မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအားကျန်းမာရေး စောင့်ရှောက်မှု ယခုထက်ပိုမိုမြင့်မားစေရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု စံနမူနာပြ တိုင်းဒေသကြီးတစ်ခုဖြစ်လာစေရေးအတွက် ဝန်ထမ်းများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေး

မကွေးမြို့၊ (၂၀၁၉) ခုနှစ်၊ ဇန်နဝါရီလ (၂၁)ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ မကွေးတိုင်းပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှု ယခုထက်ပိုမို မြင့်မားစေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုစံနမူနာပြတိုင်းဒေသကြီး တစ်ခုဖြစ်လာစေရေးအတွက် ဝန်ထမ်းများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

 

     အဆိုပါတွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးတို့တက်ရောက်ခဲ့ပြီး နံနက်ပိုင်းတွင် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများ၊ တိုက်နယ်ဆရာဝန်များ၊ အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ကာ နေ့လယ်ပိုင်းတွင် တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မကွေတိုင်းဒေသကြီးဆေးရုံကြီး၊ မကွေးသင်ကြားရေးဆေးရုံကြီး၊ ပခုက္ကူ သင်ကြားရေးဆေးရုံနှင့် မင်းဘူးဆေးရုံတို့မှ ဆေးရုံအုပ်ကြီးများနှင့် အထူးကု ဆရာဝန်ကြီးများ၊ သူနာပြုများ၊ ကျွမ်းကျင်ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပါသည်။

 

     တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ-

• မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှု ယခုထက်ပိုမို မြင့်မားလာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုစံနမူနာပြတိုင်းဒေသကြီး တစ်ခုဖြစ်လာစေရေးအတွက် ဝန်ကြီးဌာနမှ အဘက်ဘက်မှ အားဖြည့်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊

• တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးမှု၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၏ ဦးဆောင်မှုတို့ဖြင့် အခြားတိုင်းဒေသကြီး/ပြည်နယ်များမှလည်း အတုယူ ဆောင်ရွက်ရမည့် စံနမူနာ တိုင်းဒေသကြီး တစ်ခုဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊

• ထိုသို့ဆောင်ရွက်ရာတွင် ရှေးရိုးစွဲမှ ဖောက်ထွက်သော အတွေးအမြင်များ၊ အကြံဉာဏ်များဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနမှလည်း ခေတ်မီသတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာကိုအသုံးချ၍ ဌာနတွင်း ရုံးစာများပေးပို့ခြင်း၊ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များနှင့် စစ်တမ်းများ ကောက်ယူ ခြင်း၊ မှတ်တမ်းများပြုစုခြင်း၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကျန်းမာရေးဝန်ထမ်းများအတွက် လမ်းညွှန်များဖြန့်ဝေခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊

• စဉ်ဆက်မပြတ်ဆေးပညာ သင်ကြားမှု အစီအစဉ် (Online CME Program)ကိုလည်း မြန်မာနိုင်ငံဆရာဝန်အသင်းနှင့် ပူးပေါင်း၍ ဆောင်ရွက်တော့မည် ဖြစ်ပါကြောင်း၊

• ဝန်ထမ်းများတာဝန်ထမ်းဆောင်ရာနေရာဒေသတွင် နေထိုင်ရေးအဆင်ပြေစေရေးအတွက် (၂၀၁၈)ခုနှစ်ကို ဝန်ထမ်းအိမ်ရာအဖြစ်သတ်မှတ်ဆောင်ရွက်ကာ တည်ဆောက်ပြီးစီးသည့် ဝန်ထမ်းအိမ်ရာ အခန်း ပေါင်း (၆၁၀ဝ) ကျော်နှင့် ဆောက်လုပ်လက်စ အခန်းပေါင်း (၇၁၀ဝ) ကျော်ရှိပြီး (၂၀၁၉) ခုနှစ်တွင်လည်း ထပ်မံတိုးချဲ့ဆောက်လုပ်သွားမည်ဖြစ်ပါကြောင်း၊

• သူနာပြုနှင့်သားဖွားဆရာမများကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက်ကိုလည်း ဦးစားပေးအဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊

• မကွေးတိုင်းဒေသကြီးအတွင်း ကျန်းမာရေးစောင့်ရှောက်မှုပိုမိုကောင်းမွန်စေရေးနှင့် စံနမူနာပြတိုင်းဒေသကြီးဖြစ်စေရန်အတွက် ယခုလက်ရှိ တိုင်းဒေသကြီး၏ ကျန်းမာရေးစနစ်၊ ဝန်ထမ်းနှင့် ဌာနဖွဲ့စည်းပုံ၊ ဆောင်ရွက်နေသည့် လုပ်ငန်းများအားလုံးကို စနစ်တကျ ဆန်းစစ်သုံးသပ်၍ ပိုမိုကောင်းမွန်စေရေးဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊

• မှန်ကန်ကောင်းမွန်သော ဗဟာဗျူဟာ၊ နည်းဗျူဟာနှင့် စီမံချက်လုပ်ငန်းများချမှတ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် မှန်ကန်တိကျသည့် စာရင်းဇယားနှင့် သတင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီရရှိရန်မှာ အထူးအရေးကြီးပါကြောင်း၊

