မဟာမဲခေါင်ဒေသတွင်းရှိ နိုင်ငံများအကြား (၉) ကြိမ်မြောက် နိုင်ငံတကာပြည်သူ့ကျန်းမာရေးညီလာခံ ကျင်းပ

     မဟာမဲခေါင်ဒေသတွင်းရှိ နိုင်ငံများအကြား (၉)ကြိမ်မြောက် နိုင်ငံတကာပြည်သူ့ကျန်းမာရေးညီလာခံ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ(၂၂)ရက်နေ့ နံနက်(၈)နာရီတွင် ရန်ကုန်မြို့၊ နိုဗိုတယ် (ရန်ကုန်) မက်စ်ဟိုတယ်၌ ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်ခဲ့ပါသည်။

     အခမ်းအနားတွင် ညီလာခံဖြစ်မြောက်ရေးကော်မတီဥက္ကဌ ပြည်သူ့ကျန်းမာရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ပါမောက္ခ ဒေါက်တာခေမာမြက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပါသည်။


 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မဟာမဲခေါင်ဒေသတွင်းရှိ နိုင်ငံများအကြား (၉) ကြိမ်မြောက် နိုင်ငံတကာ ပြည်သူ့ကျန်းမာရေးညီလာခံအခမ်းအနားသို့ တက်ရောက်လာကြသူများအား ကြိုဆိုနှုတ်ခွန်းဆက်သပါကြောင်း၊

     ယခုအချိန်တွင် မြန်မာနိုင်ငံအပါအဝင် မဟာမဲခေါင်ဒေသတွင်းရှိ နိုင်ငံများတွင် မကူးစက်တတ်သောရောဂါများ ဥပမာ- သွေးတိုး၊ နှလုံး၊ ဆီးချို၊ ကင်ဆာ စသည့် ရောဂါများ ဖြစ်ပွားမှုသည် တစ်နေ့တခြား မြင့်တက်လျက်ရှိကြောင်း၊

     ထိုသို့ မြင့်တက်လာသည်နှင့်အတူ နောက်ဆက်တွဲအနေဖြင့် လူမှုရေး၊ စီးပွားရေး ထိခိုက်မှုများလည်း ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ယခုကျင်းပသော မဟာမဲခေါင်ဒေသတွင်းရှိ နိုင်ငံများအကြား နိုင်ငံတကာပြည်သူ့ကျန်းမာရေးညီလာခံသည် အဆိုပါ မကူးစက်တတ်သော ရောဂါများကို ပြည်သူ့ကျန်းမာရေးရှုထောင့်မှ မည်သို့မည်ပုံ လျော့ချသွားနိုင်မည်ဆိုသည်ကို အလေးထားဆွေးနွေးကြမည်ဖြစ်၍ ထွက်ပေါ်လာသောရလဒ်များမှာ မိမိတို့ဒေသတွင်း နေထိုင်သူပြည်သူများအတွက် လွန်စွာအကျိုးရှိမည်ဖြစ်ပါကြောင်း၊ မကူးစက်တတ်သော ရောဂါများဖြစ်ပွားမှု လျော့ချနိုင်ရန်အတွက် ကျန်းမာသောဘဝနေထိုင်မှုပုံစံများဖြင့် နေထိုင်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များ စားသုံးခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော ပတ်ဝန်းကျင်တွင်နေထိုင်ခြင်း စသည်တို့သည် အလွန်အရေးပါ သည်ဖြစ်ပါကြောင်း၊

     ထိုသို့ ပြုမူနေထိုင်နိုင်ရန်အတွက် ပြည်သူများ၏ ကျန်းမာရေးအသိပညာ ယခုထက် ပိုမိုမြင့်မားလာရန်လိုအပ်ပါကြောင်း၊ မဟာမဲခေါင်ဒေသတွင်းရှိနိုင်ငံများ၏လူမှုရေး၊စီးပွားရေး၊ ဓလေ့ထုံးစံများသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ နီးစပ်ဆက်နွယ်မှုရှိသဖြင့် နိုင်ငံတစ်နိုင်ငံမှ မကူးစက်တတ်သောရောဂါများနှင့်ပတ်သက်၍ သုတေသနဆိုင်ရာတွေ့ရှိချက်များကို အခြားနိုင်ငံများမှလေ့လာ၍ ပြန်လည်အသုံးချနိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရန်အတွက် ပြည်သူ့ကျန်းမာရေးပညာရှင်များအကြား ဆက်သွယ်မှုကွန်ယက်များ ယခု ထက်ပိုမိုအားကောင်းအောင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။


 

     ထို့နောက် ပါမောက္ခ ဒေါက်တာခေမာမြမှ ပြည်ထောင်စုဝန်ကြီးထံသို့ ညီလာခံအမှတ်တရ ပစ္စည်းအားပေးအပ်ပါသည်။ ဆက်လက်၍ မြန်မာ့ရိုးရာယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်ဧည့်သည်တော်များသည် ခင်းကျင်ပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။


 

     အခမ်းအနားသို့ ထိုင်းနိုင်ငံကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဟောင်း၊ ဥရောပသမဂ္ဂမှ ကိုယ်စားလှယ်များအပါအဝင် မဟာမဲခေါင်ဒေသတွင်းနိုင်ငံများမှ ကိုယ်စားလှယ်များ၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခများ၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ စုစုပေါင်း (၃၅၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

     ပြည်ထောင်စုဝန်ကြီးသည် နံနက်(၁၀:၃၀)နာရီတွင် ရန်ကုန်မြို့၊ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာနတွင် ကျင်းပသော ကမ္ဘာ့ကျန်းမာရေးအဖွဲ့အထောက်အပံ့ဖြင့် ဆောင်ရွက်နေသော စီမံချက်လုပ်ငန်းများနှင့်စပ်လျဉ်း၍ စီမံချက်မန်နေဂျာများနှင့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရန်ပုံငွေများကို ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အကျိုးရှိထိရောက်စွာနှင့် အလေအလွင့်မရှိ အသုံးပြုနိုင်ရန်လိုအပ်ကြောင်း၊ (၂၀၁၆-၂၀၁၇) ခုနှစ်အတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရရှိလာသည့် ရန်ပုံငွေများအား အသုံးပြုမှုအခြေအနေနှင့် လုပ်ငန်းလက်ကျန်ရှိမှုအခြေအနေများ၊ တွေ့ကြုံရသော အခက်အခဲများအား တင်ပြကြရန် ပြောကြားသည်။


 

     ၄င်းနောက် စီမံချက်တစ်ခုခြင်းအလိုက် တက်ရောက်လာသော စီမံချက်မန်နေဂျာများက ၄င်းတို့၏လုပ်ငန်းအခြေအနေများကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီးက စီမံချက်တစ်ခုခြင်းအလိုက် အသေးစိတ်ပြန်လည်ဆွေးနွေး လမ်းညွှန်ပေးခဲ့ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သက်ဆိုင်ရာတာဝန်ရှိသူများကလည်း ၄င်းတို့အနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးနိုင်သည်များကို အသေးစိတ်ပြန်လည်ဆွေးနွေးခဲ့ပါသည်။


 

     အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များအပါအဝင် စီမံချက်မန်နေဂျာများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဌာနေကိုယ်စားလှယ်နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ မြန်မာနိုင်ငံဆိုင်ရာရုံးမှ တာဝန်ရှိသူများ စုစုပေါင်း (၁၁၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

More Tags