ရေဘေးအပါအဝင် ဘေးအန္တရာယ်ကျရောက်သော ဒေသများနှင့် ယာယီကယ်ဆယ်ရေးစခန်းများရှိ ပြည်သူများအတွက် ကျန်းမာရေးသတိပေးနှိုးဆော်ချက်

(၁) မိုးလေဝသ သတင်းများ၊ ဘေးအန္တရာယ်သတိပေးချက်များနှင့် ကျန်းမာရေးသတိပေးနှိုးဆော်ချက်များကို လိုက်နာဆောင်ရွက်ပါ။
(၂) ရေမျောစာများ၊ အမှည့်လွန်အစာများနှင့် ယင်နားစာများကို ရှောင်ကြဉ်ပါ။ အစားအစာများ ယင်မနားစေရန် ဖုံးအုပ်ထားပါ။
(၃) ရေသန့်ဆေးထုပ် (သို့မဟုတ်) ကလိုရင်းဆေးခတ်ထားသော ရေနှင့် ကျိုချက်ထားသော ရေကိုသာ သောက်သုံးပါ။
(၄) ယင်လုံအိမ်သာကို စနစ်တကျ သုံးစွဲပါ။ အမှိုက်များကို မြေမြှုပ်ခြင်း၊ မီးရှို့ခြင်း၊ အမှိုက်ပုံကို ထုံးဖြူးခြင်း စသည်ဖြင့် အမှိုက်သရိုက်များကို စနစ်တကျ စွန့်ပစ်ပါ။
(၅) တစ်ကိုယ်ရေသန့်ရှင်းရေးကို အလေးထားဆောင်ရွက်ပါ။ အစာမစားမီ၊ အစားအစာ ချက်ပြုတ်ပြင်ဆင်ခြင်း မပြုမီ၊ အိမ်သာသွားပြီးတိုင်းနှင့် အညစ်အကြေးကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စင်ကြယ်စွာ ဆေးကြောပါ။
(၆) ခြင်ကိုက်မခံရအောင် ဂရုပြုနေထိုင်ပါ။ မည်သည့်အချိန်တွင်မဆို ခြင်ထောင်ဖြင့်သာ အိပ်စက်ပါ။ ပိုးလောက်လန်း၊ ခြင်နှိမ်နင်းရေးလုပ်ငန်းများ (ဖုံး၊ သွန်၊ လဲ၊ စစ်) တွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပါ။
(၇) ကျန်းမာရေးနှင့်ညီညွတ်စေရန် အဆီ၊ အငန်နှင့် အချို လျှော့စားပါ။ အာဟာရ ပြည့်ဝမျှတအောင် စားသုံးပါ။
(၈) ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကျွမ်းကျင်သူကျန်းမာရေးဝန်ထမ်းများနှင့်သာ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုခံယူ၍ မီးဖွားပါ။
(၉) ကလေးငယ်များကို ကာကွယ်ဆေး အကြိမ်ရေပြည့်အောင် မပျက်မကွက် ထိုးနှံပေးပါ။
(၁၀) ပုံမှန်သောက်သုံးနေသော ဆေးဝါးများ၊ သားဆက်ခြားဆေးဝါးများ စသည်တို့အား အသင့်ကြိုတင် စုဆောင်းထားပါ။ ဆေးဝါးပြတ်လပ်မှုရှိပါက နီးစပ်ရာကျန်းမာရေးဌာနနှင့် ဆက်သွယ်၍ ဆေးကုသမှုခံယူပါ။
(၁၁) မြွေဆိုးအန္တရာယ်၊ လျှပ်စစ်ဓာတ်လိုက်မှုအန္တရာယ်နှင့် ထိခိုက်ဒဏ်ရာရရှိမှု အန္တရာယ်များအား ဂရုပြုပါ။
(၁၂) ဘေးအန္တရာယ်ကျရောက်ပြီးနောက် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများနှင့် အခြားကျန်းမာရေးပြဿနာများ ဖြစ်ပွားပါက နီးစပ်ရာ ဆေးရုံ၊ ကျန်းမာရေးဌာနနှင့် ကျန်းမာရေးဝန်ထမ်းများထံတွင် ပြသ၍ ဆေးကူသမှု ခံယူပါ။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

 
 
 
 
 
 
 

More Tags