• တိုင်းဒေသကြီးတွင် သွေးလွန်တုပ်ကွေးရောဂါနှင့် ရေမသန့်ရှင်းမှုကြောင့် ဖြစ်ပေါ်သော ဝမ်းပျက်ဝမ်းလျောရောဂါများ ကာကွယ်တားဆီးနှိမ်နင်းခြင်း လုပ်ငန်းများကို အုပ်ချုပ်ရေးအဖွဲ့များ၊ စည်ပင်သာယာရေး ကော်မတီတို့နှင့် ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပြီး ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို ပြည်သူလူထုများပါ ပါဝင်ဆောင်ရွက်နိုင်ရန်အတွက်လည်း လုပ်ဆောင်သွားရမည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနမှ ဖြန့်ဝေလျက်ရှိသော ကျန်းမာရေးစောင့်ရှောက်မှု အထောက်အကူပြု Mobile Tablet များ ကိုလည်း အကျိုးရှိထိရောက်စွာ အသုံးချကြရမည်ဖြစ်ပါကြောင်း၊

• လုပ်ငန်းဆောင်ရွက် မှုအခြေအနေနှင့် လိုအပ်ချက်များကို စောင့်ကြည့်ဆန်းစစ်နိုင်ရန်အတွက် တိုက်ဆိုင်စစ်ဆေးရမည့်စာရင်း (checklist) များပြုစုကာ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊

• ဆေးရုံများ၊ ကျန်းမာရေးဌာနများ၏ လုပ်ငန်းဆောင်ရွက်မှု၊ ရလဒ်များနှင့် ကျန်းမာရေးအခြေပြ စာစောင် (profile) များကို သက်ဆိုင်ရာအဆင့်အလိုက် တစ်ပြေးညီ ပုံစံပြုစုကာ အသုံးပြုသွားရမည်ဖြစ်ပါ ကြောင်း၊ တိုင်းဒေသကြီးအတွင်းကျန်းမာရေးလုပ်ငန်းများ၊ အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် စပ်လျဉ်း၍ အသုံးချသုတေသနများ ပြုလုပ်စေလိုပြီး သူနာပြုများနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများပါ ပါဝင် ဆောင်ရွက်                                   လုပ်ဆောင်ကြစေလိုကြောင်း၊

• ဒေသအတွင်း ကျန်းမာရေးလုပ်ငန်းဆောင်ရွက်နေသည့် INGO/NGO များနှင့် ပေါင်းစပ်ချိတ်ဆက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆေးရုံနှင့် ကျန်းမာရေးဌာနများ၏ ဥပတိရုပ်ကောင်းမွန်စေရန်နှင့် သန့်ရှင်းသပ်ရပ် စေရန်အတွက် လိုအပ်သည့် ပြင်ဆင်မွမ်းမံမှုများပြုလုပ်ရန်ဘဏ္ဍာငွေများကို တင်ပြ တောင်းခံကြရန်ဖြစ်ပါကြောင်း၊

• ဆေးရုံများတွင် ကုသမှုခံယူရသော လူနာများ၏ ရောဂါဖြစ်ပွားမှု အမျိုးအစားအလိုက် စနစ်တကျဆန်းစစ်သုံးသပ်မှုများပြုလုပ်၍ အဖြစ်များသည့် ရောဂါများကိုကာကွယ် တားဆီးနှိမ်နင်းရေး ဦးစားပေးလုပ်ငန်းစဉ်များချမှတ် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေသော အဆင့်ဆင့်သော ဝန်ထမ်းများသည် တန်းတူညီမျှ အရေးကြီးပြီး အပြန်အလှန်လေးစားမှု၊ ညှိနှိုင်းပူးပေါင်းမှု၊ အသင်းအဖွဲ့စိတ်ဓာတ်များဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အမှာစကားပြောကြားရာတွင် -

• ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် ဝန်ထမ်းများ အားလုံးကို အသိအမှတ်ပြုပါကြောင်း၊

• ပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှု ယခုထက်ပိုမို မြင့်မားစေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုစံနမူနာပြတိုင်းဒေသကြီး တစ်ခုဖြစ်လာ စေရေးအတွက် အစိုးရအဖွဲ့အနေဖြင့်လည်း တတ်နိုင်သမျှ ပံ့ပိုးပေးကာ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသောင်းလှိုင်က ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေများ၊ အဖြစ်များသော ရောဂါအမျိုးအစားအလိုက် ဆေးရုံ တက်ရောက်မှုအခြေအနေများ၊ ဝန်ထမ်းအင်အား၊ အုပ်ချုပ်ရေး၊ ဆောက်လုပ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ထပ်မံဖြည့်ဆည်းပေးရန်လိုအပ်ချက်များကိုတင်ပြခဲ့ပါသည်။

 

     တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် ခရိုင်နှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများ၊ ကျွမ်းကျင်ဝန်ထမ်းများနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများက ထပ်မံဖြည့်ဆည်း ဆောင်ရွက်ပေးရန် လိုအပ်ချက်များနှင့် အကြံပြုတင်ပြချက်များကို နံနက်ပိုင်းအစီအစဉ်နှင့် နေ့လယ်ပိုင်းအစီအစဉ်များ၌ အသီးသီးတင်ပြခဲ့ကြရာတွင် ပြည်ထောင်စုဝန်ကြီးက ချက်ခြင်းဖြည့်ဆည်းပေးနိုင်သည်များကို ဖြည့်ဆည်းပေးခဲ့ကာ ရေရှည်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို တာဝန်ရှိသူများနှင့် စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။

     အဆိုပါတွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာ ရေးနှင့်ကုသရေးဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှ၊ ညွှန်ကြားရေးမှူး (အခြေခံကျန်းမာ) ဒေါက်တာသံလွင်ထွန်း၊ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန် ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများ၊ ကျွမ်းကျင်ဝန်ထမ်းများ၊ အခြေခံကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း (၁၆၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

 
 
 

More Tags