မဟာမဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများ၏ (၁၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးညီလာခံသို့ တက်ရောက်မည့်သူများအား ပြည်ထောင်စုဝန်ကြီး တွေ့ဆုံလမ်းညွှန်မှာကြား

ရန်ကုန်၊ (၂၀၁၉) ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၊ ရန်ကုန်၌ (၂၀၁၉) ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်နေ့မှ (၁၉) ရက်နေ့အထိ လာအိုနိုင်ငံတွင် ကျင်းပမည့် မဟာမဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများ၏ (၁၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး ညီလာခံ (11th International Conference on Public Health among Greater Mekong Sub-Region Countries) သို တက်ရောက်မည့် ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၊ ဆေးတက္ကသိုလ်များမှ ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာဌာနများ နှင့် အခြေခံကျန်းမာရေးတက္ကသိုလ်တို့မှ ဆရာ၊ ဆရာမများ၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနတို့မှ ပညာရှင်များ၊ စုစုပေါင်း (၃၉) ဦးအား တွေ့ဆုံ၍ လမ်းညွှန်မှာကြားခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• ယခုကဲ့သို့ ဝန်ကြီးဌာနမှ ပညာရှင်များအနေဖြင့် နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး ညီလာခံသို့ တက်ရောက်၍ မိမိတို့၏ သုတေသနစာတမ်းများဖတ်ကြားခြင်းနှင့် သုတေသနပိုစတာများ တင်ပြခြင်း၊ အခြားနိုင်ငံများမှ ပညာရှင်များမှ ဖတ်ကြားသည့်သုတေသနစာတမ်းများနှင့် သုတေသနပိုစတာများကို လေ့လာနိုင်မည်ဖြစ်သည့်အတွက် နိုင်ငံတကာ ပြည်သူ့ကျန်းမာရေးကဏ္ဍ အခြေအနေနှင့် ဖွံ့ဖြိုးတိုးတက်မှုများ၊ အခြားနိုင်ငံများ၏သုတေသန ဆောင်ရွက်မှုနည်းလမ်းနှင့် နည်းစနစ်များကို လေ့လာသိရှိနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာမှ ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် ကွန်ရက် ချိတ်ဆက်မှုကိုလည်း ပိုမိုကောင်းမွန် စေနိုင်မည်ဖြစ်ပါကြောင်း၊

• ထို့အပြင် ညီလာခံပထမနေ့ ဆွေးနွေးပွဲတွင် နိုင်ငံတကာတက္ကသိုလ်များမှ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက သင်ကြားသင်ယူမှု နည်းစနစ်များ၊ တတ်မြောက်မှုစစ်ဆေးခြင်း နည်းစနစ်များနှင့် ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်သဖြင့် မိမိတို့နိုင်ငံအတွက် အကျိုးရှိစေမည်ဖြစ်ပါကြောင်း၊

 

• ဝန်ကြီးဌာနမှ ပညာရှင်များအနေဖြင့် ထိုသို့နိုင်ငံတကာအတွေ့အကြုံများကို အခြေခံ၍ မိမိတို့နိုင်ငံ၏ သုတေသနလုပ်ငန်များနှင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများတွင် ပြန်လည် အသုံးချ၍ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• ယခု ညီလာခံနှင့် သုတေသနစာတမ်းဖတ်ပွဲမှ အတွေ့အကြုံများကို မိမိတို့တာဝန်ကျရာ တက္ကသိုလ်နှင့် ဌာနများတွင် ပြန်လည်ဝေမျှစေလိုပါကြောင်း၊

• ဝန်ကြီးဌာနတွင် (၂၀၁၆-၂၀၁၇) ဘဏ္ဍာနှစ်တွင် သုတေသနဆောင်ရွက်ရန်အတွက် ဘဏ္ဍာငွေ (၁၄) သန်းခန့်သာခွင့်ပြုခဲ့ရာမှ (၂၀၁၇-၂၀၁၈) ခုနှစ် ဘဏ္ဍာနှစ်တွင် ကျပ်ငွေ သန်း (၁၀၀၀)၊ (၂၀၁၈) ခုနှစ် (၆)လ ဘဏ္ဍာနှစ်တွင် ကျပ်ငွေသန်း (၅၀၀)၊ (၂၀၁၈-၂၀၁၉) ခုနှစ် ဘဏ္ဍာနှစ်တွင် ကျပ်ငွေသန်း (၁၅၀၀) ဖြင့် သိသာစွာ ပိုမိုတိုးမြှင့်သတ်မှတ်ချထားပေးခဲ့ကာ (၂၀၁၉-၂၀၂၀) ခုနှစ် ဘဏ္ဍာနှစ်တွင် ကျပ်ငွေသန်း (၃၀၀၀) ခွင့်ပြုလျာထားပေးမည်ဖြစ်ပါကြောင်း၊

 

• ထိုသို့ သုတေသနရန်ပုံငွေများပိုမိုခွင့်ပြုချထားပေးခြင်းကြောင့် သုတေသနလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ကာ ယခုကဲ့သို့ သုတေသနစာတမ်းများ ဖတ်ကြားတင်သွင်းခြင်းကို ပိုမိုလုပ်ဆောင်လာနိုင်ခြင်း ဖြစ်ပါကြောင်း၊

