင်ရာ ဗဟာဗျူဟာ (၂၀၁၆-၂၀၃၀) နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လက်ရှိလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ Scientist Dr. Badri Thapa က ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ WASH ဆိုင်ရာ နောက်ဆုံးရအချက်အလက်များ (Updates from WHO) ကိုလည်းကောင်း၊ UNICEF မှ ဌာနေကိုယ်စားလှယ် Ms. June Kunugi က UNICEF မှ ဆောင်ရွက်လျက်ရှိသော ရေရရှိရေး၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့် ဝမ်းရောဂါများကိုလည်းကောင်း အသီးသီး တင်ပြဆွေးနွေးခဲ့ပါသည်။

     ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။

     အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စု ဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ စီမံချက်မန်နေဂျာများ၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ WHO၊ UNICEF၊ WaterAid၊ Johanniter international နှင့် Health Poverty Action တို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။

More Tags