ရေဘေးအန္တရာယ်ခံစားရသည့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် လက်ရှိ တုံ့ပြန်ဆောင်ရွက်မှုလုပ်ငန်းများကို သုံးသပ်ခြင်းနှင့် ပိုမိုအားဖြည့်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

Union Minister Dr. Myint Htwe attends coordination meeting on the strengthening of healthcare response activities in the flood-affected area

ရန်ကုန်၊ (၂၀၁၉) ခုနှစ်၊ သြဂုတ်လ (၁၀) ရက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက် (၇:၃၀) နာရီတွင် ဆေးသုတေသနဦးစီးဌာန၊ ရန်ကုန်၌ ကျင်းပခဲ့သည့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ရေဘေးအန္တရာယ်ခံစားရသည့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် လက်ရှိ တုံ့ပြန်ဆောင်ရွက်မှုလုပ်ငန်းများကို သုံးသပ်ခြင်းနှင့် ပိုမိုအားဖြည့်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

 


 

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• လက်ရှိဖြစ်ပွားနေသော ရေကြီးရေလျှံမှုဖြစ်စဉ်များတွင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် သင့်လျော်သော တုံ့ပြန်ဆောင်ရွက်မှုများ အချိန်နှင့် တစ်ပြေးညီ စနစ်တကျ ထိရောက်စွာ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊

• ထိုသို့တုံ့ပြန်ဆောင်ရွက်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ဌာနတွင်းနှင့် ဌာနအချင်းချင်း ပူးပေါင်း ချိတ်ဆက် ဆောင်ရွက်မှုများနှင့် အပြန်အလှန်သတင်းဖလှယ်ပေးပို့မှုများ ဆောင်ရွက်နေသည် ကိုလည်း တွေ့ရှိရပါကြောင်း၊

• လက်ရှိ ဆောင်ရွက်လျက် ရှိသော ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကိစ္စရပ်များ၊ ရေဘေးကြောင့် ထိခိုက်သေဆုံးမှုနှင့် ကျန်းမာရေးဌာနများ၏ ထိခိုက်ပျက်စီးဆုံးရှုံးမှုများ အခြေအနေများ၊ ရေဘေးသင့်ကျန်းမာရေး ဝန်ထမ်းများ၏ အခြေအနေများ၊ ကျန်းမာရေးကဏ္ဍတုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ အတွက် ထပ်မံလိုအပ် ချက်များနှင့် ပတ်သက်၍ ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ကျန်းမာရေးဌာနများ အကြား စနစ်တကျ ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊


 

• ထိုသို့ ဌာနတွင်း ချိတ်ဆက်ဆောင်ရွက်မှုများအပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အပါအဝင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံကျန်းမာရေးမှူးများ အသင်း၊ နှီးနွှယ်ဌာနဆိုင်ရာများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGO) စသည်တို့နှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ရန်အရေးကြီးပါကြောင်း၊

• ရရှိသည့်သတင်းအချက်အလက်များအား သုံးသပ်ပြီး ပိုမိုကောင်းမွန်သည့် ကျန်းမာရေး စောင့်ရှောက်မှုရရှိရေးအတွက် ဦးစားပေးအနေဖြင့် ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊

• ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအား ဆောင်ရွက်ရာတွင်ထိရောက်သည့် လုပ်ငန်းညှိနှိုင်း မှုများနှင့် ပံ့ပိုးမှုများ ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေးအရေးပေါ်အခြေအနေ ကွပ်ကဲမှုစင်တာ (Public Health Emergency Operations Center) ကို (၂၄)နာရီ ဖွင့်လှစ်၍ ဗဟိုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၊ မြို့နယ်အဆင့် ကျန်းမာရေးဌာနများ၊ ကွင်းဆင်းအဖွဲ့များအကြား ချိတ်ဆက်ဆောင်ရွက်နေသည်မှာ ကောင်းမွန်ပါကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့၊ နှီးနွှယ်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် လည်း ကွန်ရက်ချိတ်ဆက် ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဖွင့်လှစ်ရာတွင်လည်း လိုအပ်သည်များကို ပံ့ပိုး ဖြည့်ဆည်းပေးသွားမည်ဖြစ်ပါကြောင်း၊

• ရေကြီးရေလျှံမှုဖြစ်စဉ်များ ကြုံတွေ့နေရသည် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ထပ်မံ လိုအပ်မည့် ဆေးနှင့်ဆေးပစ္စည်းများကို ဖြည့်ဆည်းပေးသွားမည် ဖြစ်ပါကြောင်း၊

• ရေးကြီးရေလျှံမှုဘေးအန္တရာယ် ခံစားရသည့် ပြည်သူများအတွက် စိတ်ကျန်းမာရေး စောင့်ရှောက် ပံ့ပိုးမှုများ ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် စိတ်ကျန်းမာရေးစောင့်ရှောက်ပံ့ပိုးမှုအဖွဲ့ များအား ရေဘေးသင့်ဒေသများသို့ အမြန်ဆုံးစေလွှတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• ယခုကဲ့သို့ သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များအတွက် ကျန်းမာရေးကဏ္ဍတုံ့ပြန်ဆောင်ရွက်ရန် အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အရေးပေါ်ရန်ပုံငွေ၊ ဆေးနှင့်ဆေးပစ္စည်းများကိုလည်း အမြန်ဆုံးတောင်းခံရမည်ဖြစ်ပါကြောင်း၊


 

