မကူးစက်နိုင်သောရောဂါများဆိုင်ရာ စီမံချက်မန်နေဂျာများ နှင့် ညှိနှိုင်းအစည်းအဝေး (ပထမအကြိမ်) သို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သည် ယနေ့၊ နံနက်ပိုင်းတွင် မင်္ဂလာသီရိဟိုတယ်၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သော မကူးစက်နိုင်သောရောဂါများဆိုင်ရာ စီမံချက်မန်နေဂျာများနှင့် ညှိနှိုင်းအစည်းအဝေး (ပထမအကြိမ်) (1st Coordination Meeting with NCD Project Managers) သို့ တက်ရောက်ခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• မြန်မာနိုင်ငံတွင် မကူးစက်နိုင်သော ရောဂါဖြစ်ပွားမှု (non-communicable disease - NCD) နှင့် ရောဂါ၏ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ ကြောင့် သေဆုံးမှု များပြားလျက်ရှိခြင်းကြောင့် ယနေ့ပြုလုပ်သော အစည်းအဝေးသည် အရေးကြီးကြောင်း၊

• မကူးစက်နိုင်သောရောဂါများနှင့် စပ်လျဉ်း၍ ယခုအချိန်တွင် အလေးထား မဆောင်ရွက် ပါက လာမည့် (၅) နှစ် - (၁၀) နှစ်တာ ကာလအတွင်း ကာကွယ်ထိန်းချုပ် ကုသရန် ဝန်ထုတ်ဝန်ပိုး အလွန်ကြီးမားသည့် ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ရပ် ဖြစ်လာမည် ဖြစ်ကြောင်း၊

• အစည်းအဝေးတက်ရောက်လာသူများအနေဖြင့် မကူးစက်နိုင်သောရောဂါများ နှင့် ပတ်သက်၍ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲ များ၊ အတွေ့အကြုံများနှင့် ရောဂါကာကွယ်ကုသရေးအတွက် အကြံပြုချက်များကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးကြစေလိုကြောင်း၊

 

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ (၂၀၁၈) ခုနှစ် ခန့်မှန်းချက်များအရ မြန်မာနိုင်ငံ၌ သေဆုံးမှုများ၏(၆၀) ရာခိုင်နှုန်းခန့်သည်လည်းကောင်း၊ ဝန်ကြီးဌာန၏ ကျန်းမာရေးသတင်း အချက်အလက်များ (၂၀၁၄ မှ ၂၀၁၆ ခုနှစ်) အရ ဆေးရုံတက်လူနာများ သေဆုံးမှုများ၏ (၅၀) ရာခိုင်နှုန်းခန့်သည် လည်းကောင်း မကူးစက်နိုင်သောရောဂါ နှင့် ရောဂါ၏ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများကြောင့် သေဆုံးရခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်း၊

• မကူးစက်နိုင်သောရောဂါများကဲ့သို့ နာတာရှည်ရောဂါများဖြစ်ပွားပါက ကိုယ်ခန္ဓာနှင့် ဉာဏ်စွမ်းအားများ ကျဆင်းခြင်းကြောင့် အလုပ်လုပ်နိုင်စွမ်း ကျဆင်းသွားခြင်း၊ မသန် မစွမ်းဖြစ်ခြင်းနှင့် လူမှုဘဝအရည်အသွေး (quality of life) ကျဆင်းခြင်းနှင့် အရွယ် မတိုင်မီသေဆုံးခြင်း (premature death) စသည်တို့ကြောင့် မိသားစုအတွက်သာမက နိုင်ငံအတွက်ပါ လွန်စွာထိခိုက် နစ်နာရကြောင်း၊

 

• ဝန်ကြီးဌာနအနေဖြင့် မကူးစက်နိုင်သောရောဂါများကာကွယ်ကုသရေး လုပ်ငန်း များကို အထူးဦးစားပေးလုပ်ငန်း တစ်ရပ်အဖြစ် သတ်မှတ်လုပ်ဆောင်လျက်ရှိပြီး မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးဌာနခွဲကို လူအင်အားဖြည့်ဆည်း ပေးခြင်း နှင့် ရောဂါ ဖြစ်ပွားမှုကို စောစီးစွာသိရှိ ရန်နှင့် ကုသမှုခံယူနိုင်ရန်အတွက် ကျေးလက်ကျန်းမာရေးဌာနများတွင် “မကူးစက်နိုင်သော ရောဂါများ ကာကွယ်ကုသရေး ဆေးခန်းများ (NCD clinics)” ဖွင့်လှစ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊

