ရေကူးအားကစားဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံညှိနှိုင်းပွဲအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး အဖွင့်အမှာစကားပြောကြား

ရန်ကုန်၊ (၂၀၁၈) ခုနှစ်၊ မတ်လ (၁၂) ရက်နေ့

     ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ရေကူးအားကစားဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံညှိနှိုင်းပွဲအခမ်းအနားကို ယနေ့နံနက် (၁၁) နာရီအချိန်က တာမွေမြို့နယ်၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျိုက္ကဆံကွင်းရှိ အားကစားနှင့် ကာယပညာဦးစီးဌာနရုံး၌ ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး အဖွင့်အမှာစကားပြောကြားခဲ့သည်။

     ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိပြီး အောင်မြင်မှုရရှိရေးသာမက တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို ရည်ရွယ်ပြီး အားကစားဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိရာတွင် ရေကူးအားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း လိုအပ်သည်များ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်သူအဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်အသီးသီးကလည်း အဘက်ဘက်မှ ဝိုင်းဝန်းကူညီပါဝင်ဆောင်ရွက်သွားစေရန်နှင့် မိမိတို့ဝန်ကြီးဌာနနှင့် ဦးစီးဌာနကလည်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ရေးကို အမြန်ဆုံး အကောင်ထည်ဖော်ဆောင်ရွက်သွားစေရန် ပြောကြားခဲ့သည်။


 

     ဆက်လက်၍ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ ရွေးချယ်တင်မြှောက်ရေး အဖွဲ့ခေါင်းဆောင် ဦးအောင်ဒင်က အားကစားအဖွဲ့ချုပ်များ ရွေးချယ်တင်မြှောက်ပုံကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ရေကူးဆပ်ကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်ရေကူးအသင်းဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းက မိမိတာဝန်ယူခဲ့စဉ်ကာလအတွင်း ရေကူးအားကစားနည်း အတွေ့အကြုံများကိုလည်းကောင်း၊ ရန်ကုန် ဆေးတက္ကသိုလ်(၂) ဒုတိယပါမောက္ခချုပ် ပါမောက္ခဒေါက်တာဌေးလှမှ (၁၉) ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲနှင့်ပတ်သက်၍ ပြင်ဆင်ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း ဆွေးနွေးတင်ပြခဲ့သည်။

     ယင်းနောက် တက်ရောက်လာကြသူများက ရေကူးအားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် အထွေထွေဆွေးနွေးအကြံပြုတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာ့ရေကူးအားကစားလောက နိုင်ငံတကာအလယ် ပြန်လည်ထွန်းတောက်လာစေရေး အချင်းချင်းညီညီညွတ်ညွတ်ဖြင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားကြရန် နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။


 

     အဆိုပါညှိနှိုင်းဆွေးနွေးပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ ရွေးချယ်တင်မြှောက်ရေး အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ရေကူးဆပ်ကော်မတီဥက္ကဋ္ဌ၊ အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲ ရေကူးဆပ်ကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်ဆေးတက္ကသိုလ် (၂) ဒုတိယပါမောက္ခချုပ်နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။

More Tags