• ကယ်ဆယ်ရေးစခန်းများတွင် အစားအစာနှင့် ရေမှတစ်ဆင့်ကူးစက်တတ်သောရောဂါများနှင့် ဝမ်းပျက်ဝမ်းလျောရောဂါ၊ အသက်ရှုလမ်းကြောင်းမှတဆင့် ကူးစက်တတ်သောရောဂါများ စသည့်ကူးစက်ရောဂါများမဖြစ်ပွားစေရေးအတွက် ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းများ နှင့် ကျန်းမာရေးအသိပညာမြှင့်တင်မှု လုပ်ငန်းများကိုလည်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• ရေဘေးအန္တရာယ်ကျရောက်ရာ နေရာဒေသများတွင် ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုနှင့် စီမံခန့်ခွဲမှုလုပ်ငန်းများဆောင်ရွက်နေမှုများကိုလည်း ဆက်လက် အားဖြည့် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• လုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများ၏ ဘေးအန္တရာယ်ကင်းရှင်းမှုကိုလည်း အလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ရေဝင်ရောက်ခဲ့သည် ကျန်းမာရေးဌာန၊ ဆေးရုံ၊ ကျေးလက်ကျန်းမာရေးဌာန/ ဌာနခွဲများအတွက် ပြင်ဆင်ပြုပြင်မှုနှင့် မွမ်းမံမှုများ ပြုလုပ်နိုင်ရန်အတွက်လိုအပ်သည်များကို ချက်ချင်း ဆောင်ရွက်စေလိုပါကြောင်း၊

• ယခုကဲ့သော ဖြစ်စဉ်များကို အခြေခံ၍ လက်ရှိ ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးကဏ္ဍ ကြိုတင် ပြင်ဆင်မှု၊ တုံပြန်ဆောင်ရွက်မှုနှင့် ပြန်လည်တည်ထောင်မှု လုပ်ငန်းလမ်းညွှန်များ၊ စံလုပ်ထုံး လုပ်နည်းများကိုလည်း ပိုမိုကောင်းမွန်စေရေး လိုအပ်သလို မွမ်းမံပြင်ဆင်သွားရမည် ဖြစ်ပါ ကြောင်း၊

• ဗဟိုအဆင့်တာဝန်ရှိသူများသည် ရေဘေးသင့်ဒေသများသို့ ကွင်းဆင်း သွားရောက်၍ လိုအပ် သည်များကို ပံ့ပိုးလျက်ရှိသည်ကို တွေရသည့်အတွက် ကောင်းမွန်ပါကြောင်း၊

• အခြားတိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်ဖြစ်စဉ်များအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ဆန်းစစ်သုံးသပ်၍ ဆေးနှင့် ဆေးပစ္စည်း၊ စက်ကိရိယာ၊ လူ့စွမ်းအားအရင်းအမြစ် စသည်ဖြင့် လိုအပ်သည်များကို ထပ်မံဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

     ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်က လုပ်ငန်းဆောင်ရွက်ထားရှိမှုများအား တင်ပြရာတွင် လက်ရှိတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရေလွမ်းမိုးမှုအခြေအနေ၊ ကျန်းမာရေးဌာနများ ရေဝင်ရောက်မှုအခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်မှုအခြေအနေ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကျန်းမာရေးအရေးပေါ်အခြေအနေကွပ်ကဲမှုစင်တာကို (၂၄)နာရီ အချိန်ပြည့်ဖွင့်လှစ်ဆောင်ရွက်မှု အခြေအနေ၊ ဗဟိုအဆင့်မှ ကွင်းဆင်းဆောင်ရွက်နေမှုအခြေအနေ၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများသို့ လုပ်ငန်း ပံ့ပိုးမှုနှင့် ညွှန်ကြားချက်များထုတ်ပြန်ထားရှိမှု အခြေအနေ၊ နှီးနွှယ်ဌာနများ၊ မိတ်ဘက်အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်ထားရှိမှု များအား တင်ပြဆွေးနွေးပါသည်။


 

    ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှ က ဆေးရုံများ ရေဝင်ရောက်မှု အခြေအနေ၊ ဆေးနှင့်ဆေးပစ္စည်းများ ထိခိုက်ပျက်စီးမှုအခြေအနေနှင့် လူနာများ အား ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများအားတင်ပြပြီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်ယူဖြန့်ဖြူရေး) ဒေါက်တာဝင်းနိုင် က မြွေဆိပ်ဖြေဆေးများ လုံလောက်မှု ရှိကြောင်းနှင့် ဆေးနှင့်ဆေးပစ္စည်းများ အရန်သင့်ထားရှိမှုများအား ဆွေးနွေးတင်ပြပါသည်။


 

     ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး က ရေဘေးအန္တရာယ် ကျန်းမာရေးတုံ့ပြန်ဆောင်ရွက်မှု လုပ်ငန်းများအတွက် ရန်ပုံငွေလျာ ထားမှုအခြေအနေ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့်ချိတ်ဆက်ဆောင်ရွက်မှုအခြေအနေ၊ အရေးပေါ် ကျန်းမာရေးစီမံခန့်ခွဲမှု စင်တာဖွင့်လှစ် ဆောင်ရွက်ထားရှိမှုများ အားတင်ပြဆွေးနွေးပါသည်။


 

     အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော် က ဆွေးနွေးရာတွင် ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းများအတွက် WHO, ADB သာမက World Bank ရန်ပုံငွေမှလည်းသုံးစွဲနိုင်ရေး စီစဉ်ဆောင်ရွက်ရန် ဆွေးနွေးခဲ့ပါသည်။

     ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်နှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူ များက အသီးသီးဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ထပ်မံလိုအပ်သည်များ အမြန်ဆုံးပံ့ပိုးပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။

     အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ညွှန်ကြားရေးမှူးချုပ် (အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန) ပါမောက္ခဒေါက်တာခင်ဇော်၊ ညွှန်ကြားရေးမှူးချုပ် (ဆေးသုတေသနဦးစီးဌာန) ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာ ရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ စုစုပေါင်း (၅၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

 
 

More Tags