“ရေချိုခရုမှတစ်ဆင့် ကူးစက်တတ်သော သန်ပြားကောင်ရောဂါ” ကာကွယ်ရေးနှင့် ကုသထိန်းချုပ်ရေးလုပ်ငန်း အသိပေးဆွေးနွေးပွဲကျင်းပ

စစ်တွေ၊ (၂၀၁၉) ခုနှစ်၊ ဇန်နဝါရီ (၁၃) ရက်

     ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့်“ရေချိုခရုမှတစ်ဆင့် ကူးစက်တတ်သော သန်ပြားကောင်ရောဂါ”ကာကွယ်​ရေးနှင့် ကုသထိန်းချုပ်ရေးလုပ်ငန်း အသိပေးဆွေးနွေးပွဲကို ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမခန်းမတွင် ဇန်နဝါရီလ (၁၃)ရက်နေ့က ကျင်းပပြုလုပ်ရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျွမ်းကျင်မှုဆိုင်ရာအကြံပေးပညာရှင် ပါမောက္ခဒေါက်တာစိုးလွင်ငြိမ်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ စစ်တွေ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ တိုက်နယ်ဆရာဝန်များ၊ အခြေခံကျန်းမာရေးဝန်ထမ်းများ ၊သူနာပြုသင်တန်းသားသင်တန်းသူများ၊ မြို့မိမြို့ဖများ၊ INGOs များ စုစုပေါင်း (၄၀၀)ဦး တက်ရောက်သည်။


 

     အခမ်းအနားတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ကိုယ်စား ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက နှုတ်ခွန်းဆက်ပြောကြားပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ရခိုင်ပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင်က ရခိုင်ပြည်နယ်တွင် ရေချိုခရုမှတစ်ဆင့်ကူးစက်တတ်သော သန်ပြားကောင်ရောဂါကာကွယ်​ရေးနှင့် ကုသထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေအား ရှင်းလင်းတင်ပြခဲ့ပါသည်။


 

     ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျောင်းကျန်းမာရေးဌာနခွဲမှ ညွန်ကြားရေးမှူး ဒေါက်တာစန္ဒာ၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာဖြူဖြူအေး၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ စီမံချက်မန်နေဂျာ ဒေါက်တာတိုးသီရိအောင်တို့က ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများက ဝိုင်းဝန်း အကြံပြုဆွေးနွေးခဲ့ကြပါသည်။

 

 
 
 

More Tags