• ထို့အပြင် ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှု၊ အရက်အလွန်အကျွံ့သောက်သုံးမှု၊ အဆီ၊ အငန်နှင့် အချို လွန်ကဲစွာ စားသုံးမှု၊ ဘေးအန္တရာယ်ရှိသော ဆိုးဆေးနှင့် ဓာတုဗေဒပစ္စည်းများ ပါဝင်သော စားသောက်ကုန်များ စားသုံးမှု၊ ကိုယ်လက်လှုပ်ရှား နည်းပါးသော ဘဝ နေထိုင်မှုပုံစံ စသည့် မကူးစက်နိုင်သော ရောဂါများကို ဖြစ်စေနိုင်သည့် အဓိက အကြောင်း ချင်းရာများ (major risk factors) ကို ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ် လျော့ချနိုင်ရေးအတွက် သီးသန့်စီမံချက် တစ်ခုဖွဲ့စည်းတည်ထောင်၍ တာဝန်ပေးဆောင် ရွက်တော့မည် ဖြစ်ကြောင်း၊

• မကူးစက်နိုင်သော ရောဂါများနှင့် ပတ်သက်၍ (၂၀၂၅) ခုနှစ်တွင် ပြည့်မီအောင်ဆောင် ရွက်ရမည့် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက် (WHO, NCD Global Monitoring Framework - targets) (၉) ရပ်အား ပြည့်မီအောင်ဆောင်ရွက်ရာတွင် လည်းကောင်း၊ မြန်မာနိုင်ငံ မကူးစက်နိုင်သောရောဂါများ ကာကွယ်ထိန်းချုပ်ရေး အမျိုးသားအဆင့် လုပ်ငန်းစီမံကိန်း (National Strategic Action Plan for Prevention and control of NCDs) (၂၀၁၇ - ၂၀၂၁) ပါဝင်သော လုပ်ငန်းအစီအစဉ်များကို ဆောင်ရွက်ရာတွင်လည်းကောင်း နိုင်ငံ၏လက်ရှိအခြေအနေ၊ ခွင့်ပြုရရှိသော ဘဏ္ဍာငွေ၊ လူ့အင်အားတို့နှင့် ချိန်ညှိ၍ လက်တွေ့ အကောင်အထည်ဖော်လုပ်ဆောင်နိုင်မည့် လုပ်ငန်းစဉ်များကို ဖော်ထုတ်၍ လမ်းပြမြေပုံ နှင့် မူဘောင်ချမှတ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊

 

• ထို့အပြင် မကူးစက်နိုင်သောရောဂါများ နှင့် သက်ဆိုင်သည့် ကမ္ဘာ့ကျန်းမာရေး ညီလာခံ များမှ သဘောတူညီဆုံးဖြတ်ချက်များ၊ အရှေ့တောင်အာရှ ကျန်းမာရေးဝန်ကြီးများ အစည်းအဝေးများမှ ကြေငြာချက်များ စသည်တို့တွင် ပါဝင်သည့် အကြောင်းအရာ အချက်အလက်များမှ လုပ်ငန်းများကို လေ့လာ၍ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊

• ဤလုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတစ်ခုတည်းမှ ဆောင်ရွက်၍မရဘဲ နှီးနွယ် သက်ဆိုင်သော ဝန်ကြီးဌာနနှင့် ဦးစီးဌာနများ၊ ဆက်စပ် နေသော အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့ အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများ အားလုံးဝိုင်းဝန်း၍ စုစည်းဆောင်ရွက်မှ သာ အောင်မြင်မှုရရှိမည်ဖြစ်ကြောင်း၊

• ထို့အပြင် တူညီဆက်စပ်နေသော မကူးစက်နိုင်သောရောဂါများ လုပ်ငန်းနယ်ပယ်များ၌ ဆောင်ရွက်နေသော INGO နှင့် local NGO အဖွဲ့အစည်းများ အားလုံးပါဝင် ဆွေးနွေးညှိနှိုင်းနိုင်မည့် အစီအစဉ်များ (platforms) ကိုဖော်ဆောင်၍ ပူးပေါင်းဆောင် ရွက် သွားတော့မည်ဖြစ်ကြောင်း၊

 

• မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားမှုနှင့် သေဆုံးမှုစာရင်းဇယားများကို ပိုမိုတိကျ မှန်ကန်မှုရှိစေရန်နှင့် လက်တွေ့အသုံးချနိုင်ရန်အတွက် ဘက်စုံပြန် လည် သုံးသပ်၍ ဆောင်ရွက်မှသာ မှန်ကန်သော မဟာဗျူဟာ နှင့် နည်းဗျူဟာများ ချမှတ်ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊

• ရောဂါဖြစ်ပွားပြီးနောက် ကုသမှုလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ရောဂါမဖြစ်ပွားမီ ကတည်းက ရောဂါကာကွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရန်မှာတန်းတူ အရေးကြီးသဖြင့် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးပညာရှင်များ လက်တွဲပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊

• လုပ်ငန်းဆောင်ရွက်မှု တစ်ပြည်လုံးလွှမ်းခြုံနိုင်ရန်နှင့် ပိုမိုအောင်မြင်မှုရရှိရန်အတွက် အခြေခံကျန်းမာရေးဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးကြောင်း၊

 
 

• ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းသော စားသောက်ကုန်များကို ရွေးချယ် စားသုံးခြင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှုကို ရှောင်ကြဉ်ခြင်းနှင့် “ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး” ဟူသော ဆောင်ပုဒ်နှင့်အညီ ကိုယ်လက်လှုပ်ရှား အားကစား ဆောင်ရွက်ခြင်းစသည့် မကူးစက်နိုင်သောရောဂါများကို ကာကွယ်နိုင်သည့် နေထိုင်စားသောက်မှုပုံစံများကို ပြည်သူများ လိုက်နာဆောင်ရွက်မှု ရှိ/မရှိကို ဆန်းစစ်ခြင်းဖြင့် စီမံချက်လုပ်ငန်းများ အောင်မြင်မှုရှိ/မရှိကို ဆန်းစစ်သိရှိနိုင်ကြောင်း၊

 
 

• လူစည်ကားရာဈေးများ၊ ကားဂိတ်များ စသည်တို့တွင် ပြည်သူများ မကူးစက် နိုင်သောရောဂါများနှင့် ပတ်သက်သည့် ကျန်းမာရေး အသိပညာပိုမို ကြွယ်ဝစေရန် လုပ်ငန်းများကို နည်းလမ်းအမျိုးမျိုးဖြင့် အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊

• မကူးစက်နိုင်သော ရောဂါများနှင့် စပ်လျဉ်း၍ ပြည်သူများကိုယ်တိုင် တက်တက်ကြွကြွ ဦးစီးဆောင်ရွက်သည့် ကာကွယ်တားဆီးပညာပေးရေးလုပ်ငန်းများ (community initiative activities) လုပ်ဆောင်လာစေရန် အထိလုပ်ဆောင်ရန်လိုအပ်ကြောင်း၊

 

• ယနေ့ပြုလုပ်သော အစည်းအဝေးသည် မကူးစက်နိုင်သောရောဂါများ ကာကွယ်ကုသမှု လုပ်ငန်းများ ပိုမိုအရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် အတွက် လှုံ့ဆော်သော အစည်းအဝေး တစ်ရပ်ဖြစ်ပြီး ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များကို ပထမဦးစားပေးအနေဖြင့် ပံ့ပိုး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ် နင်းရေးဌာနခွဲမှ ညွှန်ကြားရေးမှူး နှင့် ဒုတိယညွှန်ကြားရေးမှူး တို့မှ လက်ရှိဆောင်ရွက် လျက်ရှိသော လုပ်ငန်းများကိုလည်းကောင်း၊ ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းချုပ်ရေး စီမံချက်၊ နှလုံးနှင့်သွေးကြောရောဂါစီမံချက်၊ နာတာရှည် အဆုတ်ရောဂါ စီမံချက်၊ ကင်ဆာရောဂါစီမံချက်၊ စိတ်ကျန်းမာရေးစီမံချက်၊ အတက်ရောဂါစီမံချက် တို့မှ စီမံချက် မန်နေဂျာများက စီမံချက်လုပ်ငန်းများမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ တွေ့ကြုံ ရသော အခက်အခဲများနှင့် အကြံပြုချက်များကို အသီးသီး တင်ပြဆွေးနွေးခဲ့ပါသည်။

     အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စု ဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြား ရေးမှူးများ၊ ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ပါသည်။

More Tags