• ဦးစီးဌာနအသီးသီး၊ ဆေးနှင့် ဆေးနှီးနွှယ်တက္ကသိုလ် အသီးသီးတို့မှ သုတေသနကျင့်ဝတ်နှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ဆန်းစစ်သုံးသပ်မှုဘုတ် အဖွဲ့များဖွဲ့စည်း၍လည်း နိုင်ငံတော်နှင့် ဝန်ကြီးဌာန လုပ်ငန်းများတွင် အသုံးချဆောင်ရွက်နိုင်မည့် သုတေသနများပြုလုပ်နိုင်ရေး အလေးပေးဆောင်ရွက်လျက်ရှိပါကြောင်း၊

• ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်) တွင် ပုံမှန်ပြုလုပ်လျက်ရှိသည့် သုတေသနဆိုင်ရာ စွမ်းဆောင်ရည်မြှင့်သင်တန်းများတွင်လည်း စိတ်ပါဝင်စားသည့် ဝန်ထမ်းများ တက်ရောက်နိုင်ပါကြောင်း၊

 

• ဝန်ကြီးဌာနမှ ပညာရှင်များအနေဖြင့် အင်္ဂလိပ်ဘာသာကို ပိုမိုကျွမ်းကျင်မှုရှိစေရေး လေ့လာကြစေလိုပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အမေရိကန်နိုင်ငံ US CDC နှင့် အမေရိကန်နိုင်ငံရှိ office of research integrity အင်တာနက်စာမျက်နှာများကိုလည်း လေ့လာစေလိုပါကြောင်း၊

• သုတေသနဆောင်ရွက်သူများအနေဖြင့် ICH - Good Clinical Practice Guideline၊၊ Responsible conduct of research (RCR) အပါအဝင် သုတေသနဆိုင်ရာ လမ်းညွှန်စာအုပ်များကိုလည်း လေ့လာကြစေလိုပါကြောင်း၊

• ကုသမှုကုထုံးဆိုင်ရာသုတေသန (clinical trial) များကိုလည်း ပိုမိုသင်ကြားခြင်းနှင့် သုတေသနပြုလုပ်ဆောင်ရွက်သွားစေလိုပါကြောင်း၊

• ဝန်ကြီးဌာနရှိ ဦးစီးဌာနအသီးသီး၊ တက္ကသိုလ်အသီးသီးမှ ထုတ်ဝေလျက်ရှိသော သုတေသဆိုင်ရာဂျာနယ်များကို စာရင်းပြုစု၍ ဝန်ကြီးဌာနမှ သုတေသနပညာရှင်များအားလုံး သိရှိစေရေး ဖြန့်ဝေပေးရမည်ဖြစ်ပါကြောင်း၊

 

• ပြည်သူ့ကျန်းမာရေးဂျာနယ်တစ်ခုကို ပြုစုထုတ်ဝေနိုင်ရေးအတွက်လည်း ဝိုင်းဝန်း စဉ်းစားဆောင်ရွက်ကြစေလိုပါကြောင်း၊

• ဝန်ကြီးဌာနရှိ တက္ကသိုလ်များတွင် နေ့လည်စာ စားချိန်ဟောပြောပွဲများကိုလည်း ပုံမှန်ပြုလုပ် ကြစေလိုပါကြောင်း၊

• ဝန်ကြီးဌာနရှိ တက္ကသိုလ်အသီးသီးမှ ဆရာ၊ ဆရာမများအနေဖြင့်လည်း အသုံးချ သုတေသများကို ပုံမှန်ပြုလုပ်ကြစေလိုပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် သုတေသနလုပ်ငန်းများကို ဆက်လက်ပံ့ပိုးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

 

     ထို့နောက် ညီလာခံနှင့် သုတေသနစာတမ်းဖတ်ပွဲသို့ တက်ရောက်မည့်သူများက စာတမ်းဖတ်ပွဲတွင် ဖတ်ကြားမည့် သုတေသနခေါင်းစဉ်၊ ပြသမည့် ပိုစတာနှင့် အကြောင်းအရာများကိုလည်းကောင်း စာတမ်းဖတ်ပွဲမှ ရရှိနိုင်မည့် အတွေ့အကြုံများနှင့် ပြန်လည်အသုံးချ နိုင်မှုတို့ကိုလည်းကောင်း တစ်ဦးချင်း တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။

 

     အဆိုပါ မဟာမဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများ၏ (၁၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးညီလာခံကို Improving Health Equities Among Greater Mekong Sub-Region Countries: A Public Health Challenge ခေါင်းစဉ်ဖြင့် ကျင်းပသွားမည်ဖြစ်ကာ ကမ္ဘောဒီးယား၊ လာအို၊ တရုတ်၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ရှိ ပြည်သူ့ကျန်းမာရေးဆိုင်ရာတက္ကသိုလ်များမှ ဆရာ၊ ဆရာမများ၊ သုတေသနပညာရှင်များ တက်ရောက်ကြမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ကိုပြည်သူ့ကျန်းမာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလှလှဝင်းက ဉီးဆောင်သွားမည်ဖြစ်ပါသည်။

 

More Tags